မြတ်စွာဘုရား တရားတွေဟာ ကိလေသာကိုပယ်ဖို့ပါပဲ၊ ကိလေသာပယ်ဖို့ကို အမျိုးမျိုးဟောခဲ့တာပါ၊ ဘာလို့ကိလေသာပယ်ဖို့ဟောတာလဲဆိုတော့ ဒုက္ခ ဖြစ်ကြောင်းဖြစ်နေလို့၊ ဒီတော့ ဒုက္ခခပ်သိမ်းကိုပယ်ဖို့ ဒုက္ခ ကိုအပြီးပယ်ဖို့ ဒုက္ခအပြီးတိုင် ချုပ်ငြိမ်းဖို့အတွက် ကိလေသာ-အမြစ် ကိုပယ်ဖို့ မြတ်စွာဘုရားဟောကြားခဲ့တာပါ၊ ဒီကိလေသာအမြစ်က ဘယ်မှာ ဖြစ်တာတုန်းဆိုတာ ကျွန်တော်တို့ မသိခဲ့ကြဘူး၊ ဘာနဲ့တူလဲဆိုတော့ သစ်ပင်လိုပဲ မြေပေါ်အပင်ပေါက်မှပဲအဲဒီအပင်ကို ခုတ်မယ် လှဲမယ် ဒီလိုလုပ်ကြတယ်၊ ဒါပေမဲ့ မြေထဲကအမြစ်ကို မသိတော့ မနှုတ်နိုင်ဘူး၊
ဒီတော့ မြေပေါ်အပင်ပေါက်လိုက်။ ခုတ်လိုက် ရှင်းသွားလိုက်။ အေကြာင်းပြည့်စုံတော့ အပင် ပြန်ပေါက်လိုက်နဲ့ တစ်သံသရာလုံး ဒီလိုကျင်လည်ခဲ့ကြတာ။ ဘုရားပွင့်မှ ဘာကိုသိလာတာလဲဆိုတော့ အဲဒီကိလေသာ အမြစ်ကို သိလာတယ်၊
ဒါကြောင့်မြင်တယ်-စွဲလမ်းတယ်-အားထုတ်တယ်မှာ မြင်တာကရှေ့စိတ်။ စွဲလမ်းတာက နောက်စိတ်၊အဲဒီနောက်စိတ်မှာ အမြစ်တွယ်တာ၊ အဲဒီအမြစ်ကို မနှုတ်နိုင်ရင်တော့ နောက်ဆက်တွဲ ဖြစ်လာတဲ့ စိတ်တွေမှာ ကိလေသာအပင်ကပေါက်ပြီ၊ အပင်ပေါက်မှ ကျွန်တော်တို့က ခုတ်မယ်လှဲမယ်ပေါ့၊ ကိလေသာအပင်တွေပေါက်ပြီးမှ ပယ်တဲ့အခါကျတော့ အမြစ်မတွေ့လိုက်တော့ဘူး၊ ရှေ့စိတ်ပြီး နောက်စိတ်မှာ အမြစ်ကတွယ်သွားပြီ။
(ဥပါဒါန်ကြောင့် ကံဖြစ် ၊ သတိကြောင့် ဉာဏ်ဖြစ်) ဆိုပြီးသင်ပေးခဲ့ပါတယ်၊ (၂၀၁၆)ခုနှစ်မှာ ဘာသင်တတ်လာလဲဆိုတော့ "ချမ်းသာကို လိုချင်လား" ဆိုပြီးတော့ သင်ပါတယ်၊ လူတိုင်း ချမ်းသာကို လိုချင်ပါတယ်၊သတ္တဝါတိုင်း ချမ်းသာကို နှစ်သက်တယ်၊ ဒါပေမဲ့ ချမ်းသာတာက ရှေ့စိတ်။ လိုချင်တာက နောက်စိတ်လို့ မသိခဲ့ဘူး၊ ဒီတော့ ချမ်းသာတာက ဝေဒနာ။ လိုချင်တာက တဏှာ ။
အဲဒီ ချမ်းသာချင်တာကို ရှေ့စိတ်နဲ့ နောက်စိတ်လို့ ခွဲခြားပြီးမသိခဲ့ဘူး၊ ခုတော့ ချမ်းသာတဲ့ဝေဒနာက ရှေ့စိတ်။ လိုချင်တဲ့ တဏှာက နောက်စိတ်ဖြစ်လို့ အဲဒီလိုချင်တဲ့ တဏှာနေရာမှာ သတိအစားထိုးနိုင်ရင် လိုချင်တဲ့တဏှာကို ပယ်နိုင်ပါတယ်၊
ချမ်းသာတဲ့ ရှေ့စိတ်ကို ချမ်းသာတယ်လို့ နောက်စိတ်က သတိပြုလိုက်တာနဲ့တဏှာမလာတော့ပါဘူး၊မဟာစည်ဆရာတော်ဘုရားကြီးက "ချမ်းသာရင် ချမ်းသာတယ်မှတ်လို့"ဆိုတော့ ကျွန်တော် တို့ကနားမလည်ဘူး၊ ချမ်းသာတယ်… ချမ်းသာတယ်ဆိုတော့ ရှေ့စိတ်မှန်းလဲမသိ။
နောက်စိတ်မှန်းလဲမသိဘဲ မှတ်တော့ မှတ်နေတာပဲ၊ ဒါပေမဲ့ဘာမသိတာလည်းဆိုတော့ ရှေ့စိတ်-နောက်စိတ်ကိုသိတဲ့ ''ဉာဏ်"မပါခဲ့တာ၊ ရှေ့စိတ်-နောက်စိတ်က ဘယ်လောက်အရေးကြီးလဲ၊ ချမ်းသာတယ် ချမ်းသာတယ်ဆိုပြီးမှတ်ပေမဲ့ ရှေ့စိတ်-နောက်စိတ် မကွဲတော့ ပုဂ္ဂိုလ်သတ္တဝါအယူလဲမပြုတ်ဘူး၊ ဝိပဿနာ ကမ္မဋ္ဌာန်းလဲ မဖြစ်ဘူး၊ သူသိ ငါသိပဲ၊ဒီချမ်းသာတာကတော့ နို့စို့တဲ့ကလေးအရွယ်တောင်သိပါတယ် လို့ မဟာစည်ဆရာတော် ဘုရားကြီးက ဟောပါတယ်၊ ဒါပေမဲ့ ဆရာတော်ကြီးက ချမ်းသာတိုင်းလဲ မသိကြဘူးလို့ ဆိုပါတယ်၊ ချမ်းသာတာကို သိနိုင်ပေမဲ့ ချမ်းသာဆိုတဲ့ ဝေဒနာပေါ်တိုင်းလဲ နောက်စိတ်က သတိ မပြုမိဘူးလို့ဆိုချင်တာပါ၊
ဒါပေမဲ့ အဲဒီလို နားမလည်ဘူး၊ ဒီတော့ ချမ်းသာတယ်ဆိုတဲ့ ဝေဒနာကရှေ့စိတ်။ လိုချင်တာက နောက်စိတ်၊ ချမ်းသာချင်တာကိုက ချမ်းသာတဲ့ဝေဒနာကနေ လိုချင်တဲ့တဏှာကူးနေတာပါ၊ ချမ်းသာတဲ့ဝေဒနာက ကောင်းတဲ့အာရုံနဲ့တွေ့ရင် သူ့သဘောသူဆောင်ချမ်းသာတာပဲ။
ကျွန်တော်တို့ နောက်စိတ်မှာက ပုဂ္ဂိုလ်သတ္တဝါယူဖြစ်တဲ့ အတ္တရှိနေတော့ချမ်းသာကို အတ္တနဲ့သိမ်းပိုက်ချင်နေတာ၊ ရှေ့စိတ်မှာ ဖြစ်ပြီးပျက်သွားတဲ့ ဝေဒနာချမ်းသာကို ကျွန်တော်တို့ နောက်စိတ်က ပိုင်ချင်နေတာပါ၊
လက်ခုပ်သံကတီးပြီးရင် ပျောက်သွားတာ ………
…
ဆက်လက်ဖော်ပြပါမည်…..
( ဒေါက်တာဦးစိုးလွင်(မန္တလေး) ရေးသားသည့် "ဝေဒနာက
ရှေ့စိတ် တဏှာကနောက်စိတ်" စာအုပ်မှ ကူးယူ၍ ဓမ္မဒါနပြုပါသည်။
စိုးလင်းကျော်