Saturday, November 01, 2014

ဘဲငန်းရိုင်းတွေပေးတဲ့ သင်ခန်းစာ


ကျွန်တော်ဟာ စာဖတ်ဝါသနာပါသလို စာရေးတာလည်း ၀ါသနာပါပါတယ်။ စာဖတ်ဝါသနာကြီးရာကနေ စာရေးဖြစ်တာလို့ ပြောရမယ်ထင်ပါရဲ့။ ပြီးတော့ ကျွန်တော်စာဖတ်တဲ့အခါ ကျွန်တော်နှစ်သက်တဲ့ စာပိုဒ်တွေကို မှတ်စုစာအုပ်တစ်အုပ်မှာ ကူးပြီး ရေးတတ်ပါတယ်။ စာပိုဒ်တွေကိုပဲ အလေးထားမိလွန်း လို့လား မသိဘူး။ တစ်ခါတစ်ခါ အဲဒီစာပိုဒ်ကို ထုတ်နုတ်ယူလိုက်တဲ့ စာအုပ်အမည်နဲ့ စာရေးဆရာ အမည်တွေ ကို မှတ်မိလိုက်တာတွေလည်း ရှိရဲ့၊ မမှတ်မိလိုက်တာတွေလည်း ရှိရဲ့။

အခုရေးတဲ့ ဘဲငန်းရိုင်းတွေပေးတဲ့ သင်ခန်းစာဆိုတဲ့ စာတစ်ပိုဒ်ရဲ့ မူရင်းက "A sense of a goose" ဖြစ်ပြီး စာရေးသူ အမည်မသိလို့ မှတ်သားမိပါတယ်။ ဒီအကြောင်းကို တခြားသူတွေလည်း ရေးခဲ့ကြပြီး တာမျိုး   ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်က ခေါင်းဆောင်မှုဘာသာရပ်ကို သင်ကြားပို့ချခဲ့သလို   ခေါင်းဆောင်မှုပညာနဲ့ ပတ်သက်တဲ့စာတွေကို ရေးသားသူလည်းဖြစ်တော့၊ ဒီအကြောင်းကို ခေါင်းဆောင် မှုပညာ အမြင်ကလေးနဲ့ တင်ပြတာ ဖြစ်ပါတယ်။

ဘဲငန်းရိုင်းတစ်အုပ် ကောင်းကင်ပြင်မှာ အင်္ဂလိပ်စာလုံး "V" ပုံသဏ္ဌာန် စုဖွဲ့ပြီး ပျံသန်းသွားတာကို   တွေ့လိုက် ရတဲ့အခါ သူတို့တစ်တွေ အဲဒီလို ပျံတတ်ဖို့ ဘယ်လိုသိပ္ပံပညာရပ်က ဖန်တီးပေးလိုက်ပါလိမ့်လို့ ခင်ဗျား စဉ်းစားမိကောင်း စဉ်းစားမိပါလိမ့်မယ်။ ဘဲငန်းရိုင်းတစ်ကောင်ရဲ့ အတောင်ပံတွေကို ရိုက်ခတ် လိုက်တိုင်း သူ့နောက်မှာကပ်ပြီး လိုက်ပါလာတဲ့ ဘဲငန်းရိုင်းတစ်ကောင်ရဲ့ တောင်ပံခတ်အားဟာ အလို လို မြင့်တက်သွားပါတယ်။ ဘဲငန်းရိုင်တစ်အုပ်ဟာ အဲဒီလို "V" ပုံသဏ္ဌာန် ပျံတဲ့အတွက် သာမန်ဘဲငန်းရိုင်း တစ်ကောင်အနေနဲ့ တစ်ကောင်ချင်းပျံသန်းနိုင်တဲ့ အကွာအဝေးထက် ၇၁ ရာခိုင်နှုန်းလောက် ပိုပြီး ဝေးဝေးပျံနိုင်ပါတယ်။

လူတွေမှာလည်း အလားတူ စွမ်းအားတိုးတက်မှု ရတာမျိုး ကျွန်တော်တို့ မသိကြဘူးနော်။ လူတစ်ယောက်ဟာ အသင်းအဖွဲ့နဲ့ စုပေါင်းလုပ်ဆောင်တတ်တဲ့ အသိရှိရုံမက အဲဒီအဖွဲ့မှာပါတဲ့ အဖွဲ့ဝင်အားလုံးနဲ့အတူ ရည်မှန်းချက်တစ်ခုတည်းကိုသာ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် သူ့ရဲ့လုပ်ငန်းဟာ ချောချောမောမောနဲ့ မြန်မြန်ဆန်ဆန် အောင်မြင်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တစ်တွေဟာ တစ်ယောက်ရဲ့ လုပ်ဆောင်မှုစွမ်းအားကို တစ်ယောက်က အပြန်အလှန် မှီတွယ်ရင်း လှုပ်ရှားချီတက် နေကြလို့ပါပဲ။

ဘဲငန်းရိုင်းတစ်ကောင်ဟာ အုပ်စုထဲက ထွက်ကျန်ခဲ့တဲ့ အခါမျိုးမှာ သူ့စိတ်ထဲမှာ အုပ်စုရဲ့ ဆွဲငင်အားကို ခံစားမိတာကြောင့် သူတစ်ကောင်တည်း ပျံသန်းမယ်ဆိုတဲ့ အတွေးကို ဖယ်ရှားပြီး အုပ်စုထဲကို အတင်းပြန် ၀င် တယ်။ ဒါမှသာ သူဟာ သူရှေ့တည့်တည့်မှာ ကပ်ပြီး ပျံနေတဲ့ ဘဲငန်းရိုင်းရဲ့ စွမ်းအားမြှင့်တင်ပေးမှု အကူအညီကို ခံစားရမှာ မဟုတ်လား။

ကျွန်တော်တို့တစ်တွေမှာ ဘဲငန်းရိုင်တစ်ကောင်ရဲ့ အသိစိတ်မျိုးသာ ရှိမယ်ဆိုရင် ကျွန်တော်တို့ဟာ ကျွန်တော်တို့နဲ့ ရည်မှန်းချက်ချင်း တူညီသူတွေ ဦးတည်လျှောက်လှမ်းနေတဲ့ လမ်းကြောင်းအတိုင်း မပင်မပန်း လိုက်ပါနိုင်ဖို့အတွက် အဲဒီအုပ်စုထဲက ဘယ်မှာ ခွဲထွက်ပါ့မလဲဗျာ။

ရှေ့ဆုံးက ခေါင်းဆောင်ပျံသန်းနေတဲ့ ဘဲငန်းရိုင်း မောပန်းနွမ်းနယ်သွားတဲ့အခါ သူက အုပ်စုထဲ ပြန်ဝင်ပြီး တခြားဘဲငန်းရိုင်း တစ်ကောင်က သူ့နေရာမှာဝင်ပြီး တာဝန်ယူတယ်။

တာဝန်ကြီးလေးပြီး ပင်ပန်းတဲ့ အလုပ်တွေကို လုပ်တဲ့နေရာမှာ ဒီလို အလှည့်ကျ တာဝန်ယူတာဟာ သင့်တင့်လျောက်ပတ်တာနဲ့အမျှ အဓိပ္ပါယ်လည်း ရှိပါတယ်။ လူ့အသိုင်းအ၀ိုင်းမှာဖြစ်ဖြစ်၊ တောင်အရပ်ကို ပျံသန်းနေတဲ့ ဘဲငန်းရိုင်းအုပ်တွေမှာပဲ ဖြစ်ဖြစ်ပေါ့။

ပြီးတော့ နောက်ဘက်မှာ လိုက်ပါပျံသန်းနေတဲ့ ဘဲငန်းရိုင်းတွေက သူတို့ရှေ့မှာ ပျံသန်းနေတဲ့ ဘဲငန်းရိုင်းတွေ အရှိန်အဟုန်မပျက် ပျံသန်းနိုင်အောင် အားပေးတဲ့အနေနဲ့ ညီညီညာညာနဲ့ သံပြိုင်အော် တတ်ကြတယ်။

ကျွန်တော်တို့တစ်တွေ လုပ်ငန်းတစ်ခု အောင်မြင်ဖို့ ပင်ပင်ပန်းပန်း ရုန်းကန်ကြိုးပမ်းနေတဲ့ အခါမျိုးမှာ ကျွန်တော်တို့ရဲ့ နောက်ပိုင်းက ဘယ်လိုအားပေးမှုတွေ ရပါသလဲ။

နောက်ဆုံးဖြစ်သလို အရေးအကြီးဆုံးလည်းဖြစ်တဲ့ အချက်တစ်ချက်ကို ဆက်ပြီးတင်ပြပါ့မယ်။ ဘဲငန်းရိုင်းတစ်ကောင်ဟာ ရုတ်တရက် နာမကျန်းဖြစ်လာလို့၊ ဒါမှမဟုတ် မြေပြင်က လူသားတစ်ယောက် ပစ်လိုက်တဲ့ သေတန်ကျည်ဆံ ထိမှန်သွားလို့ အုပ်စုထဲက ထွက်ကျန်ခဲ့ပြီး မြေပြင်ကို ဆင်းသက်သွားတဲ့ အခါမျိုးမှာ တခြားဘဲငန်းရိုင်းနှစ်ကောင်က သူနဲ့အတူ လိုက်ပါပြီး မြေပြင်ကို ဆင်းသက်ပါတယ်။ သူ့ကို အကူအညီပေးဖို့နဲ့ သူ့ကို ကာကွယ်ဖို့ပေါ့။ သူတို့ဟာ အဲဒီ ဘဲငန်းရိုင်း ပြန်လည်ကျန်းမာပြီး ပျံသန်းနိုင်တဲ့ အချိန်အထိ၊ ဒါမှမဟုတ် သေဆုံးသွားတဲ့ အချိန်အထိ စောင့်ရှောက်ပေးကြတယ်။ အဲဒီအချိန်ကျတော့မှ သူတို့ဟာ သူတို့ဘာသာဖြစ်ဖြစ်၊ နောက်ထပ်ပျံသန်းလာတဲ့ ဘဲငန်းရိုင်းအုပ်နဲ့ဖြစ်ဖြစ် ထွက်ခွာသွားပြီး သူတို့ရဲ့ မူလဘဲငန်းရိုင်းအုပ်ကို အမီလိုက်ကြတယ်။

ကျွန်တော်တို့မှာသာ ဘဲငန်းရိုင်းတစ်ကောင်ရဲ့ အသိစိတ်မျိုး ရှိမယ်ဆိုရင် ကျွန်တော်တို့ဟာ သူတို့လိုပဲ တစ်ယောက်ကို ကူညီဖို့ တစ်ယောက်က အသင့်ရှိနေကြမှာပါတဲ့။

ဒီအကြောင်းအရာလေးကို ဖတ်ပြီးတဲ့အခါ အဓိကအားဖြင့် အချက်ငါးချက် တွေ့ရပါမယ်။

ပထမအချက်က အသင်းအဖွဲ့စိတ်ဓာတ်၊ ဒါမှမဟုတ် အသင်းအဖွဲ့နဲ့ စုပေါင်းဆောင်ရွက်တတ်တဲ့ အသိရှိဖို့ပါ။
ဒုတိယအချက်က တစ်ကိုယ်တော်၊ ဒါမှမဟုတ် တစ်ယောက်ကောင်း လုပ်ချင်တဲ့စိတ် မမွေးဖို့နဲ့ လူအများရဲ့ စုပေါင်းစွမ်းအားကို ယုံကြည်ဖို့ပါ။

တတိယအချက်က အလှည့်ကျခေါင်းဆောင်တတ်တဲ့ အလေ့အထ၊ ဒါမှမဟုတ် မိမိတာဝန်ကို လုပ်ပိုင်ခွင့် လွှဲအပ်လုပ်ကိုင်စေတဲ့ အကျင့် (Delegation) ရှိဖို့ပါ။

စတုတ္ထအချက်က အခြားသူတွေရဲ့ ကြိုးပမ်းဆောင်ရွက်မှုကို အသိအမှတ်ပြုဖို့၊ အားပေးဖို့ပါ။

ပဉ္စမအချက်က စိတ်ဓာတ်ကျသွားသူ၊ ဒါမှမဟုတ် အကြောင်းတစ်ခုခုကြောင့် ရှုံးနိမ့်သွားသူတွေကို လက်တွဲခေါ်ယူဖို့နဲ့ ဖေးမကူညီဖို့ ဖြစ်ပါတယ်။


တကယ်တော့ အဲဒီအချက်တွေဟာ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်မှု အောင်မြင်ဖို့အတွက် အရေးပါတဲ့ အချက်တွေ ဖြစ်ပါတယ်။ မိမိအတွက် အကျိုးရှိမယ့် သင်ခန်းစာမှန်ရင် ဘဲငန်းရိုင်းတွေဆီကဖြစ်ဖြစ်၊ ဘယ်သူ့ဆီကဖြစ်ဖြစ် လေ့လာသင်ယူသင့်ပါတယ်။ အဲဒီ သင်ခန်းစာတွေကို ကြည့်နိုင်မြင်နိုင်အောင်လည်း ကျွန်တော်တို့ဟာ အမြဲတမ်း မျက်စိကိုဖွင့်၊ နားကိုစွင့်ထားဖို့ လိုပါတယ်။


- ဦးလှမင်း
[CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်း၊ အတွဲ-၅၊ အမှတ်-၁၂၊ အောက်တိုဘာလ၊ ၂၀၁၀၊ စာမျက်နှာ-၁၂၀၊ ၁၂၁]