Thursday, May 07, 2015

မိုးမီးလောင်ခြင်း(ပုံပြင်)


လွန်ခဲ့တဲ့နှစ်ပေါင်း(၁၀၀)ကျော်လောက်က ဟိမ၀န္တာတောင်ခြေမှာရှိတဲ့ တောအုပ်ကြီးတစ်ခုထဲမှာ ဆင်၊ ကျား၊ ခြင်္သေ့၊ ကျားသစ်၊ ကြံ့၊သမင်၊ ဒရယ်၊ ရေမြင်း၊ ၀ံပုလွေ၊ မြေခွေး၊ ၀က်ဝံနဲ့ အခြား တိရစ္ဆာန် ငယ် ပေါင်းစုံတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြတယ်။ ကျားဟိန်းသံ၊ ခြင်္သေ့ဟောက်သံ၊ သမင်
တောက် သံ၊ ဒေါင်းတွန်သံနဲ့ ကျေးငှက်သာရကာသံတွေကို အခါမလပ် ကြားနေကြရတယ်။

အဲဒီတောကောင်အုပ်တွေဟာ တောအုပ်တွေရဲ့ မြောက်ဖက်အကျဆုံးမှာရှိတဲ့အတွက် ဥတ္တရာပထ
၊ တောအုပ် လို့ အမည်တွင်နေတယ်။ မြောက်ပိုင်းကျတဲ့တောအုပ်(တိုင်းပြည်)လို့ အဓိပ္ပာယ်ရပါတယ်။ အံ့သြဖွယ်ကောင်းတာတစ်ခုက သူတို့တတွေဟာ တောအုပ်ကြီး အတွင်း လှည့်ပတ်ရှာဖွေ စားသောက်နေ ကြပေမယ့် အချင်းချင်း ကြီးနိုင်ငယ်ညှင်း မရှိကြဘူး။ ဖမ်းဆီးသတ်ဖြတ် စားသောက်ခြင်းလည်း မရှိဘူး။ ကျား၊ ခြင်္သေ့တို့လို အသားစားတိရစ္ဆာန်တွေကလည်း တောအုပ်ကြီးရဲ့ အပြင်ဖက်က အခြား အခြားသော တိရစ္ဆာန်တွေကိုသာ ရှာဖွေဖမ်းဆီး စားသောက်လေ့ရှိတယ်။

 တောအုပ်ကြီးအတွင်း အတူနေထိုင်ကြတဲ့ တိရစ္ဆာန်ငယ်တွေကို ဖမ်းဆီးစားသောက်ခြင်း မပြုရဆိုတဲ့ ဥပဒေ မရှိပေမယ့် ဥပဒေ တစ်ခုလို တင်းတင်းကျပ်ကျပ် လိုက်နာလေ့ ရှိကြတယ်။ ဆွေစဉ်မျိုးဆက်သက် ဆင်းလာပြီးတဲ့နောက်မှာတော့ ဒီအမူအကျင့်က ကျင့်ဝတ်တစ်ခုသာမက ဥပဒေတစ်ခုသာမက တိရစ္ဆာန် အားလုံးရဲ့ လောကပါလတရားလို တိရစ္ဆာန်ပိုင်ခွင့် တစ်ခုလို၊ ပဋိညာဉ်လိုဘယ်တိရစ္ဆာန်မှ ချိုးဖောက်လေ့ မရှိကြဘူး။ ခြွင်းချက် တစ်ခုတော့ ရှိပါတယ်။ တောအုပ်ကြီးအတွင်းမှာရှိတဲ့ ရေကန်ကြီးနဲ့ စမ်းချောင်း ကလေးတွေက ငါးနဲ့ ရေနေသတ္တ၀ါတွေကိုတော့ ဖမ်းဆီးစားသောက်ခွင့်ရှိတယ်။


ရံဖန်ရံခါမှာတော့ ဒေါသအလျောက် တိရစ္ဆာန်အချင်းချင်း သတ်ဖြတ်မှုတွေ ရှိဖူးပါတယ်။ ဒီလိုအမှုအခင်း
တွေ ဖြစ်လာတိုင်းလည်း ဆင်၊ကျား၊ ခြင်္သေ့နဲ့ ကျားသစ်တို့ ပါဝင်တဲ့ လေးဦးဥသျှောင်အဖွဲ့ က ပြင်းပြင်း ထန်ထန်အရေးယူ အပြစ်ပေးလေ့ရှိတယ်။ လေးဦးဥသျှောင်အဖွဲ့က တောအုပ်ကြီးထဲမှာတော့ အသက် အရွယ်အကြီးဆုံး၊ ဗဟုသုတအများဆုံး၊ သမာဓိအကြီးဆုံးသူတွေပါ။

သူတို့လေးဦးစလုံး ရေမြေတောတောင်သဘာဝ ၀န်းကျင်အရိပ်အခြည်ကို ကြည့်ပြီးမိုးရွာမယ်၊ ရေကြီးမယ်
၊ လေပြင်းတိုက်မယ်၊ မိုးကြီးလေကြီး ကျမယ်စသဖြင့် ကြိုတင်အသိပေးလေ့ ရှိကြတယ်။ သူတို့ သတိပေး ချက် တိုင်းကလည်း အမြဲမှန်နေလေတော့ ဘာပြောစရာလိုသေးလဲ။

အစစ အရာရာ လေးဦးဥသျှောင်အဖွဲ့ကဆုံးဖြတ်ပစေပေါ့။ဥသျှောင်အဖွဲ့ရဲ့ အပြင်းထန်ဆုံး အပြစ် ကတော့ တောအုပ်ကြီးရဲ့ အပြင်ဘက်အခြား ဒေသတစ်ခုကို နယ်နှင်လိုက်တာပါပဲ။ တစ်ခါမှာတော့ အဲသလို နယ်နှင်ဒဏ်ပေးခံရတဲ့ ၀ံပုလွေတစ်ကောင် ရှိခဲ့ဖူးပါတယ်။ တောအုပ်ကြီးရဲ့ အပြင်ဘက် အခြားလောကကို ရောက်သွားတာနဲ့ သူကျင်လည်နေထိုင်ခဲ့တဲ့ ဥတ္တရာပထတောအုပ်ကြီးနဲ့ အစစအရာရာ မတူတဲ့အကျင့်စရိုက်တွေကို နဖူးတွေ့ ဒူးတွေ့ တွေ့လာရပြီး ထိတ်လန့်တုန်လှုပ်လာတယ်။

 တောအုပ်ကြီးရဲ့ အပြင်ဘက်မှာတော့ အားကြီးသူက အားနည်းသူကို နေ့စဉ်သတ်ဖြတ် စားသောက်တဲ့ ဓလေ့က ကြီးစိုး မင်းမူနေတာကိုး။ နယ်နှင်ဒဏ် ခံလိုက်ရတဲ့ ၀ံပုလွေခမြာ နေ့နေ့ညည သူ့မြေတွင်းထဲမှာပဲ ပုန်းခိုနေရတယ်။ အပြင်မထွက်ဝံ့ဘူး။ အပြင်ရောက်တာနဲ့ သူ့အသွေးအသားတွေက ကျားတို့၊ ကျားသစ် တို့၊ ခြင်္သေ့တို့ရဲ့ မြိန်ယှက်စေတဲ့ ပွဲတော်တစ်ခု ဖြစ်သွားမှာကို သူအသေအချာ သိနေတယ်လေ။ တစ်ည မှာတော့ ဘာအစာမှ ရှာမရလို့ ပူပူဆာဆာနဲ့ နွမ်းလျတွင်း ပြန်ခဲ့ရတယ်။ ခါတိုင်းလို သတိ၊ ၀ီရိယ လည်းမရှိ၊ ခြေရာခြေစ ဖျောက်ဖို့လည်း ဂရုမထားမိတော့ဘူး။ မိုးမလင်းတလင်း မှောင်ရီရီမှာ စောစော အစာ ရှာထွက်မယ်လို့ မြေတွင်းထဲက ထွက်လိုက်တာနဲ့ အသင့်စောင့်နေတဲ့ ကျားကြီး တစ်ကောင်ရဲ့ အရုဏ်စာ ဖြစ်ခဲ့ရတော့တယ်။

 ဒီဝံပုလွေရဲ့ သတင်းဟာ ဥတ္တရာပထ တောအုပ်ကြီးထဲကို ချက်ချင်း ရောက်ရှိ ပျံ့နှံ့သွားတော့တယ် ။အမြော်အမြင် ကြီးမားတဲ့ ဆင်၊ ခြင်္သေ့၊ ကျားနဲ့ ကျားသစ်တို့က တိရစ္ဆာန်တွေအားလုံး ဆင့်ခေါ်စုရုံးစေပြီး တစ်ကောင်တစ်လှည့် မိန့်ခွန်း ပြောကြတယ်။ အနှစ်ချုပ်ကတော့ အတူတူပါပဲ။ နယ်နှင်ဒဏ် ပေးလိုက်ရတဲ့ ၀ံပုလွေအတွက် စိတ်မကောင်း ဖြစ်ရကြောင်း အစချီပြီး ဥတ္တရာပထတောအုပ်နိုင်ငံသည်သာ တိရစ္ဆာန် အားလုံး အတွက် ငြိမ်းချမ်းရာနယ်မြေဖြစ်ကြောင်း သည်လိုနိုင်ငံမျိုး ကမ္ဘာမှာ မပေါ်ထွန်းသေးကြောင်း သည်နိုင်ငံ သည်တောအုပ်သည်သာလျှင် တိရစ္ဆာန် အားလုံး တန်းတူ အခွင့်အရေး ရှိကြောင်း ကြီးနိုင် ငယ်ညှဉ်းဓလေ့ဆိုးလည်း မရှိကြောင်း၊ သည်ဓလေ့ကို ဆက်လက်ပြီး ဆုပ်ကိုင် ထားစေလိုကြောင်း သည်တောအုပ်နိုင်ငံရဲ့ တိရစ္ဆာန် ကျင့်ဝတ်၊ တိရစ္ဆာန် အခွင့်အရေးတွေကို တိတိပပ လိုက်နာကျင့်သုံးဖို့ လိုကြောင်း သည်တောအုပ်ရဲ့ နယ်နှင်ဒဏ် အပြစ်ပေးခံရခြင်းဟာ တခြားဒေသ၊ တခြားအရပ်မှာ သွားရောက်သေစေဆိုတဲ့ပြစ်ဒဏ်နဲ့ အတူတူပဲ ဖြစ်ကြောင်းစတဲ့ ဥတ္တရာပထရဲ့ ကောင်းခြင်းမင်္ဂလာ ဂုဏ်ပုဒ်တွေကို ရှည်ရှည်လျားလျား ဟောပြောဆုံးမကြတယ်။ သည်လို စုရုံးခေါ်ယူပြီး မိန့်ခွန်း အသီးသီး
 ဟောပြောကြတာ အောင်မြင်တယ်လို့ ပြောရမှာပါ။

ဘာဖြစ်လို့လဲ ဆိုတော့ ၀ံပုလွေကို နယ်နှင်ဒဏ် ပေးပြီးတဲ့နောက် ဆယ်နှစ်နီးပါး ကြာမြင့်တဲ့အထိ ဘယ်သူ ကမှ နယ်နှင်ဒဏ် ပေးလောက်တဲ့အပြစ်မျိုး မကျူး လွန်ကြတော့ပါဘူး။ အသေးအမွှား ပြစ်မှုတွေလောက်
တော့ ရှိတာပေါ့လေ။တာဖို့၊ ၊ လမ်းပြင်၊ ဘုံအဖွဲ့အတွက် တစ်ပတ်စာ အစာရေစာ ရှာဖွေပေးရတဲ့ ပြစ်မှု ကလေးတွေလောက်ပဲ ရှိပါတော့တယ်။ ဒါပေမယ့် ၀ံပုလွေကို ပြည်နှယ်ဒဏ်ပေးပြီး ဆယ်နှစ်တင်းတင်းပြည့် ဖို့ သုံးလလောက်အလိုမှာတော့ တခြားနယ်က ပြောင်းရွှေ့လာတဲ့ မြေခွေး မိသားစုတစ်စု ရောက်ရှိ လာပါတယ်။

ဥတ္တရာပထ တောအုပ်နိုင်ငံ အတွင်းမှာ ဥပဒေစည်းကမ်းစည်းမျဉ်းနဲ့အညီ နေထိုင်ပါရစေ လို့ တောင်းပန် တိုးလျှိုးလာတာကြောင့် ဆင်အပါအ၀င် လေးဦးဥသျှောင်အဖွဲ့က တစ်လအစမ်းနေဖို့ သဘောတူခွင့်ပြု လိုက်ကြပါတယ်။ တစ်လအတွင်းဘာပြဿနာမှ မပေါ်တဲ့အပြင် အခြားတိရစ္ဆာန်တွေနဲ့ပါ အလွန်အမင်း ချစ်ခင် ရင်းနှီး သွားတာကြောင့် အမြဲတမ်းနေခွင့်ကို သတ်မှတ်ပေးလိုက်ပါတော့တယ်။ဒီလိုနဲ့ ကလေး၊ သား၊မြေး၊ မိဘ၊ အဘိုးအဘွား အပါအ၀င် မြေခွေးမိသားစု ရှစ်ကောင်တို့ဟာ ဥတ္တရာပထ တောအုပ်ကြီးထဲမှာ မိသားစုဝင် ဖြစ်သွားပါတော့တယ်။ အဲဒီနောက် သိပ်မကြာလိုက်ဘူး။

 ပြဿနာတစ်ခုက ရုတ်တရက် ဖြစ်ပျက်ခဲ့ပါတော့တယ်။ ပြဿနာမှ တကယ့် မီးခဲပြဿနာ။ လေးဦးဥသျှောင်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ကျားသစ်မိသားစုဝင် လေးလသားအရွယ် ကျားသစ်ကလေး ပျောက်ဆုံး သွားတာပါပဲ။ ခြေစ လက်စ မကျန်အောင် စုန်းစုန်းမြှုပ် ပျောက်ကွယ်သွားတာမျိုးပါ။ ဘာသဲလွန်စမှ မကျန်ရစ်ခဲ့ဘူး။ ဥတ္တရာပထ
တောအုပ်ကြီးထဲမှာတော့ ငလျင်ကြီးတစ်ခု ရုတ်တရက် လှုပ်ခါသွားလိုက်သလို အားလုံးလှုပ်လှုပ်ရွရွ
 ဖြစ်ကျန်ခဲ့တယ်။ ကျားသစ်မိသားစုတွေဆိုတာ စိတ်ဆိုးဒေါသထွက်လွန်းလို့ တရှူးရှူးတရှားရှား ဖြစ်ရုံ မက မြင်မြင်သမျှ တိရစ္ဆာန်တွေကိုပါ ကိုက်မယ်၊ ဖြတ်မယ် လုပ်နေလို့ကျန်ဥသျှောင် အဖွဲ့ဝင်သုံးဦးက မနည်းဖျောင်းဖျ နေရတယ်။ တောအုပ်တစ်ခုလုံး တစ်လက်မ မကျန်အောင် ရှာကြဖွေကြတယ်။

 မြေတွင်းမှန်သမျှ ရေတွင်း၊ ရေကန်မှန်သမျှ ပြဲပြဲစင် မွှေနှောက်ကြတယ်။ဒါပေမယ့် အချည်းနှီးပါပဲ။ မြေခွေး မိသားစု တွေကတော့ သူတို့ ရောက်ခါမှ ဒီလိုဖြစ်ရလေခြင်း ဆိုပြီး တွေ့သမျှ တိရစ္ဆာန်တွေကို မျက်ရည်လေး စမ်းစမ်းနဲ့ တိုင်တည်နေကြလေတော့ သူတို့တတွေကိုပဲ ကရုဏာသက်ပြီး အားပေးကြရပြန်တယ်။ နေမြဲ
နေပါ။ ပြဿနာ မရှိပါဘူး။ အဖြစ်မှန်ဆိုတာ ဖုံးကွယ်လို့မရပါဘူး။ တစ်နေ့ပေါ်မှာပါဆိုပြီး နှစ်သိမ့်သူက နှစ်သိမ့် နဲ့။ ဘာပဲဖြစ်ဖြစ် ကျားသစ်ပေါက်ကလေးကတော့ လုံးဝရှာလို့ မတွေ့တော့ပါဘူး။

 နောက်တစ်လလောက် ကြာတော့ ၀က်ဝံငယ်ကလေး တစ်ကောင်၊ နောက်ထပ်အရက် (၂၀)လောက် အကြာ မှာ သမင်ပျိုလေး တစ်ကောင်၊ နောက်ထပ်သုံးရက်ပဲ ကွာတယ်။ မြင်းမလေးတစ်ကောင် အသီး သီး ပျောက်ဆုံးကြပြန်တယ်။ သူတို့တွေလည်း ကမ္ဘာမြေပေါ်က ရုတ်ခနဲ ပျောက်ကွယ် သွားတာမျိုးပါ။ ခြေစ၊ လက်စ မကျန်အောင် ပျောက်ဆုံးသွားတာမျိုးပါ။ တချို့ကတော့ မြေခွေးမိသားစုအပေါ် သံသယ၀င်ကြပါ တယ်။ သူတို့ရောက်မှဒီလို အဖြစ်အပျက်တွေ ဖြစ်ကြတာကိုး။ ပြီးတော့ တစ်ကြောင်းကလည်း ရောက်စက ပိန်လှီ ချုံးကပ်နေတဲ့ မြေခွေးမိသားစုဟာ ဥတ္တရာပထရောက်မှပဲ တသွေးတမွေးနဲ့ စိုပြည်ဝဖြိုး နေလိုက် ကြတာ။ ဒါပေမယ့်လည်း သံသယသာ ရှိနေကြတာပါ။

 သူတို့တွေ နေထိုင်၊ လုပ်ကိုင်၊ သွားလာ၊ လှုပ်ရှားနေကြတာ လုံးဝ မသင်္ကာစရာ မတွေ့ရပါဘူး။ အားလုံး
 အေးဆေးပဲ။ ပုံမှန်ပဲ။ ယဉ်ကျေးသိမ်မွေ့လိုက်ပုံများကလည်း မြေခွေးလို့ ပြောရမှာတောင် ခပ်ခက်ခက်ပဲ။ ဥတ္တရာပထမှာ ရှိရှိသမျှသော မြေခွေးတွေထက် ယဉ်ကျေးသိမ်မွေ့လေတော့ စွပ်စွဲရာမှာလည်း အခက်ပဲ။ တိရစ္ဆာန်ကျင့်ဝတ်တွေဆိုတာ သိလိုက်သမှ နောဧကနော ဆိုတဲ့ အစားထဲကပဲ။

တချို့တိရစ္ဆာန်တွေကတော့ မြေခွေးမိသားစုကိုပဲ မျက်ခြည်မပြတ် စောင့်ကြည့်အကဲခတ်နေကြတယ်။ တစ်နေ့တော့ တောင်ကုန်းထိပ်မှာ အနားယူနေတဲ့ ခြင်္သေ့ကြီး အနားကို ခြင်္သေ့မရောက်လာပြီး ပြောတယ်။ ရှင့်ကလေးတွေ၊ ဟိုးရှေ့လှမ်းလှမ်းမှာ ကစားနေကြတယ်။ လှမ်းကြည့်နေဦး။

မတော်တဆ ပျောက်ပျက်သွားဦးမယ်လို့ ပြောတော့ ခြင်္သေ့ကြီးက အားပါးတရ ရယ်တယ်။ ပြီးတော့မှ ၀မ်းခေါင်းသံကြီးနဲ့ ရှင်မရယ် မပူစမ်းပါနဲ့။ ငါ့ကလေး တစ်ကောင်ကောင် ပျောက်သွားလို့ကတော့ မိုးမီးလောင်တော့မှာပေါ့လို့ ပြန်ပြောတယ်။

ဒါကို မနီးမဝေးမှာ အစာ စားနေတဲ့ ဆတ်ကြီးတစ်ကောင်က တစ်စွန်းတစ်စ ကြားလိုက်တယ်။ ပြည့်ပြည့်စုံစုံ ကြားလိုက်တာမျိုး မဟုတ်သလို ပီပီသသ ကြားလိုက်တာမျိုးလည်း မဟုတ်ဘူး။ စကားစပ်လို့ပြောရရင် လူတွေမှာ လူအမျိုးမျိုး စိတ်အထွေထွေရှိသလို တိရစ္ဆာန်လောကမှာလည်း ရှိတာပဲ။ လူတွေမှာလည်း ကိုယ်ဘာပြောလို့ပြောမှန်း မသိတဲ့လူတွေ၊ ကျပ်မပြည့်တဲ့လူတွေ ရှိသလို တိရစ္ဆာန်လောကမှာလည်း ရှိတာပါပဲ။ ဆတ်ကြီး ကြားလိုက် တာကတော့ မိုးမီးလောင်တော့မယ် ဆိုတာပဲဖြစ်ပြီး ရှေ့စကား နောက်စကား ဆက်စပ် မကြည့်တော့ဘူး။ ခြင်္သေ့ကြီးအပေါ် ယုံကြည်လေးစားတဲ့ စိတ်အခံကလည်း ရှိပြန်၊ ရှေးယခင်က သဘာဝပတ်ဝန်းကျင် ဟောကိန်းထုတ်မှုတွေအပေါ် လိုက်နာ ကျင့်သုံးနေကျလည်း ဖြစ်ပြန်ဆိုတော့ ဆတ်မကို အပြေးအလွှား ပြန်ပြောတယ်။ဆတ်မကလည်း မိုးမီးလောင်မှတော့ ဒီတောအုပ်ထဲမှာ ဘယ်လိုနေလို့ ရတော့မလဲဆိုပြီး သူ့ဆွေမျိုးအုပ်စုဆီ အပြေးအလွှား သွားပြောပြန်တယ်။

ညနေစောင်းတော့ ဥတ္တရာပထတောအုပ်ကြီးထဲမှာ ဒီသတင်းက နောက်ဆုံးပေါ် စိတ်ဝင်စားစရာ အကောင်းဆုံး သတင်း ဖြစ်နေတယ်။ တီးတိုးပြောကြ။ မိုးကောင်းကင်ကြီးကိုလည်း တမော့မော့နဲ့ပေါ့။ အဲဒီနောက်မှာတော့ အခြေအနေတွေက အလျင်အမြန်ကြီးကို ၀ရုန်းသုန်းကား ဖြစ်ကုန်တော့တယ်။

ဝက်ဝံပေါက်က လေးတစ်ကောင်၊ မြင်းကျား တစ်ကောင်နဲ့ ၀က်ပေါက်ကလေး တစ်ကောင်တို့ ဆက်တိုက်ဆိုသလို ပျောက်ဆုံးသွားကြတယ်။ ခြင်္သေ့ကြီး ဂူရှေ့က ညစာအတွက် ချန်ထားတဲ့ အသား တစ်ပိုင်းလည်း အခိုး ခံလိုက်ရတယ်။ တောအုပ်ကြီးတစ်ခုလုံးမှာတော့ မကြာမီ မုန်တိုင်းကျတော့မယ့် အခြေအနေလို သိသိသာသာကိုပဲ အေးစက်ငြိမ်သက် နေကြတယ်။ တစ်ကောင်နဲ့ တစ်ကောင် ယုံကြည်မှု မရှိကြတော့ဘူး။ အားလုံး သံသယတွေ ကိုယ်စီနဲ့။ သွေးဆူနေကြပြီ။ ထင်ထင်ပေါ်ပေါ်ကြီး မဟုတ်ပေမယ့် တိတ်တဆိတ် လက်စားချေ တိုက်ပွဲဆင်နေကြပြီ။

ကိုယ့်ကလေးတွေကို မျက်စေ့အောက်က အပျောက်မခံကြတော့ဘူး။ ဟိုးအရှေ့ဘက်တောစပ်မှာ ကျားနဲ့ ၀က်ဝံတို့ တိုက်ပွဲဖြစ်နေကြပြီ။ တောင်ဖက်တောတန်းမှာ ကျားသစ်နဲ့ ၀က်တွေ အသေအကြေ တိုက်ခိုက်နေကြပြီ စတဲ့ သတင်းတွေကလည်း ဟိုက သည်က ပျံ့လွင့်လာနေကြတယ်။

 လေးဦးဥသျှောင်အဖွဲ့လည်း ဘာလုပ်ရမှန်း မသိတော့ဘူး။ သူတို့လေ့လာသင်ယူခဲ့ကြတဲ့ ဗဟုသုတတွေ ထဲမှာ ဒီနေ့လို အခက်အခဲမျိုးတွေအတွက် ဘယ်လိုဖြေရှင်းရမယ် ဆိုတာကျတော့ မပါဘူးဖြစ်နေတယ်။ သိပ်မကြာခင်မှာတော့ အရွယ်ရောက်ပြီး တိရစ္ဆာန်တိုင်း လိုလိုမှာ ဒဏ်ရာ ဒဏ်ချက်တွေ ကိုယ်စီနဲ့လေ။ ညညတွေမှာ အသက်လုတိုက်ပွဲ ဆင်နွှဲနေကြရပြီ ဆိုတဲ့ သင်္ကေတတွေပဲပေါ့။

 “မိုးမီးလောင်တော့မယ်ဆို ခုထိ မီးရဲ့ အရိပ်အယောင်တောင် မတွေ့ရသေးဘူး” ခြေထောက်ကစ်ခုလုံး အ၀တ်စတွေ ပတ်ထားရပြီး မျက်လုံးတစ်ဖက် မရှိတော့တဲ့ ဆတ်ထီးကြီးက မပီမသနဲ့ ပြန်ပြောတယ်။ အသံက ၀ူးဝူးဝါးဝါးပဲ ထွက်နိုင်တော့တယ်။

ကျားသစ်ကြီး ညာဖက်လက်စာ မိလိုက်လို့ ဘယ်ဘက်ပါး တစ်ခြမ်းလုံး စုတ်ပြတ်ပဲ့ရွဲ့နေတဲ့ ၀ံပုလွေအို ကြီးကတော့ မိုးကောင်းကင်ကိုပဲ ဇဝေဇ၀ါနဲ့ မော့ကြည့်နေတယ်။ ဟုတ်ပါရဲ့။ ကောင်းကင်ပြင်ကတော့ ကြည်လင်တောက်ပတဲ့ မိုးပြာရောင် လွင်လွင်ကလေးနဲ့ ရှင်းသန့်နေလိုက်ပုံများ . . .။

 ဗမာပြည်ဖွား ညီနောင်များ