တကယ်တော့လည်း ကျမတို့လူဘဝဆိုတာ ကမ်း မမြင် လမ်းမမြင်သည့် ပင်လယ်
သမုဒရာပြင်ကျယ်ကြီးမှာ ကိုယ်တိုင်ထိန်းချုပ်ပဲ့ကိုင်သော ရွက်လှေတစ်စင်းစီဖြင့်
ခရီးနှင်နေကြရခြင်းပဲမဟုတ်လား။ ဟိုးငယ်ငယ်ကလေးဘဝအရွယ် တုန်းကတော့
ရေပြင်ကိုမြင်လျှင် လှေလွှတ်ချင်စိတ်တွေ ပဲရှိခဲ့၏။
ကျမငယ်စဉ်က ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းက ရွာကြီးတစ်ရွာတွင် ခေတ္တ
သွားရောက်နေထိုင်ခဲ့ရဖူးသည်။ ခြံဝင်းကြီးမှ အကျယ်ကြီး၊ စတုရန်းပေပေါင်း
နှစ်သောင်းလောက်တော့ ရှိမည်ထင်သည်။ အဲသည်ခြံကြီး၏ ပတ်ပတ်လည်မှာ
မြင့်မား ၍အရွက်အရိပ်စိပ်သော မန်ကျည်းပင် များစီတန်း၍ ရှိနေသေးသည်။ ခြံရှေ့
က သုံးပေလောက်ကျယ်သော ရေမြောင်းသည် နွေရာသီ မှာ ရေမစီးသော်လည်း
မိုးရာသီနှင့် မြောင်းရေလွှတ်သည့် ကာလများတွင် ဒူးဆစ်ထိမြင့်သောရေဖြင့်
ချောင်းကလေးတစ်ခုအဖြစ် စီးဆင်းနေကျဖြစ်သည်။
အိမ ်ခြံဝင်းတံခါးပေါက်နှင့် ရှေ့ကတာလမ်း ကို ဆက်သွယ်ထားသော သစ်လုံးခင်း
တံတားပြင်ကလည်း တော်တော်ကျယ်သည်။ ထို တံတားပြင်ပေါ်မှာရေမြောင်းထဲသို့
ခြေချ၍ ထိုင်သည့်အခါ ရေက ကျမ၏ ခြေမျက်စိထိ နစ်နေလေ့ရှိသည်။ တစ်ခါ
တစ်ခါ မြောင်းကြီး မှ ရေလွှတ်များသည့်အချိန် တံတားသစ်လုံး၏ အစပ် ထိပင်
ရေမြင့်သည့်အခါ ကျမခြေသလုံးအပေါ်ပိုင်းအထိ ရေမြုပ်တတ်၏။ ရေစီး၏တိုး
တို က်မှုကို အဆန်းတကြယ်ခံယူရ င်း ကျမအမြဲစိတ်ကူးပေါ်လေ့ရ ှိသည်က စက္ကူလှေ
လုပ်ဖို့၊ စက္ကူလှေသည် ကလေးတိုင်းလုပ်ဖူးနေကျ လက်မှုအနုပညာဖြစ်သလို စက္ကူ
လှေလွှတ်ခြင်းသည် ကလေးတိုင်း ဆော့ကစားဖူးနေကျ ကစားနည်းဖြစ်လိမ့်မည်။
စက္ကူလှေ ကိုချိုးသည့်အခါ ရိုးရိုးစင်းစင်းစက္ကူလှေနှင့် တက်မပါသော စက္ကူလှေရယ် လို့ နှစ်မျိုးရို၏။ ကျမကတော့ ရိုးရိုးစင်းစင်း စက္ကူလှေကလေးသာ ချိုးတတ်သည်။
ထိုစက်ကူလှေကလေးကို မြောင်းရေထဲတွင် ကျမချလိုက်လျှင် လှေကလေးသည်
ရေစီးအတိုင်း လျှင်မြန်စွာပြေးလေသည်။ ထိုလှေကလေး မျက်စိအောက်မှပျောက် သွားသည်အထိ (ကိုယ့်ခြံဝင်းရှေ့က ရေမြောင်းထဲမှာ အနှောင့်အယှက်မရှိတစ်ဖက်
ခြံကျော်သည်အထိ) တရွေ့ရွေ့ ရွက်လွှင့်သွားတာကို မြင်ရလျှင်ဘယ်လို ပျော်မှန်း မသိ ပျော်မိ၏။ ထိုလှေကလေး တာလွှတ်ပြီး ဘယ်လောက်မှမကြာခင် ဟို ငြိသည်
ငြိငြိပြီး ကမ်းစပ်မှာ သောင်တင်နေလျှင် တုတ်ချောင်းကလေးဖြင့်ထိုးကော် ကာ ထပ်သွားစေဖို့ ကြိုးစားမိသေး၏။ တကယ်တော့လည်း ငြိပြီးလဲပြိုနစ်စဉ်က တည်း က စက္ကူကရေစိုစွတ်ပြီးပြီ။ ဤလှေသည် ပြန်လည်ထောင်မတ်ပြီး ခရီးနှင်ဖို့ ဆိုတာ သိပ်မဖြစ်နိုင်ပေ။ ရေစိုချပ်ပြားကလေးအဖြစ် တုံလုံးပက်လက် လဲရင်းမျောဖို့ သာရှိတော့ သည်။
အဲသည်တုန်းက စက္ကူလှေကလေးတစ်စင်း နစ်နေပြီဆိုလျှင်၊ နောက်စက္ကူတစ်ရွက်
ဖြုတ်ပြီး အလျှင်အမြန် နောက်တစ်စင်းချိုးနိုင်၏။ ရေမှာချပြီး လွှတ်နိုင်သေး၏။
ဒါကြောင့်လည်းကလေးဘဝဟာပျော်စရာကောင်းခဲ့ ခြင်းဖြစ်မှာပေါ့။
အသက်နည်းနည်း ပိုကြီးလာလို့ ပန်းချီရေးဆွဲဖို့ဝါသနာပါလာသောအခါမှာလည်း
ကျမသည် ရေပြင်ကို ရေးဆွဲတိုင်း လှေတစ်စင်းထည့်ဖို့ကြိုးစားလာခဲ့သည်။
ဘာကြောင့်လဲတော့ မသိ။ ရေပြင်ဆိုတာ လှေကလေးရှိနေမှ ပြည့်စုံသည်ဟု
ထင်ခဲ့ ပုံရသည်။ ဆွဲလိုက်သည့် လှေကလည်း ရွက်လှေဖြစ်တတ်သည်။ရွက်တိုင် မှာ အဝတ်စကို ရွက်လွှင့်ထားသည့် မြန်မာဆန်ဆန် ရွက်လှေလား၊ပြိုင်ပွဲဝင်
ရွက်လှေ ပေါ့ပေါ့ကလေးတွေလား၊ ကျမ မမှတ်မိပါ။ လေ၏ ထိန်း
ကျောင်းမှုအောက် မှာ ကိုယ့်လှေကို ကိုယ်သွားလိုရာသို့ ပဲ့ကိုင်ပြီး ခရီးနှင်နိုင်သည့်
ဘဝမျိုးကတော့ တော်တော် အားကျစရာကောင်းလှသည်။
တကယ့်လက်တွေ့မှာတော့ ကျမလှေမစီးရဲပါ။
မြစ်ပြင်ကျယ်မှာ လှေဖြင့် စုန်ဆန်သွားလာနေကြသူများကို အားကျပါရဲ့။ သူတို့
နေရာမှာ ကိုယ်က စိတ်ကူးဖြင့်ဝင်ရသည်က တော်တော်ကျေနပ်ဖို့ ကောင်းသည်။
တကယ် ကိုယ်တို င် လှေပေါ်မှာ လိုက်ပါစီးနင်းဖို့ ထို့ထက်ပို၍ ထိုလှေကို ပဲ့ကိုင်လှော်ခတ်ဖို့ ရွက်လွှင့်ဖို့ဆိုတာ ဘယ်လိုမှ သတ္တိမွေးယူလို့မရသည့် အဖြစ်တွေ။
ဘာကြောင့်လဲဆိုတော့ ကိုယ့် ကိုယ်ကို မယုံကြည်လို့ပေါ့။ ကိုယ့်အစွမ်းသတ္တိ ကို
လည်း ကိုယ်မယုံ။ ကံကြမ္မာဆိုတာကိုလည်း မယံ ု။ ကိုယ့် ရွက်လှေကို လေထန်
သည့် မုန်တိုင်းက ဆွဲနှစ်ပစ်မှာလည်း ပူပင်ရသေးသည်။ ဒါကြောင့် လှေမှန်သမျှ၊
ရေမှန်သမျှကို ဘေးကကြည့် ပြီး အားကျရုံပဲ သာယာခဲ့ မိ၏။ ကိုယ်တိုင် ပါဝင်ဖ ို့
ဘယ်တုန်းကမှ စိတ်ကူး ခဲ့သည်မဟုတ်။ သို့သော် ကျမမတွေးမိသည့် အချက်မှာ ကျမသည် ဘဝ၏ ကိုယ်ပိုင်ရွက်လှေဖြင့် ခရီးနှင်နေခဲ့ပြီး ပြီဆိုတာပဲ။
ကျမ၏ရွက်လှေက ဘယ်လောက်ခိုင်ခ ံ့သလဲ၊ ဘယ်လောက်လုံ ခြုံသလဲ ကျမ မသိ။
ဘယ်သူမှလဲ မသိ။ ကိုယ့်လှေက ို လှပအောင်၊ ဆွဲဆောင်မှုရှိအောင် ကျမတို့
ဆေးခြယ်ရင်း.. အောင်မြင်သူတွေရှိမည်။ မအောင်မြင်ခဲ့ သူတွေလည်း ရှိမည်။
လှပနိုင်သူ သစ်လွင်နိုင်သူတို့က ဂုဏ်ယူစွာ ရွက်လွှင့်နေချိန်တွင် မအောင်မြင်သူ
တွေက အစုတ်အပြဲ အဖာအထေးရွက်တို့ဖြင့် မွဲနွမ်းသော လှေကိုယ်ထည်ဖြင့်
နာနည်ကြည်းကြည်း ရွက်လွှင့်နေကြလိမ့်မည်။ ကိုယ့်လှေကို ခိုင်ခံ့သည်ထက်
ခိုင်ခံ့အောင်၊ တာရှည်ခံသည်ထက် ခံအောင်ကြိုးစားပြင်ဆင်လို သူတွေလည်း
ရှိမည်။ ကံစီမံရာပဲဟု ကံကြမ္မာအပေါ်ယုံပြီး ပုံအပ်ထားသူတွေလည်းရှိမည်။
မုန်တိုင်းဗဟိုနှင့် နီးသူတွေရှိမည်။ အဖျားအနားပဲ ထိသူတွေရှိမည်။ အချိန်မတိုင်မှီ
နစ်သူတွေ ရှိမည်။ (အချိန်တိုင်ခြင်း၊ မတိုင်ခြင်းကိုရော ဘယ်သူက
ဆုံးဖြတ်ပေးမလဲ)
ကျမတို့ခရီးနှင်ရာ၏ အဆုံးပန်းတိုင်က ဘာလဲ၊ အမှန်အတိုင်းပြောရလျှင် ကျမ
မသိပါ။ နှစ် မြှပ်ခြင်းသည် ခရီးဆုံးလား၊ မနစ်မြုပ်ဘဲ ခရီးဆက်ခွင့်သာ ရခဲ့လျှင်
ဟိုဘက် မှာ ဘာရှိသလဲ၊ ဘာကို မျှော်လင့်ပြီး ကျမတို့ရွက်လွှင့်နေကြတာလဲ။
မေတ္တာတရားအတွက်လား၊ ဗြဟ္မစိုရ်တရား အတွက်လား၊ ဒါမှမဟုတ် နိဗ္ဗာန်ဟု
စကားအရသာသိပြီး တကယ်လက်တွေ့ ကျမ မသိမြင်နိုင်သော စိတ်အခြေအနေ
တစ်ခုစီသို့လား။ သီးသန့် နေရာတစ်ခုဆီသို့လား။
ရော့ဒ်စတူးဝပ်၏ ရွက်လွှင့် ခြင်းကို နားထောင်ရစဉ်ကတော့ ဦးတည်ရာရှိသူ၏
ရွက်လွှင့်ခြင်းတစ်ခုအပေါ် အားကျပြီး မုဒိတာပွားခဲ့ရဖူးသည်။ ဘုရားသခင်နှင့်
နီးရာ၊ အရှင်သခင်ရှိရာ အရပ်ဆီသို့ဦးတည် ၍ ရွက်လွှင့်နေခြင်း ဖြစ်နိုင်သည်။
ဘယ်လောက် အဓိပ္ပာယ်ရှိလိုက်တဲ့ ဘဝဖြစ်မလဲ။
ကျမကရော ဘယ်ကို ဦးတည်ပြီး ရွက်လွှင့်နေခဲ့ပါသလဲဟု ကိုယ့်ကိုယ်ကို ပြန်လည် ဆန်းစစ်ကြည့်သောအခါ ကျမ တော်တော်လန့်သွားသည်။ ဘာကိုဦးတည် မှန်းသာ မသိပေမယ့် ခရီးကတော့ အတော်ပေါက်ခဲ့ ပြီးလေပြီ။ ကျမ၏ရွက်လှေပေါ်မှာလည်း လိုချင်၍သယ်ယူခဲ့သော ပျော်ရွှင်မှုများ၊ မလိုချင်ပါ ဘဲနှင့် လက်ခံယူခဲ့သည့် အမှား များ၊ လွှင့်ပစ်လို့ရလျှင် ချက်ခြင်း လွှင့်ပစ် လိုက်ချင်သော နောင်တများ.. စသည်ဖြင့် ကုန်စည်ပစ္စည်း များလည်းအသင့်အတင့် စုံခ ဲ့ပြီ။
ကျမ ဘယ်ကိုရောက်မှာလဲ ဆိုတာကိုလည်း သိချင်လာပြီ။ မုန်တိုင်းကြောင့်
(သို့မဟုတ်) ကျမ၏ ပဲ့ကိုင်ထိန်းချုပ်ခြင်းအတတ် ညံ့ဖျင်းမှုကြောင့် လှေကလေး
နစ်သွားလေမလားဟုလည်း စိုးရိမ်ပူပန်လှပြီ။ ဘယ်သူကမှ အာမခံပေးလို့မရသည့်
ဟောသည် သမုဒရာပြင်ကျယ်ကြီးထဲမှာ မင်းရဲ့လှေ ဘာမှဖြစ်မှာမဟုတ်ပါဘူး
ဟူသောဖျောင်းဖျ နှစ်သိမ့်အားပေးမှုကိုလည်းတစ်ဖက်က ကြားချင်နေပြန်သည်။
ကိုယ်တောင် ဘယ်အချိန် နစ်မလဲဟု မသိနိုင်သည့်ခရီးမှာ သူများလှေတွေ နစ်လု
မတတ်ဖြစ်တာ၊ နစ်သွားတာတွေကို သူရဲကောင်းဆန်ဆန် ကယ်တင်နိုင်
လေမလားဟုလည်း ကိုယ့်ကိုယ်ကို ဘဝင်မြင့် ခဲ့ပြီးပြီ။ ကိုယ့်လှေခိုင်ခံ့အောင်၊
လုံခြုံအောင် ပြုပြင်တည်ဆောက်မည့်အစား အပေါ်ယံဆေးခြယ်မှုကို ပို၍ ဦးစား
ပေးခဲ့မိသည့်ကာလကလည်းတော်တော်ရှည်ကြာခဲ့ ပြီ။
ရှေ့ဆက်ပြီး ကျမ၏လှေခိုင်ခံ့ဖို့သာကြိုးစားရတော့မည်။ အချိန်တော့ နောက်
မကျသေးဟု မျှော်လင့်ရပါသည်။ ကျမ၏ လှေထဲမှာသယ်ယူခဲ့သည့်ပျော်ရွှင်ခြင်း ဆိုတာတွေက အခုအချိန်မှာ ပြန်လည်သုံးလိ ု့မရတော့သည့် တစ်ခါသုံးပစ္စည ်းတွေ၊ စွန့်ပစ်အမှိုက်တွေသာ ဖြစ်တော့သည်။ လူ့ဘဝမှာ တကယ်လိုအပ်သည် က ပျော်ရွှင်ခြင်းမဟုတ်၊ သတ္တိသာ ဖြစ်သည်ဟုကျမတွေးတောစ ပြုလာပြီ။
ကျမက ကျမလိုအပ်သည့်အရာမှာ ပျော်ရွှင်မှုဟု ထင်ခဲ့ဖူး၏။ ငွေကြေးဥစ္စာ ဟု
ထင်ခဲ့ဖူး၏။ အောင်မြင်ကျော်ကြားမှုဟု ထင်ခဲ့ ဖူး၏။ အဲဒါတွေကို ရမှဖြစ်မည်ဟု
ထင်ကာ မနိုင်မနင်း သယ်ယူခဲ့ ပြီးပြီ။ ကျမလိုအပ်သာ ဒါမဟုတ်ဘူး ဟု သိသလိုလို
ရှိလာချိန် မှာ ဒါတွေကို လွှင့်ပစ်ဖို့လည်း မဖြစ်နိုင်။ အဲသည်အရာတွေနှင့် ကျမက
တော်တော်ကြီး ပေါင်းစပ်ငြိတွယ်နေခဲ့ပြီးပြီ မဟုတ်လား။ လှေကလေးပေါ့အောင်
ကိုယ်ထိန်သိမ်းတိုင်း လိုရာရောက်အောင်က အဲဒါတွေကို ပစ်ချခဲ့မှရမည်ထင်ပါရဲ့။
အခုတော့ ကျမ ရွက်လည်း လွှင့်နေဆဲ။ လေးလံသော အပိုပစ္စည်း များကိုလည်း
လွှင့်ပစ်ဖို့ကြံရွယ်ရင်း တွယ်ဖက်နေဆဲ။ လှေကလေး ခိုင်ခံ့ဖို့ ပြုပြင်တည်ဆောက်
မှဖြစ်မည်ဟူသော အသိတရားကလေး ရေးရေးပေါ်လာပြန်တော့ အလုပ်စတင်ဖို့ တွန့်ဆုတ်နေဆဲ။
အဲသည်လို နှင့် သည်လှေ၏ သက်တမ်းကလှေတစ်စင်း၏ ယေဘုယျသက်တမ်း
ထက်ဝက်ပင်ကျော်ခဲ့ပြီ။ ရှေ့မှာ ခရီးကမိုင်ပေါင်းများစွာ ရေပြင်ကြီး။ ဘာကမ်း..
ဘာသောင်မှ မမြင်ရသေးသည့် ရေပြင်ကျယ်ကြီး..။ သည်လှေနှင့် သည်ခရီး
မျှတပါရဲ့လား ကျမ မသိ။
ကျမ ....ဘာမှ.... မသိပါ..။
ဂျူး