Friday, October 17, 2014

လောကရဲ့ အမှန်ဆုံး ဓမ္မတရား



လူတိုင်းလူတိုင်း စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိပြီး ငြိမ်းချမ်း သာယာတဲ့ တိုင်းပြည်နိုင်ငံတစ်ခု ဖြစ်ဖို့ ဘာအရေးကြီး ဆုံးလဲဆိုတဲ့ မေးခွန်းကို အခုတလော အမေး များကြတယ်။ အဖြေတွေလည်း အမျိုးမျိုး ပေးကြတယ်။ အားလုံး သဘောအကြိုက်ညီဆုံး အဖြေက တော့ အစိုးရကောင်း တစ်ခုရှိဖို့ပဲဆိုတာ ဖြစ်တယ်။

ကိုယ့်အတွက် အကောင်းဆုံးဖြစ်ဖို့ပဲ
အစိုးရကောင်း ဆိုတာနဲ့ပတ်သက်ပြီး အဓိပ္ပာယ် ဖွင့်ဆို ချက်တွေ အများအပြား ရှိနိုင်တယ်။ အမေရိကန်ရဲ့ အစိုးရကောင်းဆိုတဲ့ စံနှုန်းနဲ့ တရုတ်ပြည်ရဲ့ အစိုးရ ကောင်းဆိုတဲ့ စံနှုန်း တူချင်မှ တူလိမ့်မယ်။ အလားတူပဲ အိန္ဒိယရဲ့ စံနှုန်းနဲ့ ပါကစ္စတန်ရဲ့ စံနှုန်းလည်း တူချင်မှတူမယ်။ တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို အမျိုးမျိုး ကွဲပြားခြားနားနေကြမှာပဲ။

ဒီလို ကွဲပြားခြားနားတာတွေကို ကြည့်ပြီး စိတ်ပျက်စရာ မလိုသလို အငြင်းပွားနေစရာလည်း မလိုဘူး။ ကိုယ့်အခြေအနေနဲ့ ကိုယ့်လိုအပ်ချက် အရ ကိုယ့်အတွက် အကောင်းဆုံးဖြစ်တဲ့ အစိုးရမျိုး ဖြစ်ဖို့ပဲ အရေးကြီးတယ်။ မြန်မာလူမျိုးတစ်ယောက် အဖြစ် နှစ်ပေါင်း ၇၀ တိတိ နေထိုင်လာခဲ့တဲ့ အတွေ့အကြုံ အရ ပြောရမယ် ဆိုရင်တော့ တရားဥပဒေကို တိတိကျကျ လေးစားလိုက်နာတဲ့ အစိုးရမျိုးဟာ အကောင်းဆုံးပဲလို့ ပြောရပါလိမ့်မယ်။

မကြုံဖူးလို့
ဘာကြောင့်လဲဆိုတော့ အဲဒီအစိုးရမျိုး တစ်ကြိမ်တစ်ခါမှ မကြုံဖူးခဲ့လို့ပဲ။ လွတ်လပ်ရေးရတဲ့ အချိန်မှာ အသက်ရှစ်နှစ်သားပဲ ရှိသေးတယ် ဆိုတော့ ကိုလိုနီခေတ် အကြောင်းတွေ ဘာတွေ သိပ်မသိပါဘူး။ လူကြီးသူမတွေ ပြောတာလောက်ပဲ ကြားဖူးခဲ့ရ တယ်။


အကျင့်ပျက်ခြစားမှုနဲ့ အာဏာ အလွဲသုံးစားပြုမှုတွေ ပပျောက်ဖို့၊ ဥပဒေ စိုးမိုးရေး ခိုင်မာဖို့ အတွက် အကောင်းဆုံး အာမခံချက်ကတော့ သတင်းမီဒီယာတွေ လွတ်လပ်ခွင့်ရှိအောင် ဆောင်ရွက်ပေးဖို့ ဖြစ်တယ်။ သတင်းမီဒီယာဆိုတာ အစိုးရအတွက် အထူး အားထားရတဲ့ မိတ်ဆွေ ဖြစ်တယ်  . . .
ဖဆပလခေတ် ပါလီမန်ဒီမို ကရေစီကိုတော့ ကောင်းကောင်း သိမီလိုက်တယ်။ အာဏာရပါတီက ဥပဒေကို လိုတစ်မျိုး၊ မလိုတစ်မျိုး ကြိုက်သလို အသုံးချပြီး ထင်သလို လုပ်နေတာတွေလည်း မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရတယ်။ နာမည်ကြီး ဓားပြဗိုလ် က အာဏာရပါတီရဲ့ အမတ် ဖြစ်လာပြီး ရမ်းကားချင်တိုင်း ရမ်းကားတာတွေလည်း ကြုံတွေ့ခဲ့ရဖူးတယ်။

လိုလေသေးမရှိ
အဲဒီနောက်ခေတ်တွေမှာလည်း တရားဥပဒေစိုးမိုးရေး ချည့်နဲ့အားနည်းခဲ့တာပဲ တွေ့ရကြုံရတယ်။ အုပ်ချုပ်သူ လူတန်းစားက သူ့အုပ်ချုပ်ရေး တည်မြဲဖို့အတွက် တရားဥပဒေကို လိုသလို အသုံးချသွားကြတယ်။ ဘယ်လို အစိုးရမျိုးမဆို ရှိနေတဲ့ တရားဥပဒေတွေကို လေးစားလိုက်နာပြီး ဥပဒေအတိုင်း အုပ်ချုပ်သွားမယ် ဆိုရင် ဘာမှကို ပြောစရာမရှိအောင် ကောင်းတဲ့ အစိုးရမျိုး ဖြစ်မှာ သေချာတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ တရားဥပဒေတွေဟာ အဘက်ဘက်က လိုလေသေး မရှိအောင် ပြည့်စုံ တယ်လို့ ပြောနိုင်လောက်ပါတယ်။ အခုခေတ် ပြောဆိုနေကြတဲ့ လူ့အခွင့်အရေးတို့ စာနယ်ဇင်း လွတ်လပ်ခွင့်တို့ ဆိုတာတွေ အတွက်လည်း အပြည့်အ၀ အာမခံချက် ပေးထားတဲ့ ဥပဒေ ပြဋ္ဌာန်းချက်တွေ ရှိပြီးသားပါ။ နိုင်ငံသားတိုင်းရဲ့ အခြေခံ ရပိုင်ခွင့်တွေကို ပြဋ္ဌာန်း သတ်မှတ်ပေးထားတဲ့ ဥပဒေတွေလည်း ရှိပါတယ်။ ဘက်ပေါင်းစုံ လိုလေသေး မရှိလို့တောင် ဆိုနိုင်တယ်။

အုပ်စိုးသူများအကျုံးမ၀င်
ဥပဒေတွေက ပြည့်စုံတယ်။ ရှိနေတဲ့ ဥပဒေတွေကို လူတွေက လေးစားလိုက်နာခြင်း မပြုလို့သာ ပြဿနာတွေ ဖြစ်နေရတာပါ။ ခေတ်အဆက်ဆက် အတွေ့အကြုံအရ ပြောရမယ်ဆိုရင် ခေတ်တိုင်းခေတ်တိုင်းမှာ ဥပဒေဆိုတာ နိုင်ငံသူနိုင်ငံသားများ လိုက်နာဖို့ အတွက်သာ ဖြစ်ပြီး အုပ်စိုးသူ လူတန်းစားနဲ့ အကျုံးမ၀င်သလို သဘောထားကြတာပဲ တွေ့ရတယ်။ ဥပဒေကိုသာ အတိအကျ အမှန်အကန် လိုက်နာကြမယ် ဆိုရင် အကျင့်ပျက် ခြစားမှုတွေ၊ အာဏာ အလွဲသုံးစား ပြုမှုတွေ များများစားစား ရှိမလာနိုင်ပါဘူး။ ဖွံ့ဖြိုးဆဲနိုင်ငံ အများစုမှာ အကျင့်ပျက်ခြစားမှုတွေ များရတဲ့ အကြောင်းရင်းက တရားဥပဒေကို အုပ်စိုးသူ လူတန်းစားက လိုသလို ခြယ်လှယ် အသုံးချနေလို့ ဖြစ်ရတာပါ။

မီဒီယာဆိုတာ အစိုးရမိတ်ဆွေ
အကျင့်ပျက် ခြစားမှုနဲ့ အာဏာ အလွဲသုံးစားပြုမှုတွေ ပပျောက်ဖို့၊ ဥပဒေစိုးမိုးရေး ခိုင်မာဖို့ အတွက် အကောင်းဆုံး အာမခံချက်ကတော့ သတင်းမီဒီယာတွေ လွတ်လပ်ခွင့် ရှိအောင် ဆောင်ရွက်ပေးဖို့ ဖြစ်တယ်။ သတင်းမီဒီယာဆိုတာ အစိုးရအတွက်  အထူး အားထားရတဲ့မိတ်ဆွေ ဖြစ်တယ်။ ပြည်သူတွေကြားမှာ ဖြစ်ပျက်နေတဲ့ အခြေအနေမှန်တွေကို နေ့စဉ် ဖော်ပြနေတာကြောင့် အစိုးရများ အတွက် အများကြီး အထောက်အကူ ရစေတယ်။ ရှေးခေတ်ရှေးအခါက မင်းကောင်းမင်းမြတ်များဟာ တိုင်း ပြည်ရဲ့ အခြေအနေမှန်များကို သိဖို့အတွက် ရုပ်ဖျက်ပြီး စနည်းနာ ထွက်ကြလေ့ ရှိကြတယ်။ ၀န်ကြီး ၀န်ကလေးတွေရဲ့ လျှောက်တင်မှုတွေနဲ့တင် ရောင့်ရဲနေလေ့ မရှိကြဘူး။ မှူးကြီးမတ်ကြီးတွေ၊ ၀န်ကြီးဝန်ကလေးတွေ ဆိုတာက ဘုရင်အကြိုက်ကိုသာ လိုက်ပြီး သံတော်ဦးတင်လေ့ ရှိကြတာ မဟုတ်လား။
သနပ်ခါးလိမ်းပန်းပန်
အခုခေတ်တော့ သတင်းမီဒီယာတွေက တိုင်းသူပြည်သားများရဲ့ အခြေအနေမှန်၊ အဖြစ်အပျက် မှန်တွေကို အမြဲတမ်း ရှာဖွေစူးစမ်း ဖော်ပြနေတာ ဖြစ်လေတော့ အစိုးရများ အနေနဲ့ ရုပ်ဖျက် စနည်းနာ ဖို့ မလိုတော့ပါဘူး။ အမှန်တွေကို သိနိုင်ပါတယ်။ သတင်းမီဒီယာတွေမှာ ဖော်ပြတဲ့ သတင်းတွေက ဌာနဆိုင်ရာက အစီရင်ခံစာတွေထက် စိတ်ချရပါတယ်။ ဌာနဆိုင်ရာ အစီရင်ခံစာ ဆိုတာက သနပ်ခါး လိမ်းပန်းပန်ပြီးမှ တင်ပြကြတာ သဘာဝ ဖြစ်တယ်။ သတင်းမီဒီယာကတော့ သနပ်ခါးလိမ်းထားတဲ့ သတင်းဖော်ပြလို့လည်း မျက်နှာကောင်းရစရာ အကြောင်းမရှိတော့ စိတ်မချစရာ မရှိဘူး။

မီဒီယာကိုကူညီသင့်
အဲဒါကြောင့် သတင်းမီဒီယာ ဆိုတာ အစိုးရများ အတွက် မိတ်ကောင်း ဆွေကောင်းလို့ ဆိုခဲ့တာ ဖြစ်တယ်။ ဒီ အချက်ကို အစိုးရများ သဘောပေါက် နားလည်ပြီး သတင်းမီဒီယာများ ဖွံ့ဖြိုးသထက် ဖွံ့ဖြိုးတိုးတက်လာအောင် ကူညီသင့်ပါတယ်။ သတင်းမီဒီယာကို ကူညီခြင်းဟာ အစိုးရကောင်း တစ်ခု ရဲ့သင်္ကေတ ဖြစ်တယ်။ အစိုးရကောင်းရှိမှ သတင်းမီဒီယာကောင်း ရှိနိုင်သလို၊ သတင်းမီဒီယာကောင်း ရှိမှလည်း အစိုးရကောင်း ရှိနိုင်တယ်။ သတင်းမီဒီယာကောင်းက သန့်ရှင်းတဲ့ အုပ်ချုပ်ရေးယန္တရား ဖြစ်အောင်လည်း ကူညီ ဆောင်ရွက်သေးနိုင်တယ်။

အမှန်ဆုံးဓမ္မတရား
တိုင်းပြည်တစ်ပြည်ကို ဘယ်စနစ်နဲ့ အုပ်ချုပ် အုပ်ချုပ် တရားဥပဒေ စိုးမိုးမှု မရှိရင် ဘယ်နည်းနဲ့မျှ မအောင်မြင်နိုင်ပါဘူး။ လွတ်လပ်ရေး ရပြီး နှစ်ပေါင်း ခြောက်ဆယ်ကျော် ကြာခဲ့ပြီ ဖြစ်တာတောင် ငြိမ်းချမ်းမှု မရှိဘဲ ဆင်းရဲမှု ချောက်ကမ်းပါးကြီး ထဲက မတက်နိုင်အောင် ဖြစ်နေရတာဟာ အမှန်စင်စစ်တော့ တရားဥပဒေကို မျက်ကွယ်ပြုခဲ့ကြလို့ပါ။ ကမ္ဘာပေါ်က ဆိုရှယ်လစ် နိုင်ငံတွေနဲ့ ကွန်မြူနစ်နိုင်ငံတွေ ပြိုလဲသွားခဲ့ကြရတာလည်း မတ်ဝါဒက မကောင်းလို့ မဟုတ်ဘဲ အာဏာရှင်စနစ် ကျင့်သုံးပြီး တရားဥပဒေကို မျက်ကွယ်ပြုခဲ့ကြလို့ပဲ ဖြစ်တယ်။ တကယ်တော့ အာဏာရှင်စနစ်ဟာ မတ်ဝါဒ မဟုတ်သလို မတ်ဝါဒဟာလည်း အာဏာရှင်စနစ် မဟုတ်ပါဘူး။ တရားဥပဒေကို နင်းချေပစ်ပြီး ငါတကောကောတဲ့ အာဏာရှင်တွေကြောင့် မတ်ဝါဒ နာမည်ပျက်ရတာ ဖြစ်တယ်။ တရားဥပဒေကို နင်းချေပစ်ရင် ဘယ်လို အစိုးရမျိုးမဆို ကျဆုံးရမှာပဲ ဖြစ်တယ်။ ဒါဟာ လောကရဲ့ အမှန်ကန်ဆုံး ဓမ္မတရား ဖြစ်တယ်။

လူထုစိန်ဝင်း
Eleven Media Group