Thursday, October 23, 2014

သေခါနီးလေ . . . ပျော်စရာကောင်းလေ


ခန္ဓာကိုယ်တွင်းရှိ ကလီစာများအား ဖြတ်တောက်ခံရသကဲ့သို့ ခံစားမှု၊ အရိုးအကြောများ အပိုင်းပိုင်း ရိုက်ချိုးခံရသကဲ့သို့ ခံစားမှု၊ နှလုံးသားအား ဆုပ်ကိုင်ဖြစ်ညှစ်သကဲ့သို့ ခံစားမှု၊ အသက်ရှူလမ်းကြောင်း အား ဖိညှစ်ပိတ်စို့ခြင်းခံရသကဲ့သို့ ခံစားမှု၊ အသွေးအသားများ ဖောက်ထုတ်စုတ်ယူ ခံရသကဲ့သို့ ခံစားမှု စသည့် အနိဠာရုံခံစားမှုများသည် ခန္ဓာကိုယ်မှ ဖြစ်ပေါ်လာခဲ့ရသည်။ ဤသည်ကား ကိုယ်ခန္ဓာ (ကာယကံ) ခံစားမှုများတည်း။


အသံနက်ကြီးဖြင့် စိမ်းစိမ်းဝါးဝါး အော်လိုက်သံ၊ အမေကယ်ပါ … အဖေကယ်ပါ ဟူ၍ ညည်းညူ အော်ဟစ်သံ၊ ကျိတ်မနိုင်၊ ခဲမနိုင် ဖျစ်ညှစ်အော်လိုက်သည့်အသံများ၊ အထိတ်တလန့် လျှပ်တစ်ပြက် အော် ဟစ်လိုက်သံ၊ ခြောက်ခြားဖွယ်ထွက်ပေါ်လာသော အံကြိတ်သံ၊ ဖြေညှင်းစွာလေသံပျော့ဖြင့် ညည်းတွား လိုက်သံ စသည့် နှုတ်ဝဇီမှ ထွက်ပေါ်လာသော ခံစားမှုများသည် ဝဇီတည်းဟူသော မိမိ၏နှုတ်ခမ်းများမှ ထွက်ပေါ်လာသော အသံများပင်ဖြစ်သည်။ ဤသည်ကား နှုတ်ခမ်းပါးစပ်မှ (ဝဇီကံ) ခံစားမှုများပင် ဖြစ်သည်။


လူတို့၏ စိတ်အလျင်တို့သည် ကာယကံ၊ ဝဇီကံတို့အပေါ်တွင် အမှီသဟဲပြုသည်။ စိတ်ကြောင့် ခန္ဓာကိုယ်မှ လှုပ်ရှားမှုများ ပြုလုပ်ခဲ့သလို စိတ်ကြောင့်ပင် ဝဇီကံဖြစ်သော နှုတ်မှပြောစကားများ ထွက်ပေါ် လာသည်။ ထိုကဲ့သို့ပင် ကာယတည်းဟူသော ခန္ဓာကိုယ်၏ ဖြစ်ပျက်ခံစားမှုတို့ကြောင့် ဝဇီတည်းဟူသော နှုတ်မှလည်း အသံမျိုးစုံ ထွက်ပေါ်လာခဲ့ရသည်။ ဤသည်ကား စိတ်(မနောကံ)၏ ခံစားမှုများပင်ဖြစ်သည်။


လူတို့သည် ကျန်းမာနေစဉ်အချိန်ကာလများ၌ စိတ်ဦးဆောင်မှုဖြင့် ခန္ဓာကိုယ်မှ လှုပ်ရှားခြင်း၊ နှုတ် ခမ်းများ၊ ပါးစပ်များမှပြောဆိုခြင်း အမှုများကို ပြုလုပ်တတ်ကြသည်။ ဝေဒနာခံစားနေရသော အချိန်ဖြစ် သည့် ကျန်းမာရေးချို့ယွင်းပြီး သေအံ့ဆဲဆဲဖြစ်နေသည့်အချိန်တွင် ခန္ဓာကိုယ်၏ ခံစားမှုအသီးသီးတို့ အပေါ်မှုတည်၍ နာကျင်မှု ခံစားရမှုများအပေါ် ဝဇီ(နှုတ်)မှ ညည်းညူးအော်ဟစ် ညည်းတွားသံများ ဖြစ်ပေါ် လာခဲ့ရသည်။ ထိုအခါ မနောတည်းဟူသော စိတ်အလျင်တို့သည် မိမိတို့၏သံယောဇဉ်များ၊ ကိလေသာ တဏှာများ၊ ပစ္စည်းဥစ္စာများ၊ သား-သမီး-မြေး-မြစ်များ၊ ဆွေမျိုးမိတ်ဆွေများ၊ တိုက်တာအိုးအိမ်များ၊ ရွှေငွေ လက်ဝတ်ရတနာများနှင့် မိမိတို့စွဲလမ်း တပ်မက်ခဲ့မှုများအပေါ် တောင်းတမှုများ ဖြစ်ပေါ်လာခဲ့သည်။ ထို ကဲ့သို့ သေအံ့ဆဲဆဲလူတို့တွင် ထိုသံယောဇဉ် အမျှင်အတန်းများ ဖြစ်ပေါ်လာခဲ့ပါက ဘဝကူးကောင်းမည် မဟုတ်ချေ။ မည်မျှပင်လူ့လောကကောင်းကျိုးကို လုပ်ဆောင်ပေးခဲ့စေကာမူ ဘဝကူးခါနီး အချိန်စက္ကန့် လေးအတွင်း အကုသိုလ်ကိစ္စရပ်ဖြစ်စေ၊ သံယောဇဉ် အမျှင်အတန်းလေး တစ်ခုဖြစ်စေ သမုဒယသစ္စာ ပေါ် ပေါက်လာပါက ဘဝကူးပြောင်းမှုသည် ရှောရှောရှူရှူ ဖြစ်မည်မဟုတ်။

ဤအချိန်အပိုင်းအခြားလေးသည် အလွန်အရေးကြီးလှပေသည်။ မည်သူ့ကိုမျှ ဒုက္ခမပေးခဲ့သော အရက်သမားတစ်ဦးသည် ဘဝကူးပြောင်းခါ နီး အချိန်လေးတွင် သရဏဂုံကြောင့် တည်ခွင့်ရခဲ့သည့်အတွက် နတ်ပြည်သို့ရောက်ရှိခဲ့ကြောင်း ဘုရား ဟောထဲတွင် ပါရှိခဲ့သည်။ ထိုကဲ့သို့ ဘဝကူးကောင်းရန်အတွက် ကျွန်ုပ်တို့သည်ကောင်းမှု ကုသိုလ်ရေး ကိစ္စရပ်များအား စဉ်ဆက်မပြတ် လုပ်ဆောင်နေပါမှ ထိုကောင်းမှုအရှိန်ကြောင့် ဘဝကူးကောင်းဖို့ လွယ်ကူ မည်။ သို့တည်းမဟုတ် အကုသိုလ်ကိစ္စများနှင့် ကျင်လည်နေမည်ဆိုပါက အသေလှမည်မဟုတ်၊ ဘဝကူး ကောင်းမည်မဟုတ်ချေ။
ကြောက်ရွံ့မှု၊ စိုးရိမ်မှု၊ နာကျင်မှု၊ ကြေကွဲမှု စသည့် ခံစားမှုမျိုးစုံတို့အတွက် ကျွန်တော်တို့ ကိုယ် ချင်းစာစိတ်ဖြင့် ကြိုးစားဖေးမလိုစိတ် ဖြစ်ပေါ်လာသည်။ လူ့ဘဝသက်တမ်း၏ နောက်ဆုံးအချိန်လေး အတွင်း ရောက်နေချိန်တွင် ဆင်းရဲသောမိသားစုဝင်များသာ ယခုကဲ့သို့ သံယောဇဉ်အမျှင်တန်းခြင်းမျိုးကို ခံစားရသည်မဟုတ်။ ချမ်းသာသော အသိုင်းအဝိုင်းက ပို၍သာ သံယောဇဉ်အမျှင်တန်းမှုမျိုး ဖြစ်ပေါ်စေ သည်။ ပိုင်ဆိုင်မှုများကြောင့်ပင် မဟုတ်ပါလား။ “ဘာမှမလိုချင်ရင် … ဘာမှ ကြောက်စရာမရှိဘူး” ဟူ သော ကျွန်တော်၏ဇနီး ရွှေဇီးကွက်၏ ဖခင်ပြောစကားကား မှန်ကန်လှပေသည်။ စဉ်ဆက်မပြတ် ကုသိုလ်ရေးများ လုပ်ကိုင်နေကာမှ သေခါနီးတွင် ဘဝကူးကောင်းရန် အမှတ်သညာ ရရှိမည်ဖြစ်သည်။

အကြောင်းတရားကြောင့် အကျိုးတရားခံစားရမည် ဖြစ်တော့သည်။ သို့ရာတွင် ယခုကဲ့သို့ ဆုတ်ကပ်ကြီး ထဲ ရောက်ရှိနေစဉ် လူသားအများစုတို့သည် ဘဝရပ်တည်ရေးအတွက် ရုန်းကန်လှုပ်ရှားမှုများကြောင့် ထိုအကုသိုလ်ဇောများ ကပ်တွယ်ညှိနေမှုတို့ကြောင့် ဘဝကူးကောင်းရန် ခက်ခဲလှတော့သည်။
ထိုသို့သော ဘဝကူးခါနီး စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ခံစားချက်များအား ကျွန်တော်တို့ လျစ်လျူရှု ထား၍မရတော့ချေ။ ထိုသူတို့အားသွားရောက်၍ ဆေးသွင်းပေးခြင်း၊ အားပေးစကား ပြောကြားခြင်းတို့နှင့် မလုံလောက်။ ရှောင်လွဲ၍မရသည့်အရာဖြစ်သော သေချင်းတရားသည် တစ်နေ့နေ့၊ တစ်ချိန်ချိန်၊ တစ်နေ ရာတွင် ကြုံတွေ့ရမည်။ ထိုအခါ သေအံ့ဆဲဆဲ၊ သေအံ့မူးမူး၊ သေလုမျောပါး ဝေဒနာခံစားနေရသော လူများကို တွေ့ရှိရသောအခါ ဘယ်လိုများ လုပ်ပေးရမလဲဆိုသည့် အတွေးမျိုးတွေးမိသည်။

(တစ်ချိန်က ရောဂါဝေဒနာ ခံစားနေရသော လူမမာတစ်ဦးမှ ငွေလှူဒါန်းမှုပြုလုပ်လိုကြောင်း အကြောင်းကြားခဲ့၍ သွား ရောက်အလှူခံခဲ့ပြီး သာဓု … သာဓု … သာဓု ခေါ်ဆိုနိုင်ခဲ့သောဖြစ်ရပ်တွင် ထိုလူနာသည် နောက်ပိုင်း ကျန်းမာသန်စွမ်းလာပြီး နှစ်ရှည်နေထိုင်သွားနိုင်ခဲ့ကြောင်း ကိုယ်တွေ့ကြုံတွေ့ခဲ့ဘူးသည်။ နောက်တစ်ဦးမှာ လည်း မဆုံးခင်စပ်ကြား လှူဒါန်းမှုပြုလိုသောဆန္ဒကြောင့် ကျွန်တော်တို့အား အကြောင်းကြားခဲ့၍ ထိုလူနာ ရှိရာ နေအိမ်သို့သွားရောက်ခဲ့ရာ ကားလမ်းပိတ်ဆို့မှုများကြောင့် အတန်ငယ် နောက်ကျသွားခဲ့သည်။ ထိုအချိန် လူနာ၏ အိမ်သို့ဝင်ရောက်သည်နှင့် မိသားစုများ၏ မျက်လုံးများသည် ကြေကွဲမျက်ရည်စများနှင့် ဆီးကြိုကြသည်။ လှူဒါန်းမည့်လူနာထံသို့ ကျွန်တော်တို့အား ခေါ်ဆောင်သွားခဲ့ရာ လူနာသည် လက်ထဲ တွင် လှူဒါန်းမည့်ငွေအား ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း အသက်ကားမရှိတော့ချေ။ ထိုဖြစ်ရပ်အား ကျွန်တော်တို့၏ လူမှုရေးသက်တမ်းတစ်လျှောက် ရင်နာဖွယ်ရာ ဖြစ်ရပ်ဖြစ်ခဲ့ရသည်။)

ထို့ကြောင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် သေဆုံးသွားသော ဆင်းရဲချမ်း သာ၊ လူမျိုးဘာသာမရွေးတို့အတွက် (အခမဲ့) သင်္ဂြိဟ်ပေးရုံဖြင့် တာဝန်ကျေပွန်ပြီဟု သတ်မှတ်၍မရချေ။ ဘဝကူးပြောင်းခါနီး သေဆုံးအံ့ဆဲဆဲ လူသားများအတွက် ဘဝကူးကောင်းရန် တာဝန်ကိုပါ ထမ်းဆောင် ရတော့မည်ဖြစ်သည်။ ထို့ကြောင့် ဝေဒနာခံစားနေရသော ကျန်းမာရေးချို့တဲ့နေကြသော ကာယကံရှင် တို့၏ ဆန္ဒအလျှောက်ဖြစ်စေ၊ မိသားစုဝင်တို့၏ ဆန္ဒအလျှောက်ဖြစ်စေ၊ ဆရာတော် သံဃာတော်တို့၏ မေတ္တာပို့သသံ၊ သရဏဂုံ ဆောက်တည်မှုပေးသော တရားသံ၊ မသေခင်စိတ်ချရသော တရားထူးတို့အား လိုလားတောင်းတခဲ့ပါလျှင် နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ဆရာတော် သံဃာတော်တို့အားပင့် လျှောက်ကာ ကာယကံရှင်ရှိရာ ဆေးရုံ (သို့) နေအိမ်များသို့ လိုက်လံပို့ဆောင်ပေးသော ကောင်းမှုကုသိုလ် တော်ကြီးတစ်ရပ်အား လုပ်ဆောင်ပေးရန် ဆုံးဖြတ်လိုက်ရပါတော့သည်။

ဘဝကူးမည့်သူများအတွက် ဘဝ ကူးကောင်းရန် လမ်းစတစ်ခုကို ကျွန်တော်တို့ ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ပြု၍ စတင်လမ်းဖောက် ပေးခဲ့ပြီ ဖြစ်တော့သည်။ မြန်မာပြည်အရပ်ရပ်ရှိ လူမှုရေးအသင်းအဖွဲ့များသည်လည်း ဤကောင်းမှုတော် ကြီးအား လုပ်ဆောင်ကြရန် ဝန်လေးမည်မဟုတ်ဟု ယုံကြည်မိပါသည်။

ထို့ကြောင့် သေခါနီးသောသူတို့အတွက် ရဲရဲကြီး သေရဲပြီး အရာအားလုံးအား သံယောဇဉ်ဖြတ်နိုင် ကြကာ အမရပူရ မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ဟောကြားထားသကဲ့သို့ “သေခါနီးလေ ပျော်စရာကောင်းလေ” ဟူသော စကားရပ်အတိုင်း ဘဝ ဘဝတို့သည် ကူးပြောင်းခြင်း လှပစေတော့မည့် ကုသိုလ်ကောင်းမှုတော်ကြီးတစ်ရပ်အား ၂ဝ၁၃ ဇူလိုင် (၁၉) ရက် (အာဇာနည်နေ့) မှစတင်၍ ပေးဆပ် တော့မည်ဖြစ်ပါသည်။
ကျော်သူ