Friday, October 30, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေပြည်တော်၌ ကြိုတင်ဆန္ဒမဲပေး


နေပြည်တော်   အောက်တိုဘာ   ၂၉

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့နံနက်ပိုင်းတွင် နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်   မဲဆန္ဒနယ်မှ    ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ် နေရာများအတွက် မဲဆန္ဒနယ် ပြင်ပရောက် ကြိုတင်ဆန္ဒမဲပေးသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့နံနက် ၉ နာရီခွဲတွင် ဇမ္ဗူသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ လာရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ လျှို့ဝှက်ဆန္ဒမဲပေးပြီး ယာယီကြိုတင်ဆန္ဒမဲပုံးထဲသို့ ဆန္ဒမဲ လက်မှတ်များကို ထည့်သွင်းသည်။




ဆန္ဒမဲပေးပြီးကြောင်း လက်မှတ်ရေးထိုး

ယင်းနောက်   နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မဲဆန္ဒနယ်ပြင်ပသို့ ပုံစံ-၁၅ ထုတ်ပေးမှုနှင့် ဆန္ဒမဲပေးပြီး ကြောင်း မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။ 

နေပြည်တော်ကောင်စီနယ်မြေ   ဇမ္ဗူသီရိမြို့နယ်၌ မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲပေးရန် ပုံစံ-၁၅ ဖြင့် လျှောက်ထားသူ ၄၈၂ ဦးရှိပြီး ၁၁၇ ဦးမှာ ကြိုတင်ဆန္ဒမဲ ပေးပြီးဖြစ်ကာ ယနေ့တွင် ၂၂ ဦး ကြိုတင်ဆန္ဒမဲပေးကြမည် ဖြစ်ကြောင်း သိရသည်။                               

သတင်းစဉ်