နောက်ကျူ၍ ပေါက်ပင်ခတ်နေသော ရေအိုင်ထဲ၌ ငါးတို့သည် ရှိနေကြကုန်၏။ ခရု ယောက်သွား ကျောက်စရစ်ခဲ စသည်တို့သည်လည်းရှိနေကြကုန်။ ယင်းသို့ ရှိနေကြသည်သာဖြစ်သော်လည်း ၎င်းတို့ကိုမမြင်ရပေ။ အကြောင်းမူကားရေအိုင်သည် နောက်ကျူလျက် ရေပြင်သည်လည်း မတည်မငြိမ် လှိုင်း ခတ်နေ သောကြောင့်ပေတည်း။
အကယ်၍ ထိုရေအိုင်သည် ကြည်လင်လျက် လှိုင်းပေါက်ပက်မခတ်ဘဲတည်ငြိမ်၍ နေပါမူကား ငါးတို့ကို ကောင်းစွာမြင်နိုင်ရာ၏။ ခရု-ယောက်သွား-ကျောက်စရစ်ခဲ စသည်တို့ကိုလည်း ကောင်းစွာမြင်နိုင်ရာ၏။ဤဥပမာဖြင့် နောက်ကျုသောစိတ်နှင့် ကြည်လင်သောစိတ်ကိုနှိုင်းယှဉ်၍ သိနိုင်ပေသည်။
လောဘ-ဒေါဘ-မာန်မာန -ဣဿာ- မစ္ဆရိယ စသော ကိလေသာစိတ်အညစ်အကြေးဖုံးလွှမ်းလျှင် အမှန်ကို မမြင်-မသိနိုင်။နောက်ကျူညစ်ကြေးသော ကိလေသာစိတ်သည် အမှား-အမှန်၊ အဆိုး-အကောင်းကို ပိုင်းခြားသိမြင်နိုင်စွမ်းမရှိပေ။
လိုချင်တပ်မက်ကြီးလွန်းခြင်း၊ အမျက်ဒေါသကြီးလွန်းခြင်း၊ ပလွှားဝင့်ဝါလွန်းခြင်း၊ မနာလို-ဝန်တိုခြင်းစသည့် ကိလေသာအညစ်အကြေးတို့မှ ကင်းသော စိတ်သည် ကြည်လင်သောစိတ်မည်၏။ ကြည်လင်သောစိတ်သည် အမှား-အမှန် ၊ အဆိုး-အကောင်းကို ပိုင်းခြား သိမြင်နိုင်စွမ်းမြဲပေတည်း။
( အင်္ဂုတ္တိုရ်ပါဠိတော် ဥပမာများ - စတုတ္ထသုတ်နှင့် ပဉ္စမသုတ်)
#ဗုဒ္ဓ၏ ဥပမာတထောင်စာအုပ်မှ တပ်ဆင့်ဖော်ပြသည်..