Tuesday, November 03, 2020

သဲပုံစေတီပွဲ ဓလေ့


မောင်သာ(ရှေးဟောင်းသုတေသန)

မြန်မာတို့၏ ၁၂ လ ရာသီပွဲတော်များတွင် တပေါင်းလ သဲပုံစေတီပွဲဟု ဖော်ပြထားသည့်အတိုင်း တပေါင်းလတွင် ဗုဒ္ဓဘုရားရှင်ကို ရည်မှန်းလျက် သဲများဖြင့်  စေတီတည်ကာ ပူဇော်သည့်ထုံးတမ်းသည် အလွန်ထင်ရှားခဲ့သည်။ ယခုအချိန်တွင် သဲပုံစေတီပွဲကျင်းပသည့် မြန်မာ့ယဉ်ကျေးမှုဓလေ့သည် နည်းပါးခဲ့ပြီဖြစ်သည်။

သို့တိုင်အောင် ရှေးအခါက တည်ထားခဲ့သည့် သဲပုံစေတီများကို မန္တလေး မြို့နှင့် ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ၊ နေရာဒေသအချို့၌ ယခုတိုင် ဖူးမြင် နိုင်ကြသည်။ ယင်းတို့အနက် မန္တလေးမြို့၌ သဲပုံစေတီများသည် ရွှေတချောင်း ၏အရှေ့ဘက်ခြမ်းတွင်  ငါးဆူနှင့်  အနောက်ဘက်ခြမ်းတွင် တစ်ဆူတည်ရှိ  သည်။ ထို့အတူ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်၊ စမ်းချောင်း၊ တွံတေး စသည့် မြို့နယ်များ၊မွန်ပြည်နယ်၊ သထုံ၊ မော်လမြိုင် စသည့် မြို့နယ်များနှင့် ကျိုက္ခမီ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အပါအဝင် နေရာ ဒေသများစွာ ၌ သဲပုံစေတီများကို တွေ့ရှိနိုင်ကြပေသည်။


တပေါင်းလ နှင့် မြန်မာနိုင်ငံ

မြန်မာပြက္ခဒိန်နှစ်တွင် တပေါင်းလသည် ၁၂ လမြောက်နှင့် နောက်ဆုံး လဖြစ်ကာ ဆောင်းရာသီမှ နွေရာသီသို့ကူးပြောင်းသည့်လ ဖြစ်သည်။ဆောင်း ရာသီမကုန်သေးသဖြင့် ညပိုင်းတွင် အေးချမ်း၍ နွေရာသီရောက်ပြီဖြစ်သဖြင့် နေ့ပိုင်းတွင် ပူပြင်းလေ့ရှိသောကြောင့် တပေါင်းလကို နေ့ပူ ညချမ်း၊ တပေါင်း လ လသရမ်းဟုဆိုခဲ့ကြသည်။ မြန်မာနိုင်ငံ၌ နွေမိုးဆောင်းသုံးရာသီတွင် တပေါင်းလပြည့်နေ့အထိသည် ဆောင်းရာသီတွင်ပါဝင်၍ တပေါင်းလပြည့် ကျော် တစ်ရက်မှစ၍ နွေရာသီသို့ ရောက်ရှိသည်။ တပေါင်းလတွင် များစွာ သော အပင်များဖူးပွင့်ကြပြီး သရဖီနှင့် ပုန်းညက်ကို တပေါင်းလ၏ ပန်းများ အဖြစ် သတ်မှတ်ခဲ့သည်။

ဦးဖိုးလတ်က တပေါင်းလကို ထန်းလျက်ချက်သည့်လ ဟုဆို၍ လှေသင်း အတွင်းဝန်က တပေါင်းသည် တပသျှားမှလာ၍ ပူပန်ခြင်းကောင်းသောလ (အပူပြင်းထန်သောလ)ဖြစ်သည်ဟုဆိုကြောင်း စာရေးဆရာကြီးမောင်ထင်က ကောက်နုတ်ပြခဲ့သည်။၁၂ လရာသီခွင်၌ တပေါင်းလသည် မိန်ရာသီတွင် ကျရောက်၍ ငါးနှစ်ကောင်အရုပ်က တပေါင်းလကို ကိုယ်စားပြုသည်။

ဘုရားရှင် လက်ထက်တော်က ကာဠုဒါယီအမတ်သည် ဘုရားရှင်အား ဖူးမြင်လိုသည့်  ခမည်းတော် သုဒ္ဓေါဒနမင်းကြီးအား ရာဇဂြိုဟ်မှ ကပိလဝတ်သို့ ကြွမြန်းရန် တပေါင်းလ၏ သာယာပုံများကို လျှောက်ထားခဲ့သည်။ ယင်း အကြောင်းအရာများကို ကဗျာစာဆို ရှင်အုန်းညိုက ဂါထာခြောက်ဆယ် ပျို့ အမည်ဖြင့် စပ်ဆိုခဲ့သည်။

မြန်မာနိုင်ငံရှိ ထင်ရှားသော စေတီပုထိုးအချို့၏ဘုရားပွဲတော်များကို တပေါင်းလတွင်ကျင်းပလေ့ရှိရာ ရွှေတိဂုံဘုရား ပွဲတော်သည်လည်း အပါအဝင် ဖြစ်သည်။ အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပိုက်ထားချိန်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၂၃၃ ခုနှစ်တွင် မင်းတုန်းမင်းသည် ရန်ကုန်မြို့သို့မှူးမတ် များကိုစေလွှတ်ကာ ရွှေတိဂုံစေတီတော်ကို ထီးတော်တင်စေခဲ့ပြီး ထိုနှစ် တပေါင်းလပြည့်(၁၈၇၂ ခုနှစ် မတ်လ ၁ ရက်) တွင် ရွှေတိဂုံဘုရားပွဲတော်ကို ကျင်းပခဲ့သည်။ ရွှေတိဂုံဘုရားပွဲတော်ကို ဂျပန်ခေတ်မှလွဲ၍ ယခုတိုင် နှစ်စဉ် ကျင်းပလျက်ရှိပေသည်။

သဲပုံစေတီအစ  

မြန်မာဝေါဟာရ စေတီသည် ပါဠိဝေါဟာရ စေတိယမှ ဆင်းသက်လာကာ မြန်မာအဘိဓာန်တွင် စေတီကို ရိုသေပူဇော်အပ်သည့် အရာ၊ ဓာတ်တော် မွေ တော်တို့ကို ဌာပနာထားသော အဆောက်အအုံဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။ ထို့အတူ သဲပုံစေတီကို ခွေ အဆင့်ဆင့်ခံ၍ သဲဖြင့် တည်ထားသော စေတီဟု အနက်ဖွင့်သည်။ စေတီတော် လေးမျိုးဖြစ်သည့် ဓာတုစေတီ၊ ဓမ္မစေတီ၊ ပရိ ဘောဂစေတီနှင့် ဥဒ္ဒိသစေတီတို့အနက် သဲပုံစေတီသည် မြတ်စွာဘုရားရှင်ကို ရည်မှတ် ရှိခိုးပူဇော်ရန် တည်ထားကိုးကွယ်သည့် ဥဒ္ဒိသစေတီဖြစ်သည်။       

ကဏှင်္ကရာ ဘုရားရှင်လက်ထက်တွင် သူဆင်းရဲတစ်ဦးသည် စေတီဘုရား တည်သည့် ကုသိုလ်ကောင်းမှုများတွင် မပါဝင် နိုင်သဖြင့် စိတ်မချမ်းမသာ ဖြစ်ခဲ့သည်။ တစ်နေ့၌ သူသည် မြစ်ကမ်းနဖူးတစ်နေရာ၌ နေရောင်ခြည်ကြောင့် ငွေရောင်တောက်နေသည့် သဲပုံမို့မို့ တစ်ခုကို တွေ့ရှိခဲ့ကာ ကြည်ညိုလှသော စိတ်ဖြင့် သဲမှုန်များကို ရွှံ့နှင့်ရောစပ်လျက် စေတီတစ်ဆူကို တည်ကာ ပန်း များဖြင့် တန်ဆာဆင်ခဲ့သည်။ စာပေမှတ်တမ်းများအရ ပထမဆုံး သဲပုံစေတီ တည်ခြင်းဖြစ်သည်။

ပိဋကတ်သုံးပုံ၊ ထေရာအပါဒါန်တွင် ယမကတောင်အနီးရှိ ကျောင်းသင်္ခန်း တွင် သီတင်းသုံးနေသည့် နာရဒရသေ့သည် အမရိကမြစ်သို့ ချဉ်းကပ်၍ သဲပုံ စေတီတည်ကာ သက်တော်ထင်ရှားမြတ်စွာဘုရားကဲ့သို့ ရည်စူးရှိခိုးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အတူ အင်္ဂုတ္ထိုရ် အဋ္ဌကတာ၊ မောဃရာဇတ္ထေရဝတ္ထု၌ ဗာဝရီအမည်ရှိ ပုဏ္ဏားရသေ့၏ သစ်ရွက်မိုးသောကျောင်း၏ တံခါး၌ သဲပုံစေတီကို တည်၍ နီသောအဆင်းရှိသော ပန်းတို့ကို ကြဲခဲ့ကြောင်း ရေးသားထားသည်။

တပေါင်းလ၌ သဲပုံစေတီတည်ကြသည့် အကြောင်းကို ဦးယာ၏ တပေါင်း လဘွဲ့လူးတား၊ လူဦးမင်း၏ ဆယ့်နှစ်ရာသီ  လေးချိုး၊ မဟာအတုလမင်းကြီး၏ ဆယ့်နှစ်ရာသီဘွဲ့လွမ်းချင်း၊ ဦးအောင်ကြီး၏ ဆယ့်နှစ်ရာသီဘွဲ့လူးတားစသည် တို့တွင် ဖတ်ရှုနိုင်ကြပေသည်။

သဲပုံစေတီများကို အများအားဖြင့် တပေါင်းလတွင် တည်ကြကာ အချို့ အရပ်ဒေသများတွင် တန်ဆောင်မုန်းလနှင့် တန်ခူးလတို့တွင် သဲပုံစေတီပွဲ ကျင်းပခြင်းများလည်း ရှိခဲ့သည်။

ရှေးက သဲပုံစေတီ ပွဲ

 သဲပုံစေတီများကိုတည်ရာတွင် ယေဘုယျအားဖြင့် ဉာဏ်တော် အမြင့် သည် အလွန်အရေးမကြီးဘဲ သုံးပေမှ ကိုးပေ အကြား တည်ကြပြီး အဝိုင်းပုံ ခွေ ငါးဆင့်ပါရှိသည်။ အပေါ်သို့ တစ်ဆင့်မှ တစ်ဆင့် သေးငယ်သွားသည့် ခွေ ငါးဆင့်သည် မြင့်မိုရ်တောင်၏ ဘုံငါးဆင့်ကို ရည်ညွှန်းသည်။ သဲပုံစေတီတည်ရန် ခွေများကို ကြိမ်သို့မဟုတ်ဝါးဖြင့် ရက်လုပ်၍ အတွင်းသို့ သန့်ရှင်းသောသဲဖြူ များ ဖြည့်သွင်းကာ  ဘေးပတ်လည်ကို ရွှေလွှာ၊  ငွေလွှာများဖြင့် အလှဆင် သကဲ့သို့ ငှက်ပျောဖက်များဖြင့်လည်း ပတ်ထားလေ့ရှိသည်။ စေတီ၏ထိပ်တွင် တံခွန်ကုက္ကားများ စိုက်ထူပြီးနောက် သဲပုံစေတီကို အနေကဇာတင်ကာ ဆွမ်း၊ ပန်း၊ ဆီမီး၊ သစ်သီးနှင့် လှူဖွယ် ဝတ္ထုများ လှူဒါန်းကြသည်။ ရွာသူရွာသားများက အိုးစည်ဗုံမောင်းများတီးခတ်၊ ကခုန်၍ စေတီတော်ကို သုံးပတ် လှည့်လည် ပူဇော်ကြကာ သဲပုံစေတီပွဲကိုကျင်းပကြသည်။ အချို့သော ဒေသများတွင် သံဃာတော်များကို ပင့်ဖိတ်၍ ရွာသူရွာသားများက သီလ ဆောက်တည်ကာ တရားနာယူလေ့ရှိခဲ့ကြသည်။

ရှေးအခါက သဲပုံစေတီများကို  မြစ်ချောင်းကမ်းများအနီး၌ တည်ထား  လေ့ရှိခဲ့သည်။ နွေဦးရာသီ တပေါင်းလသို့ ရောက်လျှင် မြစ်ချောင်းများတွင် ရေလျော့နည်းလာကာ သဲများပေါ်လာလေ့ရှိသဖြင့် ထိုသဲများဖြင့် စေတီတည် ကာ ကုသိုလ်ယူကြသည့် ဓလေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ အလွန်မြတ်နိုး ဖွယ်ရာ ထုံးတမ်းတစ်ရပ်ဖြစ်ခဲ့သည်။ ယင်းအချိန်သည် လယ်ယာလုပ်သားများ စိုက်ပျိုးရေးလုပ်ငန်းများ ရပ်နားချိန်ဖြစ်သဖြင့် အားလပ်သည့် အချိန်လည်း ဖြစ်ပေသည်။

မြန်မာနိုင်ငံနှင့် သဲပုံစေတီ

မြန်မာနိုင်ငံတွင်   သဲပုံစေတီများကို   မည်သည့်အချိန်တွင်   ပထမဆုံး တည်ခဲ့ကြောင်း အတိအကျ မသိရှိရသေးသော်လည်း အင်း၀ခေတ်စာဆိုရှင် ရှင်မဟာသီလဝံသသည် ဗုဒ္ဓုပ္ပတ္တိပျို့တွင် သဲပုံစေတီပွဲကိုထည့်သွင်းစပ်ဆိုခဲ့သဖြင့် အင်းဝခေတ်တွင် သဲပုံစေတီတည်သည့် ဓလေ့ရှိနေပြီဟု ယူဆနိုင်ပေ သည်။ အလောင်းမင်းတရားလက်ထက်တွင်ပြုစုခဲ့သည့် အင်ရုံစာတမ်း၊ ၁၂ ရာသီပွဲ တော်များတွင် သဲပုံစေတီပွဲတော် မပါရှိခဲ့သော်လည်း လက်ဝဲသုန္ဒရ၏ သာဓိနပျို့တွင် ဂူလုံးသဲပုံ ဟူသည့် စကားလုံးကို ထည့်သွင်း ရေးဖွဲ့ခဲ့သည်။ ထို့ကြောင့် ပျို့ပါ အထောက်အထားအရ ကုန်ုးဘောင်ခေတ်လယ်တွင်လည်း မြန်မာနိုင်ငံ၌ သဲပုံစေတီ တည်ထားသည့် ဓလေ့ရှိခဲ့ကြောင်း မှန်းဆနိုင်ခဲ့ကြ သည်။

သုတေသီအချို့က သဲပုံစေတီတည်ထားခြင်းဓလေ့သည် မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့သည့်ယိုးဒယားများနှင့် အတူပါလာသည့် ဓလေ့ဖြစ်ကြောင်း ယူဆခဲ့သည်။

ကုန်းဘောင်မင်းဆက်၊ မြေဒူးမင်းလက်ထက်၊ ၁၇၆၄ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်တွင် မဟာနော်ရထာအကြီးအမှူးပြုသည့် စစ်သည် ၂၀၀၀၀ သည် ယိုးဒယားသို့စစ်ချီခဲ့သည်။  ၁၇၆၆  ခုနှစ်  နိုဝင်ဘာလတွင်  စစ်သူရဲမဟာ နော်ရထာသည် ယိုးဒယားတွင် ကွယ်လွန်ခဲ့ပြီးနောက် နေမျိုးသီဟပတေ့သည် ၁၇၆၇ ခုနှစ်ဧပြီလ ၉ ရက်တွင် ယိုးဒယား(ထိုင်း)ကို ထီးနန်းမြို့ပြတိုင်းခရိုင်အလုံး သိမ်းရုံး အောင်မြင်ခဲ့ပြီး ယိုးဒယားမင်း၊ မိဖုရား၊သမီး၊နှမ၊မြေးတို့နှင့်တကွ ယိုး ဒယားအိမ်ထောင်စုများကိုနေပြည်တော်သို့ ခေါ်ဆောင်လာခဲ့သည်။ ယင်း တို့တွင် ရဟိုင်း၊ ပိတ်တုံကျော်၊ သောက္ကတဲ၊ သုဝဏ်ခလောက်၊ ပိဿလောက် နှင့် ယွန်း၊ ဇင်းမယ်၊ လောမှ မိသားစုများ ပါဝင်ခဲ့သည်။

ယွန်း၊ ဇင်းမယ်၊ လောမှ မိသားစုဝင်များကို လင်းဇင်းတပ်ဖွဲ့တွင် ဇင်းမယ် အမှုထမ်းများအဖြစ် ခန့်ထားခဲ့သည်။ အမရပူရ မြို့တွင် တည်ရှိသည့် လင်းဇင်း ကုန်းသည် လင်းဇင်းတပ်ဖွဲ့ဝင်များနှင့် လင်းဇင်းမင်းမှုထမ်းများ နေထိုင်ခဲ့သည့် ရပ်ကွက်ဖြစ်ခဲ့သည်။ မြေဒူးမင်းသည် မင်းနေပြည်တော်ဖြစ်လာမည့် အမရပူရ နေရာနှင့် မန္တလေးဝန်းကျင်၌ ယိုးဒယားမှ ခေါ်ဆောင်လာသူများကို နေရာ ချထားခဲ့ရာ မင်းသားစုရပ်ကွက်(၈၂ လမ်းနှင့် ၄၅ လမ်း တစ်ဝိုက်)တွင် ယိုးဒယား မင်းညီမင်းသားများနှင့် တော်ဝင်မိသားစုများ နေထိုင်ခဲ့ကြသည်။ အမတ်များကို မုန့်တီစု အရပ်၊ အခိုင်းအစေများကို ပလင်းဝင်း၊ ဗျောက်အိုးလုပ်သူများကို မတ္တရာနယ်၊ ဆူးခါးရွာတွင် နေရာချထားခဲ့သည်။

၁၇၈၃ ခုနှစ် မေလ ၁၂ ရက်တွင် ဘိုးတော်ဘုရား ဗဒုံမင်းသည် အင်းဝမှ အမရပူရသို့ပြောင်းရွှေ့ နန်းစံခဲ့ပြီးနောက် ဝင်းတော်မှူး ဦးရောက်ကြီးကို ကြီးကြပ်စေလျက် မတ္တရာနှင့် အမရပူရကိုဆက်သွယ်သည့် ရွှေတချောင်းကို တူးဖော်ခဲ့သည်။ ရွှေတချောင်းတူးဖော်ရာတွင် ချောင်းနေရာအနီးတွင် နေထိုင် နေကြသည့် ယိုးဒယားများလည်း ပါဝင်ခဲ့သည်။

 ရွှေတချောင်းသည် ရေစီးသန်သည့် ချောင်းတစ်ခုဖြစ်ကာ မတ္တရာမှ တက်သေးအင်းအထိ   လှေများဖြင့်   သွားလာနိုင်ခဲ့ပြီး  ကုန်စည်ပို့ဆောင်၊ ကူးသန်းရောင်းဝယ်ရေးတွင် အရေးပါသည့် ရေလမ်းကြောင်းလမ်းဖြစ်လာ ခဲ့သည်။ ထို့ကြောင့် ယိုးဒယားတို့သည် ရွှေတချောင်းအနီးသို့ ပြောင်းရွှေ့၍ မင်းသားစု ရပ်ကွက်နှင့် ရဟိုင်းရပ်ကွက်နေရာများတွင် နေထိုင်ခဲ့ကြသည်။ ယင်းရပ်ကွက်များနှင့် ဆက်စပ်လျက် ယိုးဒယားဈေးပေါ်ပေါက်လာခဲ့ကာ  ယိုးဒယားလူမျိုးများကိုးကွယ်သည့် ရာမနတ်စင်များ ကျန်ရှိခဲ့သည်။ သဲပုံစေတီ ကိုးကွယ်သည့်ဓလေ့ကို ယိုးဒယားတို့ နေထိုင်ခဲ့သည့် ရွှေတချောင်းမြောင်း တစ်လျှောက်၌ တွေ့ရှိရပေသည်။

မန္တလေးမြို့နှင့် သဲပုံစေတီများ

အစောပိုင်းတွင် သဲပုံစေတီများကို ရွှေတချောင်းမြောင်း အနောက်ဘက် တွင် တည်ထားခဲ့ကြသော်လည်း သုံးနှစ်တစ်ကြိမ် ရေလွှမ်းမိုးမှုကြောင့် အရှေ့ ဘက်ကို ပြောင်းရွှေ့တည်ထားခဲ့ကြသဖြင့် မြောင်း၏ အရှေ့ဘက်ကမ်းတွင် ငါးဆူနှင့် အနောက်ဘက်ကမ်းတွင် တစ်ဆူ တည်ရှိသည်။

သဲပုံစေတီများကို စတင်တည်ထားခဲ့စဉ်က မြစ်ချောင်းများအနီးတွင် ဖြူစင်သန့်ရှင်းသော သဲများဖြင့်သာတည်ခဲ့ကြပြီး တစ်နှစ်လျှင် တစ်ကြိမ် ပြန်လည် တည်ကြမြဲဖြစ်သည်။သို့သော်နောက်ပိုင်းတွင် အုတ်နှင့် ဘိလပ်မြေကို အသုံးပြု၍ တည်ခဲ့ကြသဖြင့် အချိန်တိုအတွင်းပြိုပျက်ခြင်းမရှိတော့ဘဲ ယနေ့ တိုင်မြင်တွေ့ကြရပေသည်။

မန္တလေးမြို့၊ရွှေတချောင်းမြောင်းတစ်လျောက်ရှိ သဲပုံစေတီခြောက်ဆူ သည် အထူးထင်ရှားခဲ့ရာလေးဆူကို အုတ် အင်္ဂတေများဖြင့် အခိုင်အမာ တည်ဆောက်ခဲ့ပြီး ရွှေတချောင်းအနောက်ဘက်ကမ်း၊ မင်းသားစု ရပ်ကွက်ရှိ သဲပုံစေတီနှင့်ချောင်းအရှေ့ဘက်ကမ်း၊ မဟာအောင်မြေမြို့နယ်၊ မုန့်တီစုရပ် ကွက်၊ ၃၇ လမ်းနှင့် ၃၈ လမ်းအကြား၊ ၈၅ လမ်းပေါ်ရှိ သဲပုံစေတီတို့ကို သဲ ဖြင့် နှစ်စဉ် တည်ထားကာ အစဉ်အလာကို ထိန်းသိမ်းလျက်ရှိသည်။

မန္တလေးသို့ ခေါ်ဆောင်လာသူများတွင် ယိုးဒယားနန်းစွန့်ဘုရင်(ကျောက် ဘွားတောက်)လည်းပါဝင်ခဲ့ကာ ရဟန်းဝတ်ပြီး ရဟိုင်းဈေးအရှေ့ဘက်ရှိ ပေါင်းလဲတိုက်တွင် သီတင်းသုံး နေထိုင်၍ ၁၁၈၅ ခုနှစ်တွင် ပျံလွန်ခဲ့သည်။ ဘုရင့်အနွယ်  မင်းညီမင်းသားဆွေမျိုးများက  ယင်းတို့  နေထိုင်သည့်  ရွှေ တချောင်းဘေးတွင် ယင်းတို့၏ ရိုးရာဓလေ့အတိုင်း သဲပုံစေတီတည်ထား ကိုးကွယ်ခွင့်တောင်းခဲ့ရာ ဘိုးတော်ဘုရားက ခွင့်ပြုခဲ့သည်။ ထို့ကြောင့် ခရစ် နှစ် ၁၇၈၃ ခုနှစ်တွင် ယိုးဒယားဘုရင်ဟောင်း ရဟန်းတော် ဦးဆောင်လျက် မင်းသားစု ရပ်ကွက်တွင် သဲပုံစေတီကို စတင်တည်ထားကိုးကွယ်ခဲ့ကြောင်း ဘုရားဝင်းအတွင်းရှိ ကမ္ပည်းစာတွင် ရေးထိုးထားသည်။   

မင်းသားစုရပ်ကွက်ရှိ သဲပုံစေတီကို နှစ်စဉ် သင်္ကြန်အကျရက်တွင် တည် ကြပြီး တစ်နှစ်ပြည့်လျှင်ဖျက်၍ အသစ်ပြန်တည်ကာ သဲပုံစေတီပွဲကို ကျင်းပ ကြသည်။ ယိုးဒယားများ ရှိစဉ်က သဲပုံစေတီတည်ချိန်တွင် ၎င်းတို့၏ အဆက် အနွယ်များက  သဲတစ်ဆုပ်နှင့်  ရေတစ်မှုတ်ပါဝင်လှူဒါန်းကြရပြီး သင်္ကြန် အတက်နေ့တွင် စေတီတော်ကို ထီးတင်၍ နှစ်ဆန်းတစ်ရက်တွင် ရဟန်းသံဃာ များကို ပင့်ဖိတ်၍ ရေစက်ချ အမျှဝေကြမြဲဖြစ်သည်။

ရွှေတချောင်း၏ အရှေ့ဘက်ရှိ မုန့်တီစု ရပ်ကွက်သည်လည်း ရှေးအခါက ယိုးဒယားရပ်ကွက်ဖြစ်ခဲ့ကာ မင်းသားစု ရပ်ကွက်နှင့်အတူ တစ်ချိန်တည်း ပေါ်ပေါက်ခဲ့သည်။ မုန့်တီစု ရပ်ကွက်တွင် နှစ်စဉ် တည်ထားသည့် သဲပုံစေတီ သည် မင်းသားစု ရပ်ကွက်မှ စေတီနှင့် ပုံစံရော အရွယ်အစားပါတူညီသည်။စေတီ၏အနောက်ဘက်တွင် စိုက်ထူထားသည့် ကမ္ပည်းကျောက်စာတွင် မင်းသားစု စေတီကျောက်စာပါ အကြောင်းအရာများကိုပင်ရေးသားသည်။သို့သော် မုန့်တီစု သဲပုံစေတီသည် မင်းသားစု သဲပုံစေတီထက် တစ်နှစ် နောက် ကျကာ ၁၇၈၄ ခုနှစ်တွင် ယိုးဒယား နန်းစွန့်ရဟန်းတော်ကပင် ဦးဆောင် တည်ထားခဲ့သည်။

မုန့်တီစု သဲပုံစေတီကိုလည်း နှစ်စဉ်ကဆုန်လဆန်း ၁၃ ရက်တွင် နေ့ချင်း ပြီးတည်လေ့ရှိကြသည်။ ကဆုန်လဆန်း ၁၄ ရက်တွင် လှူဖွယ်ပစ္စည်းများဖြင့် စေတီတော်ကို ပူဇော်၍ ကဆုန်လပြည့်နေ့တွင် ဘုရား အမှူးရှိသော သံဃာ တော်များကို  စာရေးတံမဲဖောက်၍   ဆွမ်းကြီးလောင်းပွဲကျင်းပပြုလုပ်ကြ သည်။

ရန်ကုန်တိုင်းဒေသကြီးတွင်လည်း သဲပုံစေတီများကို ယနေ့တိုင် မြင်တွေ့ နိုင်ကြရာ လမ်းမတော်မြို့နယ် ကျုံးကြီးလမ်းနှင့် ကိုင်းတန်းလမ်းထောင့်ရှိ ဗုဒ္ဓဝါဠုက စေတီကို မြန်မာသက္ကရာဇ် ၁၂၅၃ ခုနှစ်တွင် တည်ခဲ့သည်။ ထို့အတူ စမ်းချောင်းမြို့နယ် စမ်းချောင်းတောင်ရပ်ကွက်ရှိ ရွာဦးသဲပုံစေတီကို မြန်မာ သက္ကရာဇ် ၁၂၂၀ ပြည့်နှစ်တွင်တည်ခဲ့ကာ ၁၂၈၆ ခုနှစ်တွင် အုတ်စေတီ အဖြစ် ပြောင်းလဲတည်ထားခဲ့သည်။မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်တွင် မာန်လည် ဆရာတော်သည် ရန်ကုန်မြို့သို့ ကြွရောက်ခဲ့စဉ် ယခု လမ်းမတော် မြို့နယ်  မော်တင်အနီး၌ တရားပွဲကျင်းပခဲ့ရာ တရားပွဲ အနီး၌ ရှိနေသည့် သဲပုံ စေတီကို လမ်းမတော်မြို့နယ် ၁၀ လမ်း၌ ယခုတိုင် ဖူးတွေ့နိုင်ကြပေသည်။

သဲပုံစေတီများကို ကပ်ကြီးသုံးပါးမှ ကျော်လွန်နိုင်ရန် ရည်ရွယ်လျက် တည်ထားကိုးကွယ်မှုများရှိခဲ့ရာ ဒုတိယကမ္ဘာစစ်အတွင်းက  မြန်မာနိုင်ငံနေရာ ဒေသများစွာတွင် ဘေးအန္တရာယ်အပေါင်းမှ လွတ်ကင်းစေရန် သဲပုံစေတီများကို တည်ထားခဲ့ကြသည်။ 

ဗုဒ္ဓဘာသာဝင်များ၏ သက်ဝင်ယုံကြည်မှုအရ သက်ရှိ ထင်ရှား မြတ် ဘုရားကို ရည်မှန်းကာ တည်ထားကိုးကွယ်ခဲ့ကြသည့် သဲပုံစေတီများသည် မြန်မာတို့၏ ဒြပ်ရှိ  ယဉ်ကျေးမှုတစ်ရပ်ဖြစ်၍  သဲပုံစေတီပွဲများသည် ဒြပ်မဲ့ ယဉ်ကျေးမှုအဖြစ် ခိုင်မာစွာ တည်ရှိခဲ့ပေသည်။      ။

ကိုးကား

၁။ ဝင်းတွေနဲ့တည်ခဲ့တဲ့မင်းနေပြည်(နတ်မောက်ထွန်းရှိန်)

၂။ သဲပုံစေတီပွဲ (ဦးမောင်မောင်တင်)

၃။ မြန်မာပြည်ရောက် ယိုးဒယားအနွယ်လာများ (ဆရာဝန်တင်မောင်ကြည်)