Wednesday, March 11, 2015

အဝေးရောက်သူတို့ရဲ့ မျှော်လင့်ချက်တစ်စုံတစ်ရာ


Byအေးမြကျော်၊။On Wed, 2015-03-04 11:49 Issue No.အတွဲ (၁၄)၊ အမှတ် (၁)

ထိုင်းဘုရင်မင်းမြတ်ဘူမိဘောနှင့် မိဖုရားသီရိခေတ်တို့ ဓာတ်ပုံများ ချိတ်ဆွဲထားသည့် အခန်းငယ်အတွင်း အဖြူနှင့်အညို ကျောင်းဝတ်စုံကို တူညီစွာဝတ်ဆင်ထားသည့် ကလေးငယ်များ စာအံနေကြသည်။
ပါးပြင်ထက်တွင် သနပ်ခါးများ လိမ်းကျံထားသည့် တတိယတန်း ကျောင်းသားတစ်ဦး က ဦးဆောင်ကာ အခန်းတွင်းမှ ကလေးငယ်များက ပထမတန်း မြန်မာဖတ်စာမှ ‘‘ဇွန်ပန်းရုံအနီး လှည်းဘီးနွံထဲကျွံနေ သည်’’ဆိုသည့် စာပုဒ်ကို ထပ်ကျော့ကာ ရွတ်ဆိုနေကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် ‘‘ဗမာပြည်အသေးစား’’ဟုပင် တင်စားခေါ်ဆိုကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အများစု အလုပ်လုပ်ရာ ဆမွတ်စမွန်ခေါ် မဟာချိုင်မြို့ တစ်နေရာရှိ မြန်မာ့ဂုဏ်ဆောင် စာသင်ကျောင်း၏ တစ်ခန်းတည်းသော စာသင်ခန်း ငယ်တွင် သူတို့ ပညာသင်ကြားနေကြသည်။ မြန်မာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသော ထိုကျောင်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးငယ် သုံးဆယ်ကျော် တက်ရောက်ပညာသင်ကြားလျက်ရှိသည်။


ထိုင်းနိုင်ငံတွင် အခြေချကာ အလုပ်လုပ်ကိုင်နေကြသည့် သန်းနှင့်ချီသော မြန်မာရွှေ့ပြောင်းအလုပ် သမား တို့၏ သားသမီးများ တက်ရောက် ပညာသင် ကြားနိုင်သော အရေအတွက်နည်းပါးလှသည့် ကျောင်းများ ထဲ၌ မြန်မာ့ဂုဏ်ဆောင် ကျောင်းလည်း အပါအ၀င်ဖြစ်သည်။

ထိုင်းနိုင်ငံရောက် အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများ၏ အဆိုအရ မြန်မာ ရွှေ့ပြောင်းအလုပ် သမားများ၏ ကလေးငယ်များ ပညာသင်ယူနိုင်သည့် အခွင့်အရေးမှာ နည်းပါးနေဆဲဖြစ်ပြီး ရာခိုင်နှုန်း အနည်းငယ်သာလျှင် ထိုင်းအစိုးရစာသင်ကျောင်းများတွင် တက်ရောက်သင်ယူနေသည်။ အလုပ်သမား များ၏ ကလေးငယ်အားလုံးမှ ခန့်မှန်းခြေ ရာခိုင်နှုန်းသုံးဆယ်ကျော်သော ကလေးငယ်များသာ စာသင်ခန်း များအတွင်း ရောက်ရှိနေကြသည်ဟုဆိုသည်။


ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်မှ ၂၀၁၄ နှစ်ကုန်ပိုင်းတွင် မဟာချိုင်ဒေသ ရှိ ရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးငယ်များ ပညာရေးနှင့်ပတ်သက်၍ စစ်တမ်းတစ်ခုပြုလုပ်ခဲ့သည်။ ထိုစစ်တမ်းအရ မဟာချိုင်ဒေသ ရှိ ရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးငယ်များတွင် ကျောင်းနေအရွယ် ကလေးငယ် အားလုံး၏ ၁၆ ရာခိုင်နှုန်းသာ ကျောင်းများ၌ တက်ရောက်ပညာ သင်ကြားနိုင်ပြီး ထိုကလေးအများစုမှာ မြန်မာ ကလေး ငယ်များဖြစ်ကြသည်ဟု ပြောကြားထားသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးငယ်များ ပညာရေးအတွက် အဓိကအားထားရာနေရာများမှာ အဖွဲ့အစည်းများမှ ဖွင့်လှစ်ပေးသော ကျောင်းများနှင့် မြန်မာ့ဂုဏ်ဆောင်ကျောင်းကဲ့သို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူများ၏ ကြိုးပမ်းမှုဖြင့် ပေါ်ပေါက်လာသော စာသင်ခန်းများ ပင်ဖြစ်သည်။
ထိုထိုသော စာသင်ခန်းများတွင် မြန်မာနိုင်ငံ၌ မွေးဖွားကြီးပြင်းပြီး မိဘများရှိရာ ထိုင်းနိုင်ငံသို့ လိုက်ပါလာ ခဲ့ရ သည့် ကလေးငယ်များရှိသကဲ့သို့ ထိုင်းမြေပေါ်မှာမွေး၊ ထိုင်းမြေတွင် ကြီးပြင်းခဲ့ရသူများလည်း တက်ရောက်လျက်ရှိသည်။

ထားဝယ်မြို့နယ်ရှိ ရွာတစ်ရွာမှ ရေကြည်ရာမြက်နုရာ ထိုင်းနိုင်ငံသို့ လာရောက်ကာ ငါးသေတ္တာစက်ရုံတွင် အလုပ်လုပ်နေသည်မှာ ငါးနှစ်ကြာမြင့်ပြီဖြစ်သော ကိုလှသိန်းက သူ၏သား၊ သမီးသုံးဦးကို မနှစ်ကပင် သူတို့နှင့်အတူ ခေါ်ထားလိုက်သည်။ မြန်မာနိုင်ငံတွင်ရှိစဉ်က ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း အသီးသီးရောက်ရှိနေပြီဖြစ်သည့် သားနှင့်သမီးနှစ်ဦးကို မြန်မာ့ဂုဏ်ဆောင်ကျောင်းတွင် အပ်နှံထားလိုက် သည်။


‘‘ကျွန်တော်က ကလေးတွေကို ပညာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ပံ့ပိုးပေးချင်တယ်။ သူတို့ကို ကျွန်တော်တို့လိုတော့ မလုပ်စေချင်ဘူး’’ဟု အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်သည့် ကလေးသုံးဦး၏ဖခင် ကိုလှသိန်းကဆိုသည်။

ကိုလှသိန်းတွင် စိတ်ကူးအိပ်မက်တစ်ခုရှိသည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ပြီး စုမိဆောင်းမိရှိလျှင် မိသားစု ကိုခေါ်ကာ နေရပ်ပြန် ၍ ရော်ဘာခြံစိုက်မည့် အိပ်မက်ဖြစ်သည်။ ထို့ကြောင့် အိမ်ပြန်ချိန်တွင် သားသမီး များ၏ ပညာရေးခါးပြတ် မသွားစေရန် ကျောင်းသို့ပို့ကာ ပညာသင်ယူစေခြင်းဖြစ်သည်။

ကိုလှသိန်းကဲ့သို့ ရှေ့ရေးအတွက် ပညာရေးကို ဦးစားပေးကာ သင်ယူစေ သည့် မိဘများရှိသကဲ့သို့ သေစာ ရှင်စာတတ် လျှင်ရပြီဆိုသည့် ရှေးရိုးစွဲ အယူဖြင့် သားသမီးများ ကို စာသင်ခန်းများအစား အလုပ်ခွင်များ ထံ စော စီးစွာပို့လိုကြ သည့် ရွှေ့ပြောင်းအလုပ်သမားမိဘများလည်း အများအပြား ရှိသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမားများအရေးကို ဆယ်စုနှစ်တစ်ခုကျော်ကြာ လုပ်ဆောင် ခဲ့ပြီး ရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးငယ်များအရေး တက်ကြွစွာကူညီနေ သူတစ်ဦးဖြစ်သည့် ဦးထူးချစ်က ‘‘အခုနှစ်ပိုင်းတွေမှာ ကိုယ်တွေ့အနေနဲ့ အဓိကကြုံနေ ရတာက ကလေးတွေ (၁၃ နှစ်၊ ၁၄ နှစ် )လောက် ဆိုရင် မိဘတွေကကျောင်းထုတ်ပြီး အလုပ်လုပ်ခိုင်းနေတယ်။ အဲဒီအရွယ်၊ ထိုင်းစကားနဲ့ အင်္ဂလိပ်လို နည်း နည်း တတ်ရင် ဒီမှာ စားသောက်ဆိုင်တို့၊ ဟိုတယ်တို့မှာ အလုပ်လွယ်တာကိုး’’ဟုပြောသည်။

တစ်ပြည်တစ်ရွာတွင် သွားရောက်အလုပ်လုပ်နေရပြီး နှစ်ကာလရှည်ကြာစွာ အပစ်ပယ်ခံဖြစ်ခဲ့ရ သည့် မြန်မာအလုပ်သမားများ၏ ဘ၀များနည်းတူ သူတို့၏ ကလေးငယ်အများစုမှာလည်း ကောင်းမွန်သော ပညာရေးစနစ်နှင့် ထိတွေ့ခွင့်မရခဲ့ပေ။ မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ အစိုးရတို့၏ ဆွေးနွေးပွဲ စားပွဲဝိုင်းများ တွင်လည်း အလုပ်သမားများ၏ကလေးများ ရှေ့ရေးအတွက် ပညာရေးကိစ္စမှာ ဦးစားပေးဖြေရှင်းရမည့် စာရင်းတွင် မပါဝင်တတ်ပေ။ အမိမြေနှင့် ဝေးနေသော အလုပ်သမားများ၏ အနာဂတ်ရတနာများအတွက် ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများမှာ နည်းပါးနေဆဲဖြစ်သည်။

မဟာချိုင်မြို့နှင့် မလှမ်းမကမ်းတစ်နေရာတွင် အလုပ်သမားအခွင့်အရေး လှုပ်ရှားသည့် အဖွဲ့အစည်းတစ်ခုမှ ဖွင့်လှစ်ထားသည့်ကျောင်းမှ ကျောင်းသူ (၉)နှစ်အရွယ် ယမင်းခင်ကို ဘယ်နှတန်းရောက်နေပြီ လဲမေးသည့် အခါ မေးထောက်၍ အတန်ကြာစဉ်းစားပြီး မှ ‘‘သူငယ်တန်းတက်နေတယ် ’’ဟု ဖြေသည်။ ပဲခူးတိုင်း မင်းရွာဇာတိ ဖြစ်သော ယမင်းခင်က မိဘများရှိရာ မဟာချိုင်သို့ လိုက်လာရသဖြင့် သူမဘယ်နှ တန်း
ရောက်နေပြီလဲဆိုသည်ကို ဇဝေဇ၀ါဖြစ်နေပုံရသည်။ နာမည်ကိုမေးသည့်အခါ ကိုယ်တိုင်ရေးပေး မည်ဆိုပြီး စာရွက်ပေါ်တွင် သူမရေးပေးခဲ့သည်က ‘‘မယင်း’’ဟူ၍။

မြန်မာနိုင်ငံတွင်ဆိုလျှင်တော့ ယမင်းခင်နှင့် သက်တူရွယ်တူ တတိယ တန်းတက်နေ သူများမှာ ဖေဖော်ဝါရီ လကုန်တော့မည်ဖြစ်၍ အတန်းတင် စာမေးပွဲအတွက် စာကျက်နေကြမည့် အချိန်လည်းဖြစ်သည်။
ယမင်းခင်နှင့်အတူ အတန်းဖော်များကတော့ LPN ဟု အတိုကောက်ခေါ် သည့် အလုပ်သမားအခွင့် အရေးမြှင့်တင်ရေးကွန်ရက်တွင် ဖွင့်လှစ်ထား သည့် စာသင်ကျောင်းတွင် ထိုင်းစာကို ရေးတတ်ဖတ် တတ်အောင် သင်ယူလျက်ရှိသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမားအရေးလှုပ်ရှားသူများ၏ တောင်းဆိုမှုကြောင့် လွန်ခဲ့သည့်ငါးနှစ်ကျော်မှစကာ ထိုင်းကျောင်းများတွင် မြန်မာ အလုပ်သမား များ၏ ကလေးငယ်များ တက်ရောက်ပညာသင်ခွင့်ရရှိခဲ့သော် လည်း ကလေးများမှာ အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။

၂၀၁၃-၁၄ စာသင်နှစ်မှ စတင်ကာ အလုပ်သမားအခွင့်အရေး လှုပ်ရှား သူလူငယ်များ ဦးစီးတည်ထောင် ခဲ့သည့် မြန်မာ့ဂုဏ်ဆောင်ကျောင်းမှာ ပထမဆုံးနှစ်တွင် ထိုင်းအစိုး ရကျောင်းတစ်ကျောင်းနှင့်ပူးတွဲကာ ဖွင့်လှစ် ခဲ့ရသော်လည်း ပထမတစ်နှစ်သာ တွဲဖက်ဖွင့်လှစ်နိုင်ခဲ့သည်။

‘‘ကျွန်တော်တို့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အများကြီးကြုံခဲ့ရတယ်’’ ဟု မြန်မာ့ဂုဏ်ဆောင်ကျောင်းကို တည်ထောင်ခဲ့သူတစ်ဦး လည်းဖြစ် ၊ ကျောင်းတွင် ဆရာအဖြစ်လည်း တာဝန်ထမ်းဆောင်နေသည့် ကိုစောမောင်ကပြောသည်။

မြန်မာ့ဂုဏ်ဆောင်ကျောင်းတွင် ပထမဆုံးပညာသင်နှစ် ၌ ကျောင်း သားတစ်ရာဝန်းကျင် အပ်နှံကာ ပညာသင်ကြားပေးခဲ့သည်။ အဓိက ကြုံတွေ့ခဲရသည့် အခက်အခဲမှာ ထိုင်းကျောင်းမှ ထိုင်းသင်ရိုးညွှန်း တမ်းဖြင့် အဓိကထားသင်ကြားပေးလိုပြီး မြန်မာပြည်ပြန်မည့် ကလေးများအတွက် ပညာရေးကမောက်ကမ မဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် မြန်မာ့ ဂုဏ်ဆောင်ကျောင်းက မြန်မာသင်ရိုးညွှန်းတမ်းဖြင့် သင်လိုသည်မှာ ညှိမရသည့် အဓိကအခက်အခဲတစ်ခုဖြစ်ခဲ့သည်။

ထို့အပြင် အိမ်ရှင်ထိုင်းကျောင်းသားတို့၏ ရံဖန်ရံခါအနိုင်ကျင့် ဗိုလ်ကျမှု တို့က လည်း မြန်မာကလေးငယ် များအတွက် စိတ်ဖိစီးခဲ့စေသည့် အကြောင်း ရင်းတစ်ခုဖြစ်ခဲ့သည်။

လက်ရေးကို သေသပ်စွာရေးတတ်ပြီး စာကြိုးစားလိုပုံရသော တတိယတန်းကျောင်း သား ကရင်တိုင်းရင်း သားကလေးငယ် စယ်မြူရယ်မှူး တစ်ယောက် ထိုင်းကျောင်းတွင် စာသင်နှစ်တစ်နှစ်တာကို ခက်ခဲပင်ပန်း စွာ ကျော်ဖြတ်ခဲ့ရပုံပေါ်သည်။

သူကြုံခဲ့ရသည့် ခါးသီးမှုအတွေ့အကြုံအချို့ကို ဝေမျှခဲ့သည်။
‘‘ထိုင်းကျောင်းမှာ တက်တုန်းက ထိုင်းတွေက အနိုင်ကျင့်တယ်။ သူတို့အနိုင် ကျင့်ရင် ဘာမှပြန်မလုပ်နဲ့။ သူတို့မိဘတွေက လာရန်ရှာလိမ့်မယ်လို့ သားတို့ အဖေနဲ့အမေက မှာထားတယ်’’ဟု စယ်မြူရယ်မှူး ကပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးငယ်များ ထိုင်းစာသင်ကျောင်း များတွင် တက်ရောက် ပညာသင်ကြားနိုင်ရန် အခြားအတား အဆီးအခက် အခဲများစွာလည်း ရှိပါသေးသည်။ထိုအခက်အခဲ များ စွာထဲမှ တစ်ခုမှာ ဘာသာစကားပြဿနာဖြစ်သည်။ မဟီဒေါတက္ကသိုလ် က ပြုလုပ်ခဲ့သော စစ်တမ်းအရ ၂၀၁၃ ခုနှစ်တွင် မဟာချိုင်မြို့တွင်းရှိ ကျောင်းပေါင်း ၁၀၄ ကျောင်းအနက် ၈၁ ကျောင်းတွင် ရွှေ့ပြောင်း အလုပ် သမား များ၏ ကလေးငယ် များကို လက်ခံခဲ့သော်လည်း အကြီးမားဆုံးကြုံခဲ့ရသည်မှာ ဆရာနှင့်တပည့် အကြား ဆက်သွယ်ပြောဆိုရေးဖြစ်သည်ဟု စစ်တမ်းတွင် ဖော်ပြထားသည်။

နောက်ထပ်ကြုံရသည့် အခက်အခဲမှာ ကျောင်းများ တွင် ရွှေ့ပြောင်း အလုပ်သမားများ ၏ ကလေးများကို လက်ခံလိုက်ပါက ပညာသင်ကြားရာတွင် အရည်အသွေးများ ကျဆင်းနိုင်ပြီး သူတို့၏ကလေးများ အခက်တွေ့ မည်ကို စိုးရိမ်ကြသည့် ထိုင်းကျောင်း သားမိဘများ၏ စိုးရိမ်ပူပန်မှုမှာလည်း အခက်တွေ့စေ သည်ဟု မဟီဒေါတက္ကသိုလ် စစ်တမ်းကဆိုသည်။

ထို့အပြင် မြန်မာမိဘများအပါအ၀င် ထိုင်းရောက် ရွှေ့ပြောင်း အလုပ် သမားများ၏ ကလေးငယ်များ နေ ရပ်ပြန်လျှင် ထိုင်းကျောင်းတွင် တက်ခဲ့ သည့် ကျောင်းတက် လက်မှတ် မှာ မူလနေရပ်ရှိ ကျောင်းများ တွင် ပြန်လည် အပ်နှံရန် အသုံးမ၀င်သဖြင့် မိဘအများစုက ပညာရေးကို အလေးမ ထားကြဟု စစ်တမ်းကဖော်ပြသည်။

ကိုလှသိန်းကဲ့သို့ မြန်မာရွှေ့ပြောင်းအလုပ်သမားမိဘအများစု စိုးရိမ်ပူပန်နေကြသည့် အချက်မှာလည်း ထိုအချက်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် နေထိုင်စဉ် အဖွဲ့အစည်းများမှ ဖွင့်လှစ်သော စာသင်ကျောင်းများတွင် တက်ရောက်ပြီး မြန်မာပြည်ပြန်လျှင် တက်ရောက် ခဲ့သည့် အတန်းအတိုင်း ပြန်တက်ရန် လက်မခံဘဲ သူငယ်တန်းမှ ပြန် တက်ရမည်ကို စိုးရိမ်နေသည်။

ထိုအထဲတွင် ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်တွင် အလုပ်သမား အရေးလှုပ်ရှားသူ ဦးထူးချစ် ဦးဆောင်ဖွဲ့စည်းထားသော ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)မှ ဖွင့်လှစ်ထားသော စာသင်ကျောင်း သုံးကျောင်းမှာ ထိုကျောင်းတွင်တက်ခဲ့ သည့် အတန်းတိုင်းမှ မြန်မာနိုင်ငံကျောင်း များတွင် ပြန်တက်ခွင့် ရရေး မြန်မာအစိုး ရနှင့် သဘောတူညီမှုရထားသည်။

ထိုကျောင်းများတွင် မြန်မာကလေးငယ် စုစုပေါင်း ငါးရာကျော် တက်ရောက်သင်ကြားနေသည်။ သို့သော် ထိုပမာဏမှာ ထိုင်းနိုင်ငံ တစ်ဝန်းရှိ အလုပ်သမားများ၏ ကလေးငယ်အရေအတွက်နှင့် နှိုင်းယှဉ်လျှင် အလွန်နည်းပါးနေသေးသည်။

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားအရေအတွက်မှာ ၄ သန်းကျော်ရှိပြီး ထိုအလုပ်သမားများ၏ ကလေးငယ် များ အရေအတွက်မှာလည်း သောင်းဂဏန်း၊ သိန်းဂဏန်းထိပင် ရှိနေနိုင်ပြီး အတိအကျစာရင်း
ကောက်ယူထားခြင်းမရှိသဖြင့် ခန့်မှန်းရန်မလွယ်ကူကြောင်း အလုပ်သမားအရေးလှုပ်ရှားသူများကဆိုသည်။
ထို့ကြောင့် မြန်မာရွှေ့ပြောင်းကလေးငယ်များ နေရပ်ပြန်ပြီး ကျောင်းအပ်သည့်အခါ စည်းကမ်းများ တင်းကြပ်မထားဘဲ အရည်အချင်းစစ်ကာ ထိုင်းနိုင်ငံ တွင် တက်ခဲ့သည့် အတန်းအတိုင်း ကျောင်းအပ် လက်ခံပေးစေ လိုသည့် အချက်ကို မြန်မာအစိုးရ အနေဖြင့် ကူညီပေးစေလိုကြောင်း မြန်မာ့ ဂုဏ်ဆောင်
ကျောင်းတည်ထောင်သူ ကိုစောမောင်ကဆိုသည်။ ထို့အပြင် နေရပ် မပြန်ဘဲ ထိုင်းနိုင်ငံတွင်ရှိသည့် ကလေး များကို လည်း မြန်မာနှင့်ထိုင်းနှစ်နိုင်ငံအစိုးရ ညှိနှိုင်းကာ လွတ်လပ်စွာ ပညာသင်ကြား ခွင့်ရရှိစေရေးနှင့် လုံခြုံမှုအတွက် အာမခံချက်ရ ရှိအောင် ဆောင်ရွက်ပေးစေ လိုသည်ဟု ကိုစောမောင်ကပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးငယ်များမှာ ရံဖန်ရံခါတွင် ထိုင်းရဲများ၏ သားကောင် များဖြစ်တတ်သည်။ ငွေညှစ်လိုသည့်အခါ ဓားစာခံအနေဖြင့် ကလေးငယ် များကို ဖမ်းဆီးတတ်ပြီး မိဘများထံမှာ အနည်းဆုံး ဘတ်ငွေ တစ်ထောင်ဖြင့် ရွေးစေခြင်း၊ ကလေးငယ်များ ကို အကြောင်းမဲ့ ရန်ရှာခြင်းများ ကြုံတွေ့တတ်သဖြင့် လုံခြုံစွာပညာ သင်ကြားနိုင်ရေး အာမခံချက်ရအောင် လုပ်ဆောင်ပေးရန် တောင်း ဆိုလိုခြင်းဖြစ်သည်ဟု ကိုစောမောင်ကပြောသည်။

ရေလုပ်ငန်းများအများဆုံးရှိရာ ဆိပ်ကမ်းမြို့ဖြစ်သည့် မဟာချိုင်ရှိ ငါးသေတ္တာ စက်ရုံအလုပ်သမားဖြစ်သည့် ထားဝယ်သား ကိုလှသိန်းက သူ၏သားသမီး သုံးဦးကို သူနှင့် သူ့မိတ်ဆွေလုပ်ဖော်ကိုင်ဖက်များ ၀မ်းရေး အတွက် နိစ္စဓူဝလုပ်ကိုင်နေရသလို ပုစွန်ချိုး၊ ငါးခွဲ အလုပ်များဖြင့် အသက်မွေးမည်ကို မမြင်ချင်ဆုံးဟု ဖွင့်ဟသည်။

သမီးနှစ်ဦး၏ဖခင်ဖြစ်သော ကိုလှသိန်းက သမီးများကို သူနာပြုဆရာမ (သို့မဟုတ်) ကျောင်းဆရာ မများအဖြစ် မြင်လိုသည်ဟုဆိုသည်။

ကိုလှသိန်း၏ သမီးငယ်နှစ်ဦး၊ သားဖြစ်သူတို့နှင့်အတူ အတန်းဖော်များ က မြန်မာ့ ဂုဏ်ဆောင်ကျောင်း အတွင်း စာအံနေကြသည်။ သူငယ်တန်းမှ စတုတ္ထတန်းအထိ အတန်းမတူသင်ခန်းစာမတူသော်လည်း ပထမတန်းမှ စာပုဒ်တစ်ပုဒ်ကို ပြိုင်တူရွတ်ဆိုရင်း စာသင်ခန်းအတွင်း ကျန်ရစ်ခဲ့ကြသည်။

သူတို့ ရွတ်ဖတ်နေသည်က .....
‘‘ဇွန်ပန်းရုံအနီး လှည်းဘီးနွံထဲကျွံနေသည်
ကူ၍တွန်းပေးကြပါ
လေးလွန်း၍ မတွန်းနိုင်ဘူးလား
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်’’

...
http://7daydaily.com/story/32984#.VQAdSI4pmSr