ဒီကနေ့မနက် ကျွန်မ ကြိုတင်မဲသွားပေးခဲ့ပါတယ်။ အခြားသူတွေဘယ်လိုနေမလဲတော့ မသိပါ။ ကျွန်မကတော့ မဲပေးရတာ စိတ်လှုပ်ရှားပါတယ်။ ကျွန်မ ရွေးကောက်ပွဲ (၃) ပွဲမှာ မဲပေးခဲ့ဖူးပါပြီ။ တစ်ကြိမ်သာ မဲရုံသွားပြီး အခြားပြည်သူတွေနဲ့အတူ မဲပေးခဲ့ရပါတယ်။ အဲဒါကလည်း အသက် (၇၀) ပြည့်ပြီးမှပါ။ ၂၀၁၅ ခုနှစ်ကပါ။
ပထမအကြိမ် မဲပေးခဲ့ရတာဟာ (၁၉၉၀)ခုနှစ်မှာပါ။ အကျယ်ချုပ်ကျနေစဉ် ကြိုတင်မဲ အိမ်မှာပဲ ပေးခဲ့ရပါတယ်။ မဲထည့်စရာ NLD က ကိုယ်စားလှယ် ကျွန်မတို့မြို့နယ်အတွက် မရှိတော့၊ မဲတွေမကွဲသွားအောင် ပါတီကသတ်မှတ်တဲ့ အခြားပါတီကိုယ်စားလှယ်ကိုသာ မဲပေးခဲ့ရပါတယ်။ တာဝန်ကျေပြီဆိုတဲ့စိတ်နဲ့ ကျေနပ်ရပါတယ်။
ဒုတိယအကြိမ်ကတော့ (၂၀၁၅)ခုနှစ်ရွေးကောက်ပွဲမှာ မဲပေးခြင်းပါ။ မဲရုံကို ကိုယ်တိုင်သွားမဲပေးခဲ့ရတဲ့အခါလေ။ စိတ်လှုပ်ရှားခဲ့တယ်။ မှားပြီးလုပ်မိလို့ ပယ်မဲဖြစ်သွားမှာလည်း စိုးရိမ်မိတယ်။
တတိယအကြိမ်ကတော့ ဒီကနေ့ပါ။ ကြိုတင်မဲပေးရပြန်တယ်။ မဲရုံကို နောက်လ (၈)ရက်နေ့၊ အထွေထွေရွေးကောက်ပွဲကြီးကျင်းပတဲ့နေ့မှာ သွားရမယ် မဟုတ်ပါ။ ဒါပေမယ့်လည်း ပေးနိုင်တာကိုကျေနပ်တယ်၊ စိတ်လှုပ်ရှားတယ်။ မဲပေးရတာကို ဘယ်တော့မှ သာမန်အရေးမပါတဲ့အလုပ်ကလေးလို့ ခံစားနိုင်မှာမဟုတ်ပါဘူး။
ကျွန်မတို့ပြည်သူတွေ လွတ်လွတ်လပ်လပ် ကိုယ်ကြိုက်ရာပါတီကို မဲပေးနိုင်ဖို့ ဆယ်စုနှစ်တွေချီပြီး စောင့်ခဲ့ကြရတာလေ။ ဒီအချိန်မှာ ကျွန်မတို့ နိုင်ငံအတွက် အရေးအကြီးဆုံး စိန်ခေါ်မှုကြီးကတော့၊ COVID ရောဂါဖြစ်နေတဲ့ကာလအတွင်းမှာကို ရွေးကောက်ပွဲကြီး တည်တည်ငြိမ်ငြိမ် အောင်အောင်မြင်မြင် ကျင်းပသွားနိုင်ဖို့ပါပဲ။
(၂၀၁၅) တုန်းက ပြည်သူတွေ တည်တည်ငြိမ်ငြိမ်၊ စည်းကမ်းရှိရှိ မဲပေးကြတာကို လေ့လာသူတွေက သတိပြုမိကြတယ်။ ပြည်သူများရဲ့ မျက်နှာတွေပေါ်မှာ လေးနက်တဲ့ခံစားမှုတွေမြင်ရတယ်ဆိုတဲ့ မှတ်ချက်တွေလည်း များခဲ့ပါတယ်။ ကျွန်မတို့နိုင်ငံအတွက် ဂုဏ်ယူစရာပါ။
ယခု ရွေးကောက်ပွဲနီးလာလေလေ၊ တည်ငြိမ်မှု အရေးကြီးလာလေလေပါ။ ဘယ်သူတွေမြှောက်ပေးမြှောက်ပေး၊ ဘယ်သူတွေရန်စရန်စ၊ ကျွန်မတို့ပြည်သူတွေက စိတ်ခိုင်မာစွာ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးဘက်က ရပ်တည်ပေးကြပါလို့ အလေးအနက် မေတ္တာရပ်ခံချင်ပါတယ်။
ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းကလေးသာ ကျန်တော့တဲ့အချိန်အတွင်းမှာ-
စည်းကမ်းရှိမည်-NLD
တည်ငြိမ်ကြမည်-NLD
သည်းခံတတ်သည်-NLD
မဲပေးကြမည်-NLD
အောင်ပွဲခံမည်-NLD
လို့ နှလုံးသွင်းပြီး ကျွန်မတို့စွမ်းဆောင်ရည်တွေကို ပြသကြပါစို့လား။
အောင်ဆန်းစုကြည်
အောက်တိုဘာ ၂၉၊ ၂၀၂၀ ခုနှစ်