လူဟာ ပညတ်တစ်ခုပါ။ အမည်နာမတစ်ခုပါပဲလို့ဆိုရင် သင်လက်ခံမှာပါလား။ တကယ်တော့ လူဆိုတာ ခေါင်း၊ ခြေ၊ လက်၊ ကိုယ်ခန္ဓာ၊ ကလီစာစတဲ့ (၃၂ ) ကောဋ္ဌာသ အစိတ်အပိုင်းတွေကို ပေါင်းစပ်ပြီး “လူ” လို့ ခေါ်တာပါ။
ဒါဆိုရင် ဦးခေါင်းကတော့ အမှန်ပဲလား။ သူလည်း ပညတ်တစ်ခုပါပဲ။
ဦးခေါင်းမှာ မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်၊ ဆံပင်၊ ဦးနှောက် စသည်ဖြင့် အင်္ဂါတွေအများကြီး စုစည်းပြီးမှ ဦးခေါင်းဆိုတဲ့ ခေါ်ဝေါ်သတ်မှတ်စရာ အမည်ပညတ်တစ်ခု ဖြစ်လာတာပါ။ ကဲ ဒါဆိုရင် မျက်လုံးကတော့ အမှန်ပဲလား။ ဒါလည်း အမှန်တရားမဟုတ်တဲ့ ပညတ်တရားပါပဲ။ မျက်လုံးထဲမှာ မျက်ကြည်လွှာ၊ သူငယ် အိမ်၊ မှန်ဘီလူး၊ ဂျယ်လီရည်၊ အကြောအမျှင်စတဲ့အရာတွေ စုပေါင်းထားတဲ့ အမည်ခေါ်စရာ ပညတ်တစ်ခုပါ။
ဒါဖြင့် သူငယ်အိမ် မျက်ဆံနက်ကရော ပညတ်ပဲလား။ ဟုတ်ပါတယ်။ သူလဲ ခေါ်စရာ ပညတ်တစ်ခုပါပဲ။ မျက်ဆံနက်ထဲမှာ ရောင်ခြယ်ဆဲလ်တွေ၊ တစ်ရှုးဆဲလ်တွေ၊ သွေးကြောမျှင်လေးတွေ စတဲ့ အစိတ်အပိုင်းပေါင်းများစွာ ပေါင်းစပ်ထားတာပါ။ သူလည်း အမှန်တရားအဖြစ် မသေချာသေးပါဘူး။
အဲဒါတွေကို အဆင့်ဆင့်ထပ်မံခွဲစိတ်လိုက်ရင်တော့ အီလက်ထရွန်၊ ပရိုတွန် နဲ့ နျူထရွန်တို့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ အက်တမ်အမှုန်အထိ သိပ္ပံနည်းအရ ခွဲစိတ်နိုင်ပါတယ်။
ပရိုတွန်ဓာတ်ဖိုပါရှိနေတဲ့ နျူကလိယဝတ်ဆံ ကို လှည့်ပတ်နေတဲ့ အီလက်ထရွန်ဓာတ်မဟာ သူ့လမ်း ကြောင်းပေါ်မှာပဲ ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေတဲ့ (ဖြစ်-ပျက်)သဘောကို သိပ္ပံပညာရှင်တွေဟာ မကြာခင်ကမှ နောက်ဆုံးတွေ့ရှိချက်အဖြစ် ဖော်ထုတ်နိုင်ခဲ့ကြတာပါ။
ဗုဒ္ဓနည်းအရကတော့ အဲဒီအက်တမ်အမှုန်ကိုတောင်မှ (၃၆)ပုံထပ်မံခွဲစိတ်ပြီး တစ်ပုံကို ပရမာနုမြူလို့
ဗုဒ္ဓကတော့ အဲဒီရုပ်ကလာပ်စည်း(ရုပ်ခန္ဓာ)ရဲ့ ဖြစ်ပျက်ပြောင်းလဲမှုသဘောကိုသာမက စိတ်သိမှု(နာမ်ခန္ဓာ)ရဲ့ ဖြစ်ပျက်အစဉ်အတန်းသဘောကိုပါ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀) ကတည်းက ဖော်ထုတ်ဟောကြားခဲ့တာပါ။
ကဲ--- လူဆိုတဲ့ ပညတ်တစ်ခုရဲ့မူလကို လိုက်ရှာရင်းနဲ့ “သဘာဝအမှန်တရား” ရဲ့ အဖြေဟာ အကောင်အထည်မပြနိုင်တဲ့ ဓာတ်သဘော၊ သုညသဘော အခြေအနေအထိ ဆိုက်ရောက်သွားပါပြီ။
ဒါကြောင့် “ငါ”ဆိုတဲ့ ရုပ်ကောင်ကြီးဟာ တကယ်ဟုတ်ဟုတ်ငြားငြား မရှိတော့ပါဘူး။ တကယ်ရှိနေတာကတော့ ခေါ်ဝေါ်သတ်မှတ်စရာ ပညတ်မည်နာမတစ်ခုမျှသာပါပဲ။ အဲဒီပညတ်တွေကိုပဲ သမုတိသစ္စာအဖြစ် လူ့လောကပေါင်းသင်းဆက်ဆံရေးနဲ့ လုပ်ငန်းဆောင်တာတွေမှာ အဆင်ပြေအောင် အမည်ခေါ်ဝေါ်သုံးစွဲနေကြတာပါ။ အချိန်ကာလတစ်ခု အတွင်းမှာပေါ့။
အဲဒီလို အခြေခံသဘောတရားတွေကို သိမြင်နားလည်လိုက်တာနဲ့ “ငါ”ဆိုတဲ့အစွဲနဲ့ ပြောဆိုလုပ်ဆောင်နေတဲ့ လောဘစိတ်၊ ဒေါသစိတ်၊ မာနစိတ်၊
မနာလိုစိတ် စတာတွေဟာ ဘာအဓိပ္ပာယ်မှ မရှိဘူးဆိုတာ သိလာပါလိမ့်မယ်။
“အမှန်မှာ ငါဆိုတာ တကယ်မှ မရှိပဲကိုး” “ငါ”ဆိုတာမရှိမှတော့ “သူတပါး” “ယောက်ျား” “မိန်းမ” “ပုဂ္ဂိုလ်” “သတ္တဝါ” ဆိုတာတွေလည်း ဘာအနှစ် သာရမှမရှိတဲ့ ပညတ်သဘာဝအမည်သတ်မှတ်ချက်မျှသာ ပါပဲ။
အဏုမြူရုပ်အမှုန်တွေ စုစည်းပြီးဖြစ်ပေါ်နေတဲ့ ဟန်ပြအကောင်အထည်တွေပါပဲ ။
ဓမ္မစက္ကဦးမောင်မောင်