Monday, May 04, 2020

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများ မေ ၃ ရက်တွင် ဝင်ရောက်သူမရှိ



ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်း လုပ်သားများကို မေ ၁ ရက်မှ စပြီး လက်ခံလျက်ရှိရာ ယနေ့တွင် ပြန်လည်ဝင်ရောက်လာမှု မရှိကြောင်း သိရသည်။

ပြည်ပမှပြန်လာသူများကို ပြန်လည် လက်ခံသည့်နေရာတွင် ကြီးကြပ် ဆောင်ရွက်လျက်ရှိသည့် ကရင် ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေ မောင်က “ လက်ရှိ အနေအထားကတော့ ကျွန်တော်တို့ဘက်ခြမ်းက ပြန်လာဖို့ အတွက်ကို ထိုင်းအစိုးရနဲ့ ညှိနှိုင်း နေပါတယ်။

ဟိုဘက်မှာကျတော့ ကျွန်တော်တို့ သိရသလောက်ကတော့ ညမထွက်ရအမိန့်ထုတ်ထားတာရှိတယ်။ နောက်တစ်ချက် ကတော့ ကန့်သတ်ထားတာတွေ လုပ်ထားတဲ့အတွက် ဒီအချက်နှစ်ချက်နဲ့ ကိုက်ညီပြီးတော့ ထိုင်းအစိုးရဘက်က အကောင်းဆုံးဖြစ်နိုင်တဲ့အစီအစဉ်ကို မြန်မာသံရုံးနဲ့ချိတ်ဆက်ပြီး လုပ်ဆောင် ပေးနေတာရှိပါတယ်။ ဟိုဘက်မှာတော့ အသေးစိတ်ဆွေးနွေးနေတယ်။ ကျွန်တော်တို့ မျှော်မှန်း ထားရသလောက် ဒီကိုပြန်လာခွင့်ရတဲ့ လက်ရှိစာရင်းပေးထားတဲ့ နိုင်ငံသားတွေကို အသုတ်လိုက် အသုတ်လိုက် အထူးသဖြင့် ဗန်ကောက်ကို အဓိကထားပြီးတော့ ပြန်လာဖို့ကို စနစ်တကျ ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့မှန်းရသလောက် နောက်နှစ်ရက်၊ သုံးရက် ကျရင်တော့ တိကျတဲ့အဖြေထွက်လာပြီး အဲဒီအဖြေအတိုင်းပဲ ကြီးကြပ်ဆောင်ရွက်သွားပါမယ်”ဟု ပြောသည်။

ပြန်လည်ဝင်ရောက်လာသူများမှာ မေ ၁ ရက်တွင် နေပြည်တော်မှ ငါးဦး၊ ကရင်ပြည်နယ်မှ ၁၁ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ တစ်ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၃၄ ဦး၊ မွန်ပြည်နယ်မှ ၁၀ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ နှစ်ဦး စုစုပေါင်း ၆၀၊ မေ ၂ ရက်တွင် ကယားပြည်နယ်မှ သုံးဦး၊ ကရင်ပြည်နယ်မှ ၁၃ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၂၆ ဦး၊ မကွေးတိုင်းဒေသကြီးမှ ငါးဦး၊ မန္တလေးတိုင်းဒေသကြီးမှ တစ်ဦး၊ မွန်ပြည်နယ်မှ နှစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ တစ်ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ သုံးဦး စုစုပေါင်း ၅၄ ဦးတို့ ဖြစ်သည်။

ထို့ကြောင့် မေ ၁ ရက်နှင့် ၂ ရက်တွင် ပြန်လာသူ ၁၁၄ ဦးရှိပြီး ယနေ့တွင် ပြန်လည် ဝင်ရောက်လာသူမရှိကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)