Saturday, May 16, 2020

ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ချခံရပြီးသော မြန်မာနိုင်ငံသား ၁၂၀ အား ယနေ့တွင် မြဝတီချစ်ကြည်ရေးအမှတ် (၂) တံတားမှတစ်ဆင့် လာရောက်လွှဲပြောင်းပို့ဆောင်


မြဝတီ မေ ၁၅

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာ နိုင်ငံမှ မေ ၁ ရက်ကစပြီး လက်ခံခဲ့ရာ ယနေ့တွင် ထိုင်း နိုင်ငံ၌ ပြစ်ဒဏ်ချခံရပြီးသော မြန်မာနိုင်ငံသား ၁၂၀ အား ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက မြဝတီအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် တတိယအကြိမ်အဖြစ် လာရောက်လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။



ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေး စစ်ဆေးမှုနှင့် အခြားသော လိုအပ်ချက်များကို ဆောင်ရွက် နိုင်ရန်အတွက် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ မြဝတီခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လင်းဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို၊ မြဝတီခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ခိုင်ဆွေနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက် ရှိသည်။


ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မေ ၁ ရက်မှ စတင်လက်ခံခဲ့ရာ ယခုကဲ့သို့ ပြစ်ဒဏ်ကျခံရ သူများအား လာရောက်လွှဲပြောင်းပေးခြင်းသည် တတိယ အကြိမ် ဖြစ်သည်။


ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် မေ ၁ ရက် တွင် ၆၀၊ မေ ၂ ရက်တွင် ၅၄ ဦး၊ မေ ၃ ရက်တွင် တစ်ဦး၊ မေ ၄ ရက်တွင် ၄၄ ဦး၊ မေ ၅ ရက်တွင် ၂၃ ဦး၊ မေ ၆ ရက် နှင့် မေ ၇ ရက်တွင် ဝင်ရောက်ခြင်းမရှိဘဲ မေ ၈ ရက် တွင် ၁၀၀ ၊ မေ ၉ ရက်တွင် ဝင်ရောက်ခြင်းမရှိဘဲ မေ ၁၀ ရက်တွင် ၄၄ ဦး၊ မေ ၁၁ ရက် တွင် ၁၃ ဦး၊ မေ ၁၂ ရက်တွင် ၄၁ ဦး၊ မေ ၁၃ ရက်တွင် ၁၆ ဦး၊ မေ ၁၄ ရက် တွင် ၃၈ ဦး၊ ယနေ့တွင် ၁၂၀ ပြန်လည်ဝင်ရောက်ခဲ့ကာ စုစုပေါင်း ၅၅၄ ဦးအထိ ပြန်လည်ဝင်ရောက်ခဲ့ပြီးဖြစ်သည်။


ယနေ့ လာရောက်လွှဲပြောင်းသူများအနေဖြင့် ကချင် ပြည်နယ်မှ သုံးဦး၊ ကရင်ပြည်နယ်မှ ၁၈ ဦး၊ မွန်ပြည်နယ် မှ ၂၈ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၁၉ ဦး၊ ရန်ကုန်တိုင်း ဒေသကြီးမှ ငါးဦး ၊ မန္တလေးတိုင်းဒေသကြီးမှ နှစ်ဦး၊ ရှမ်းပြည်နယ်မှ ၁၂ ဦး၊ တနင်္သာရီ တိုင်းဒေသကြီးမှ ၂၃ ဦး၊ ရခိုင်ပြည်နယ်မှ တစ်ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ငါးဦး စုစုပေါင်းဦးရေ ၁၂၀ ဖြစ်ကြောင်း သိရသည်။


အဆိုပါ ဝင်ရောက်လာသူများအား ကိုဗစ်-၁၉ ရောဂါ အကြောင်း အသိပညာပေး လက်ကမ်းစာစောင်များကို မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဒေါ်စုစုသွယ်နှင့် ဝန်ထမ်းများက ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။ ထိန်လင်းအောင်(ပြန်/ဆက်)