Monday, May 12, 2014

ဆွန်ဇု၏ စစ်ပညာကျမ်း ။ ။ အခန်း(၃)




စစ်မဟာဗျူဟာနည်းအရ စစ်ဆင်ရာမှာ ရန်သူ့တိုင်းပြည်တစ်ပြည်လုံးကို ပကတိအညံ့ခံလာစေပြီး သိမ်း ပိုက်အောင်နိုင်ခြင်းကား အကောင်းဆုံးနည်းဖြစ်သည်

မဟာဗျူဟာမြောက် ထိုးစစ်

ဆွန်ဇုက ဤသို့မိန့်ဆိုထား၏ ...

စစ်မဟာဗျူဟာနည်းအရ စစ်ဆင်ရာမှာ ရန်သူ့တိုင်းပြည်တစ်ပြည်လုံးကို ပကတိ အညံ့ ခံလာစေပြီး သိမ်း ပိုက်အောင်နိုင်ခြင်းကား အကောင်းဆုံးနည်းဖြစ်သည်။ တိုင်းပြည် ဖြိုခွင်းပြီး အောင်နိုင်ခြင်းကား သင့်ရုံသာရှိသည်ဟု ဆိုရအံ့။ ရန်သူ့တပ်မတစ်ခုလုံးကို ပကတိအညံ့ခံလာအောင် ချိုးနှိမ်အောင်နိုင်ခြင်းကား အကောင်းဆုံးနည်းဖြစ်၏။ ရန်သူ့တပ်မကို ဖြိုခွင်းပြီးအနိုင်ရလိုက်ခြင်းကား သင့်ရုံသာရှိသည်ဟု ဆိုရအံ့။


ရန်သူ့တပ်ရင်း တစ်ရင်းလုံး ပကတိအညံ့ခံလာအောင် ချိုးနှိမ်အောင်နိုင်ခြင်းကား အကောင်းဆုံးဖြစ်၏။ ရန်သူ့တပ်ရင်းကို ဖြိုခွင်းအောင်နိုင်ခြင်းကား သင့်ရုံသာရှိသည် ဟု ဆိုရအံ့။ ရန်သူ့တပ်ခွဲ တစ်ခွဲလုံး ပက တိ အညံ့ခံလာအောင် ချိုးနှိမ်အောင်နိုင်ခြင်း ကား အကောင်းဆုံးဖြစ်၏။ တပ်ခွဲကို ဖြိုခွင်းအောင်နိုင်ခြင်းကား သင့်ရုံသာရှိသည် ဆိုရအံ့။ ရန်သူ့တပ်စိတ် တစ်စိတ်လုံး ပကတိအညံ့ခံလာအောင် ချိုးနှိမ်အောင်နိုင်ခြင်း ကား အကောင်းဆုံးဖြစ်၏။ တပ်စိတ်ကို ဖြိုခွင်းအောင်နိုင်ခြင်းကား သင့်ရုံသာရှိသည် ဆိုရအံ့။

တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ ဆင်နိုင်သူတိုင်း အကောင်းဆုံးအတော်ဆုံးဟု မဆို ထိုက်သေးချေ။မတိုက်ရပဲနှင့် ရန်သူ့အင်အားကို ချိုးနှိမ်အညံ့ခံလာရအောင် လုပ်နိုင် သူသည်သာ အကောင်းတကာ့ အကောင်းဆုံး အတော်ဆုံးဟု ဆိုထိုက်ပေသည်။

စစ်တိုက်ရာတွင် ထိပ်တန်းအကောင်းဆုံးနည်းလမ်းကား ဗျူဟာမြောက်နည်း ပရိယာယ်ဆင်ခြင်းဖြင့် ရန်သူကို မတိုက်ခိုက်ရပဲ ချိုးနှိမ်အောင်နိုင်ခြင်းဖြစ်၏။ ဒုတိယ နည်းလမ်းကား သံရေးတမန်ရေးအရ ရန်သူ၏မဟာမိတ်များကို သပ်လျှိုဖြိုခွင်းပြီး ချိုးနှိမ်အောင်နိုင်ခြင်းဖြစ်၏။

တတိယ နည်းလမ်းကား စစ်အင်အားသုံးပြီး ရန်သူ့တပ်ကို တိုက်ခိုက်ဖြိုခွင်း အောင်နိုင်ခြင်းဖြစ် ၏။ မ တတ်သာဆုံးနည်းလမ်းကား မြို့ကြီးပြကြီးများကို ဝန်းရံတိုက်ခိုက် ဖြိုခွင်းအောင်နိုင်ခြင်းဖြစ်၏။

မြို့ကြီးပြကြီးများကို ဝန်းရံတိုက်ခိုက်ရခြင်းမှာကား မလွှဲမရှောင်သာသောကြောင့် သာ ဖြစ်ရပေမည်။ အဘယ်ကြောင့်ဆိုသော် မြို့ပြများကိုဝန်းရံတိုက်ခိုက်ရန်အတွက် ဒိုင်းလွှား၊ မျှော်စင်ပါ လှည်းယာဉ်ကြီး များ ပြုလုပ်တည်ဆောက်ခြင်း၊ အခြားအသုံး အဆောင် ယန္တရားလက်နက်များ စုဆောင်းခြင်းတို့အတွက် လပေါင်းများစွာ အချိန်ကုန် သွားနိုင်၏။


မြို့ရိုးတံတိုင်းများကို ကျော်တက်စီးနင်းနိုင်အောင် မြေတာတောင်ပို့ကြီးများ ဖို့ခြင်း အလုပ်ကိုလည်း   နောက်ထပ် လပေါင်းများစွာ အချိန်ယူရဦးမည်ဖြစ်၏။ သို့နှင့် တပ်မှူး များက စိတ်လောစိတ်မ ရှည်နိုင်ပဲ   ဒေါကြီးလောကြီးပြီး တပ်သားများကို မြို့ရိုး တစ်လျှောက် အစုအပြုံလိုက်သဲကြီးမဲကြီး တက်တိုက် ခိုင်းလေသော် သုံးပုံတစ်ပုံ ခန့်သော တပ်သားများကျဆုံးကုန်သည့်တိုင် မြို့ကိုသိမ်းပိုက်မရပဲဖြစ်တတ်၏။ ဤသည်မှာကား ရန်သူ့မြို့ပြများကို ဝန်းရံတိုက်ခိုက်သောကြောင့် ဖြစ်ပေါ်ကြုံတွေ့ လာနိုင်သော ဆိုးကျိုး ဆိုးပြစ်များဖြစ်ပေသည်။

စစ်ရေးကျွမ်းကျင်သူတို့အနေနှင့် ရန်သူ့တပ်ကို မတိုက်ခိုက်ရပဲ အညံ့ခံလာအောင် ချိုးနှိမ်အနိုင်ယူ တတ်ကြ သည်။ ရန်သူ့မြို့ပြများကို ဝန်းရံမတိုက်ခိုက်ရပဲ သိမ်းပိုက်နိုင်အောင် စွမ်းဆောင်တတ်ကြသည်။ ရန်သူ့ တိုင်းပြည်ကို ရေရှည်ဆွဲမတိုက်ရပဲ ဖြိုခွင်း သိမ်းပိုက်နိုင်ကြပေသည်။ ၎င်းတို့သည် ဘက်စုံအ လုံးစုံ   အောင်နိုင်ရေး စစ်ဗျူဟာများ တစ်ထစ်ကျချမှတ်ကျင့်သုံးပြီး ဇမ္ဗူတစ်လွှားယှဉ်ပြိုင်အနိုင်ရအောင် စွမ်းဆောင် ကြ ကုန်သည်ဖြစ်၏။ သို့ဖြစ်သောကြောင့်လည်း မိမိ၏စစ်အင်အားကို ပျက်စီးဆုံးရှုံးမှု မရှိစေပဲ အောင်ပွဲကိုဘက်စုံမှ အပြည့်အဝရရှိနိုင်စေခဲ့လေသည်။ ဤသည်ကား စစ်မဟာဗျူဟာ နည်းပရိယာယ် ဉာဏ်ဖြင့် ထိုးစစ်ဆင်ခြင်း ဟူသတည်း။


စစ်ရေးနည်းဗျူဟာ ကျင့်သုံးရာမှာ ရန်သူ့ထက် အင်အားဆယ်ဆသာလျှင် ဝိုင်းပိတ် တိုက်ပါ။ ရန်သူထက် အင်အားငါးဆသာလျှင် ထိုးစစ်ဆင်ပါ။ ရန်သူထက် အင်အားနှစ် ဆ သာနေလျှင် ရန်သူ့အင်အားကို အပိုင်း ပိုင်းစိတ်၍တိုက်ပါ။ အင်အားချင်းတူနေလျှင် ယှဉ်တိုက်နိုင်ရမည်။ မိမိအင်အားလျော့နည်းနေ လျှင်   ရှောင်ပြေး တတ်ရမည်။ ရန်သူ့ အင်အားကြီး၍ မယှဉ်သာလျှင် တိမ်းရှောင်တပ်ဖျောက်နေတတ်ရမည်။ ထို့ကြောင့် အင်အားခြင်းမမျှပဲ ခေါင်းမာစွာရင်ဆိုင်တိုက်ခိုက်ခြင်းသည် အင်အားကြီးသော ရန်သူ တို့ ၏ သုံ့ပန်းအဖြစ်သို့ ကျရောက်တတ်ပေသည်။

စစ်သူကြီးများ၊ တပ်မှူးများကား တိုင်းပြုပြည်ပြုအတွက် အထောက်အကူပြုသော အကျိုးတော်ဆောင် လက်ရုံးကြီးများဖြစ်ကြပေသည်။ အကျိုးတော်ဆောင် လက်ရုံးကြီး များအနေနှင့် ထောင့်စေ့အောင် အပြုသဘောအကျိုးပြု အားဖြည့်စွမ်းဆောင်ပေးနိုင် လျှင် နိုင်ငံတော်အင်အား ဧကန်မလွဲ တောင့်တင်း ခိုင်မာလာမည်ဖြစ်သည်။ အကျိုးပြု အားဖြည့်စွမ်းဆောင်မှု ချွတ်ယွင်းချွတ်ချော်လစ်ဟင်းနေ လျှင် နိုင်ငံတော် အင်အားမုချ ချိနဲ့နေမည်ဖြစ်သည်။

အုပ်စိုးသူတို့ကြောင့် တပ်ကိုဆိုးကျိုးဒုက္ခပေးနိုင်သော အကြောင်းရပ်သုံးမျိုးရှိ၏။ ၎င်းမှာ အုပ်စိုးသူတို့ အနေနှင့် တပ်ကိုရှေ့တိုးချီတက်ရန် မသင့်တော်ကြောင်း မရကြောင်းကို မသိနားမလည်ပဲနှင့် အမိန့်ပေး အတင်းချီတက်စေခြင်း၊ တပ်ကိုနောက်သို့ဆုတ်ခွာရန် မသင့်တော်ကြောင်း မဖြစ်ကြောင်းကို မသိနား မ လည်ပဲနှင့် အမိန့်ပေးအတင်းဆုတ်ခွာစေခြင်းဖြစ်၏။ ဤအကြောင်းအရာမျိုးကို တပ်အားအကျပ်ကိုင် တုတ်နှောင်မှုမျိုးဟု ဆိုရပေမည်။

အခြားတစ်မျိုးက အုပ်စိုးသူတို့အနေနှင့် တပ်များ၏စစ်စည်းကမ်း အုပ်ချုပ်စီမံမှုအခြေ အနေများကို မသိ နားမလည်ပဲနှင့် တပ်တစ်ခုလုံးတွင် မြို့ပြအုပ်ချုပ်မှုပုံစံမျိုးနှင့် ပါဝင် စီမံခန့်ခွဲခြင်းဖြစ်၏။ ဤသည်ကို တပ်မတော်သားများအား တွေဝေစိတ်အနှောင့် အယှက်ဖြစ်စေခြင်းမျိုးဟု ဆိုရပေမည်။

နောက်တစ်မျိုးကား အုပ်စိုးသူတို့အနေနှင့် တပ်များ၏ စစ်ရေးစစ်ရာအခြေအနေအရ လိုက်လျောညီထွေစွာ ပါးပါးနပ်နပ်လှုပ်ရှားပြောင်းလဲမှု ပြုလုပ်ရသည့် နည်းပရိယာယ် ဗျူ ဟာများကို မသိနားမလည်ပဲနှင့် တပ်များ ၏ဦးစီးညွှန်ကြားမှုတွင် ပါဝင်ခြယ်လှယ် အမိန့်ပေးလာခြင်းမျိုး ဖြစ်၏။ ဤသည်ကို တပ်သားများအား ယုံကြည်မှု ယိုယွင်း၊ ဒွိဟ သံသယစိတ် ပွားစေခြင်းမျိုးဟု ဆိုရပေမည်။

ဤသို့ တပ်တစ်ခုလုံးတွင် တွေဝေစိတ်များ၊ ဒွိဟသံသယစိတ်များ ရောပြွမ်းပေါက် ဖွားနေလေသော် ယင်းကို အကြောင်းပြု၍ နယ်စားပယ်စား မြို့ပြပြည်ထောင်မင်း များက ကျူးကျော်ရန်စ တိုက်ခိုက်ဒုက္ခပေးလာ ကြတော့မည်ဖြစ်သည်။ ဤသည်ကား တပ်တစ်ခုလုံးကို ကိုယ့်ဘာသာကိုယ် ခလောက်ဆံအောင် ဖန်တီး ပြီးပျက်စီးဆုံးရှုံးရာ သို့ တွန်းပို့ခြင်းသာဖြစ်သည်။

ထို့ကြောင့် ကြိုတင်သိနိုင်စွမ်းသော စစ်အောင်နိုင်ရာသော အကြောင်းတရား ငါးရပ် ရှိ၏။

၎င်းတို့မှာ ... .. .

အခြေအနေအရ တိုက်နိုင်ခြင်းကိုလည်းကောင်း၊ မတိုက်နိုင်ခြင်းကိုလည်းကောင်း ခန့်မှန်း သိစွမ်းနိုင်သော သူသည် စစ်အောင်နိုင်ရာ၏။

တပ်အင်အားအနည်းအများအလိုက် အသုံးချအုပ်ချုပ်စီမံ တိုက်ခိုက်တတ်သူသည် စစ်အောင်နိုင်ရာ၏။

အဆင့်ဆင့်ထက်အောက် တပ်မှူးတပ်သားများ တစ်စိတ်တစ်ဝမ်းတည်းဖြစ်အောင် ဖန်တီးနိုင်စွမ်းသူသည် စစ်အောင်နိုင်ရာ၏။

မိမိဘက်က အသင့်ပြင်ဆင်မှုရှိပြီး အသင့်မရှိသေးသောရန်သူကို စောင့်စားရင်ဆိုင် တိုက်ခိုက်နိုင်သူသည် စစ်အောင်နိုင်ရာ၏။

စစ်သူကြီးများ တပ်မှူးများအနေနှင့် အရည်အချင်းပြည့်ဝပြီး အုပ်စိုးသူများပါဝင် စွက်ဖက်   ခြယ်လှယ်ခြင်းကို မခံရသူသည် စစ်အောင်နိုင်ရာ၏။ 

ဤကား ကြိုတင်သိနိုင်စွမ်း သည့် စစ်အောင်နိုင်ရာသော အကြောင်း တရားငါးရပ်ဖြစ်ပေသည်။


ထို့ကြောင့် ဤသို့ အဆိုအမိန့်ရှိ၏ .....
သူ့အကြောင်း ကိုယ့်အကြောင်း သိကျွမ်းလျှင် တိုက်ပွဲတိုင်း အန္တရာယ် ကင်းကင်းနှင့်  
အောင်မြင်ရာ၏။ 

သူ့အကြောင်းမသိ ကိုယ့်အကြောင်းသာသိလျှင် နိုင်သည်လည်း ရှိမည်၊ ရှုံးသည်လည်း ရှိမည်။ 

ကိုယ့်အကြောင်း သူ့အကြောင်း လုံးဝမသိလျှင် တိုက်ပွဲ တိုင်း မုချ ရှုံးလိမ့်မည်။



ဆွန်ဇု၏ စစ်ပညာကျမ်း ။ ။ အခန်း( ၂)
ဆွန်ဇု၏ စစ်ပညာကျမ်း ။ ။ အခန်း( ၁)
ဆွန်ဇု၏ စစ်ပညာကျမ်း ( မြန်မာပြန် ) မိတ်ဆက်

Subscribe Us