ညမထွက်ရအမိန့် ဖြေလျှော့ပြီး နိုင်ငံတကာခရီးသွားလာမှု ဆက်လက်တားမြစ်ရန် ထိုင်းအစိုးရ ဆုံးဖြတ်
ထိုင်းအစိုးရသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်ရန် ဧပြီ ၃ ရက်က ကြေညာထားသည့် ညမထွက်ရ အမိန့်ကို ဇွန် ၁၅ ရက်တွင် အဆုံးသတ်ရန် အတည်ပြုထား ကြောင်း နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါအခြေအနေ စီမံခန့်ခွဲရေး ဗဟိုဌာနက ယနေ့ကြေညာသည်။
ထိုင်းဝန်ကြီးများနှင့် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင် ပညာရှင်အားလုံးသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်ရန် နေ့စဉ် ည ၁၁ နာရီမှ နံနက် ၃ နာရီအထိ ညမထွက်ရအမိန့်ကို ဇွန် ၁၅ ရက်တွင် ဖြေလျှော့ရန် သဘောတူခဲ့ကြောင်း၊ သို့သော် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အရေးပေါ်အခြေအနေကိုမူ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ အခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ တာဝီစင်ဗီဆာနူယိုသင်က ပြောကြားသည်။
အသွားအလာကန့်သတ်မှု များ ဖြေလျှော့ရေးဆိုင်ရာ အစည်းအဝေးတစ်ရပ်ကို ထိုင်းနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ အခြေအနေစီမံခန့်ခွဲရေးဗဟိုဌာန ဦးဆောင်သူ ဝန်ကြီးချုပ် ပရာယုဒ်ချန်အိုချာက သဘာပတိအဖြစ် ဦးဆောင်ခဲ့ကြောင်း သိရသည်။
မေလနှောင်းပိုင်းမှစ၍ ထိုင်းနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအများစုမှာ နိုင်ငံရပ်ခြားမှ ပြန်လာ သည့် နိုင်ငံသားများပင်ဖြစ်ရာ အစိုးရသည် နိုင်ငံအတွင်း အဝင်၊ အထွက်ကို တင်းကျပ်စွာဖြင့် ဆက်လက်ထိန်းချုပ် သွားမည်ဖြစ်ကြောင်း၊ ယခုအခါ အစိုးရသည် အသွားအလာ ကန့်သတ်မှုဖြေလျှော့ရေးအဆင့်လေးသို့ ချဉ်းကပ်လျက် ရှိရာ အရက်ဆိုင်များ၊ အရက်အဖျော်ယမကာဆိုင်များနှင့် အနှိပ်ခန်းများကို ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါနေရာများသည် ကိုဗစ်-၁၉ ရောဂါ အစုလိုက်အပြုံလိုက် ကူးစက်မှုဖြစ်ပွားစေနိုင်သည့် နေရာများဖြစ်သောကြောင့်ဖြစ်ကြောင်း တာဝီစင်ဗီဆာနူ ယိုသင်က ထပ်မံပြောကြားသည်။
ဆုံးဖြတ်ချက် မချမှတ်ရသေး
တစ်ဆက်တည်းမှာပင် ထိုင်းအမျိုးသားလုံခြုံရေးကောင်စီက နိုင်ငံအတွင်း ညမထွက်ရအမိန့် ဖြေလျှော့မှုကို စမ်းသပ်ကာလအနေဖြင့် ဇွန် ၁၅ ရက်အထိ ပြဋ္ဌာန်းသင့်သည် ဟု အစိုးရအားတင်ပြလိုက်သည်။ သို့သော် လုံခြုံရေးကောင်စီ ၏ အဆိုပြုမှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ အခြေအနေစီမံခန့်ခွဲရေးဗဟိုဌာနအနေဖြင့် ဆုံးဖြတ်ချက် မချမှတ်ရသေးကြောင်း သိရသည်။
ဇွန် ၁၂ ရက်က ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူလေးဦး ထပ်မံစမ်းသပ်တွေ့ရှိခဲ့ရာ နိုင်ငံ အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၁၂၅ ဦး ရှိလာပြီး ၎င်းတို့အနက် ၅၈ ဦးသည် အဆိုပါရောဂါကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့် အဆိုပါလူနာလေးဦးသည် အိန္ဒိယ နိုင်ငံမှပြန်လာသည့် ထိုင်းနိုင်ငံသားများဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - ဂျေတီ