Wednesday, January 18, 2017

ပက်စပို့သက်တမ်းကုန်ဆုံးတော့မည့် မြန်မာအလုပ်သမား တစ်သန်းကျော် CIရရှိရေး မျှော်လင့်

 

ပန်းရောင်ဘတ် ကိုင်ဆောင်သော မြန်မာ့ရွှေ့ပြောင်းအလုပ်သမား တွေကို ဇန်နဝါရီလထဲမှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် - CI (Certificate Identity) စာအုပ်ကိုထိုင်း ၊ မြန်မာနိုင်ငံ အစိုးရတို့က လုပ်ဆောင်ပေးတော့မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပါသည်။

CI စာအုပ် ပြုလုပ်ခွင့်ရရှိဖို့ အတွက် ပန်းရောင်ဘတ်သမားများ နည်းတူမျှော်လင့်နေသူများကတော့ ဗီဇာ ၄နှစ် သက်တမ်းပြည့်နေသည့် ပက်စပို့ခရမ်းရောင် ကိုင်ဆောင်ထားကြသူများနှင့် ဗီဇာနှင့် စာအုပ်သက်တမ်း ၆နှစ်ပြည့် ကြတော့မယ့် အနီရောင် ပက်စပို့ကိုင်ဆောင်ထားကြသူများတွေ ပဲဖြစ်ပါတယ်။ ခရမ်းရောင်နှင့် အနီရောင်ပက်စပို့ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားတွေက တစ်သန်းကျော် ရှိပါသည်။

ဗီဇာသက်တမ်းကုန်ဆုံးတော့မှာဖြစ်သည့် အနီရောင်နဲ့ ခရမ်းရောင် ယာယီနိုင်ငံကူးလက်မှတ်တွေကို ထိုင်းဘက်က CI (သို့) မနလ (သို့) အခြားအထောက်အထား တစ်စုံတရာ ထုတ်ပေးရင် ထိုင်းဘက်က ဗီဇာထုပေးမယ်လို့ ကြေညာချက်ထုတ်ပြန်ထားတာအချိန်ကာလအတော်ကြာနေပြီးဖြစ်သလိုအဆိုပါ အမိန့်ကြေညာချက်ကို မြန်မာအစိုးရထံသို့ သံတမန်လမ်းကြောင်းမှတစ်ဆင့်ပေးပို့ပေးပြီးဖြစ်ကြောင်း သိရသည်။


အခု CIလုပ်မည့်အစီအစဉ်မှာ သက်တမ်းပြည့်တော့မယ့် ပတ်စပို့ သမားတွေ ပါဝင်နိုင်ဖို့  မဟာချိုင်မြို့ရှိ ပင်လယ်အစားစာထုတ်လုပ်သည့် စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ကိုကျော်ထူးက” ၄ နှစ်ပြည့်တော့မယ့် ပတ်စပို့တွေ အများကြီး၊မကြာခင် သက်တမ်းပြည့်တော့မယ့် သူတွေကလည်း သက်တမ်းတိုးနိုင်ဖို့ သတင်းတွေကို မျှော်နေကြတယ်၊ နှစ်ဖက်အစိုးရရဲ့အလုပ်သမားဝန်ကြီးဌာနက သတင်းကိုကြားချင်နေကြတယ်”လို့သူက ပြောပါတယ်။

စုစုပေါင်း (၁)သန်းကျော်ခန့်ရှိတဲ့ အဲဒီ ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေကို မြန်မာဘက်က သတိမပြုမိခဲ့ပေမဲ့ သူတို့အဖို့ကတော့ သက်တမ်းကုန်တာနဲ့ တရားမဝင်ဖြစ်သွားမှာ ဆိုတော့ ဘ၀ နဲ့ရင်းရမှာဖြစ်လို့ အလုပ်သမားအများစုမှာ စိုးရိမ်းသောကများခံစားနေရကြောင်းနှင့် လူ(၁)သန်းကျော်ကို ဘယ်လိုလုပ်ပေးမလဲဆိုတာကို ထိုင်း DOEကစောင့်ကြည့်နေကြောင်းနှင့်   မြန်မာဘက်က CI ထုတ်ပေးပြီးတဲ့အခါ နောက်ဆက်တွဲပြသနာတွေအတွက် ကြိုတင်စီစဉ်ထားတာလည်း ဘာမှ မတွေ့ရဘူးလို့ အမည်မဖေါ်လိုသူ DOE ဝန်ထမ်းတစ်ဦးကပြောပါသည်။

ဗီဇာနှင့်ပက်စပို့သက်တမ်းပြည့်ကြတော့မည့် မြန်မာ့ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ CIစာအုပ် ဝင်ရောက်လုပ်ကိုင်ခွင့်ရရှိရေးအတွက်တောင်းဆိုနေကြတာနဲ့ပက်သက်လို့ မြန်မာအလုပ်သမားရေး လှုပ်ရှားနေသူ ရှေ့နေဦးအောင်မျိုးသန့်က “လမ်းပေါ်က အလုပ်သမားတွေ မြောင်းထဲ ပြန်ရောက်မသွားစေဖို့ မျှော်လင့် ချက် ထားကြတာ သဘာဝကျပါတယ်”ဟုပြောသည်။

7-11 မှာ CI ပြုလုပ်ကြမည့် အလုပ်သမားများ နိုင်ငံတော်သို့အခွန်ငွေသွင်းနိုင်ရေးအတွက် (၁၃.၁.၂၀၁၇) ရက်နေ့က မြန်မာသံရုံးမှာ Counter Service နဲ့ မြန်မာသံအရာရှိတို့ သဘောတူ လက်မှတ်ထိုးပြီးတဲ့နောက်မှာ CI ထုတ်ပေးဖို့ စခန်းဖွင့်မည့်ရက်တောင် ကြိုတင်မပြောပြနိုင်လို့ 7-11 မှာ ငွေသွင်းရမယ့် ရက်အတိအကျ သတ်မှတ်ပေးလို့မရဘူးဖြစ်နေပါတယ်။

CI စာအုပ်ပျောက်ဆုံးပျက်စီးတဲ့အခါ ဘယ်လိုလုပ်မလဲ၊အသစ်ထုတ်ပေးမှာလား၊ ဘယ်နေရာမှာထုတ်ပေးမှာလဲ၊ အချိန်ဘယ်လောက်ကြာမလဲ ဘာတွေလိုအပ်သလဲ၊ ဒါမှမဟုတ် မနလ ပဲထုတ်ပေးမှာလား၊ မနလထုတ်ပေးမယ်ဆိုရင်ကော ဘယ်နေရာမှထုတ်ပေးမှာလဲ၊ အချိန်ဘယ်လောက်ကြာမလဲ ဘာတွေလိုအပ်သလဲ ဆိုတာတွေကို မြန်မာဘက်က သံတမန်တွေ တာဝန်ရှိသူတွေ ဘယ်သူမှမဖြေနိုင်ကြပါဘူး လို့ အလုပ်သမားရေးလှုပ်ရှားနေသူ တစ်ဦးမှထောက်ပြပြောဆိုထားပါသည်။


“၄နှစ်ပြည့်တော့မယ့် ခရမ်းရောင်ပက်စပို့သမားရယ် ၆နှစ်ပြည့်တော့မယ် အနီရောင်ပက်စပို့သမားတွေအတွက်ကို ကျွန်တော်တို့ တင်ပြ တောင်းဆိုထားသလို CIထုတ်ချိန်မှာလည်း အလုပ်သမားတွေ အားလုံး လွတ်လပ်စွာ နယ်မြေ ဖြတ်ကျော်ခွင့်တွေအတွက်လည်းနှစ်ဖက်ဆွေးနွေးပြီးပါပြီ အဲဒါကိုတော့ CIစာအုပ်လုပ်တာနဲ့ ထိုင်းဘက်ကနေ ကြေညာမှာပါ၊ CIလုပ်ချိန်မှာ အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်မခံရအောင် ထိုင်းဘက်က အလုပ်သမားရေး၊လူမှုရေး အဖွဲ့စည်းတွေနဲ့ပူးပေါင်းပြီး ပညာပေးအစီစဉ်တွေလည်းလုပ်ဆောင်နေပါတယ်”လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်ကပြောပါတယ်။

CIနဲ့ပက်သက်လို့ FaceBookပေါ်က သတင်းတွေကိုပဲ အမှန်ထင်နေရတဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် မြန်မာအလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများအနေနဲ့   ဘာလုပ်ပေးမယ် ဘယ်လိုလုပ်ရမယ်၊ ထိုင်းဘက်နဲ့ ဘယ်လို ညှိနိုင်းဆောင်ရွက်ထားတယ်၊ ဆိုတာကို သဲသဲကွဲကွဲ 
သိအောင် ကြေညာချက်ထုတ်ပြန်ပေးဖို့မြန်မာ့ရွှေ့ပြောင်းအလုပ်သမားများက မျှော်လင့်နေကြပါတယ်။

“ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို မြန်မာဘက်ကထိုင်းနိုင်ငံထဲမှာ စခန်းဖွင့်ပြီး CI ထုတ်ပေးမယ်လို့ သတင်းစထွက်ကတည်းက FaceBookပေါ်မှာရေးတင်တဲ့သတင်းတွေကိုသာတွေ့ရပြီး မြန်မာအစိုးရအနေနဲ့ အထူးသဖြင့် အလုပ်သမားဝန်ကြီးဌာနက ဘာတစ်ခုမှ တရားဝင် ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိပါဘူး။အခုတစ်ခါ CI ထုတ်ပေးမည့်အထဲမှာ ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေမပါဘူးဆိုတော့ သက်တမ်းမကုန်သေးလို့ပန်းရောင်ကတ်မလုပ်လိုက်ရတဲ့ ယာယီနိုင်ငံကူးလက်မှတ်ကိုင် ကျနော်တို့ရွှေ့ပြောင်းအလုပ်သမားတွေဘဝပျက်ရတော့မှာ”ဟု ဘန်ကောက်မြို့မှ မြန်မာအလုပ်သမား ကိုလင်းလင်းက ပြောသည်။

မြန်မာအလုပ်သမားဝန်ကြီးကဖွင့်မည့် စခန်းဖွင့်မဲ့ရက်သတ်မှတ်မပေးတော့ စခန်းမှာလာရောက်တာဝန်ထမ်းဆောင်မဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းတွေလည်း အလုပ်သမားဝန်ကြီး ဌာနမှာ စားလိုက်အိပ်လိုက်နဲ့ သောင်တင်နေတာ (၆)လကျော်နေပြီးဖြစ်ကြောင်းသိရပါသည်။

“ဒီမှာရှိတဲ့အလုပ်သမားတွေ ပက်စပို့သက်တမ်းပြည့်လို့ မြန်မာပြန်ပက်စပို့လုပ်ရတာ ငွေကုန်အချိန်ကုန်နဲ့ အခက်ခဲများစွာတွေ့ကြုံရသလို့၊ ဘန်ကောက်မြန်မာသံရုံးမှာပက်စပို့လျှောက်ထားတဲ့အခါမှာလည်း အချိန်အမတန်ကြာတယ်ဆိုတဲ့အကြောင်းကိုယမန်နှစ်က မြန်မာသမ္မတဦးထင်ကျော်ထံ အလုပ်သမားတွေကိုယ်တိုင်တိုက်ရိုက်တင်ပြကြတယ်.. အဲသလိုအခက်ခဲတွေကြောင့် အလုပ်သမားအများစုက... CIစာအုပ်ပြုလုပ်ချိန်မှာ သူတို့လည်း ပါဝင်နိုင်ဖို့ .မျှော်လင့်နေကြတာပါ”ဟု မြန်မာအလုပ်သမားရေးလှုပ်ရှားနေသူ ဦးစောမောင်က ပြောသည်။

လြက်ရှိတာဝန်ထမ်းဆောင်နေသည့် မြန်မာသံအမတ်ကြီးကလည်း ယခုလမှာ သူ့တာဝန်ပြီးဆုံးလို့  မြန်မာပြည်ပြန်တော့မှာဖြစ်သောကြောင့်.ယခုသံအမတ်ကြီးလက်ထပ်မှာ CIလုပ်ငန်းစဉ် အကောင်ထည်ဖော်ဆောင်မည့် အရိပ်ယောင်တော့အခုထိကို ေ၀ဝါးနေဆဲဖြစ်လို့   အသစ်ရောက်ရှိလာမည့် သံအမတ်ကြီး လက်ထပ်မှာတော့ ဘယ်လိုအပြောင်းလဲတွေဖြစ်ဆိုတာ မြန်မာ့ရွှေ့ပြောင်းအလုပ်သမားရေးလှုပ်ရှားနေသူများက စောင့်ကြည့်နေကြကြောင်း သိရသည်။

မြန်မာအလုပ်သမားတွေအတွက် အဆင်ပြေလွယ်ကူတဲ့ CI စာအုပ်ကို ပတ်စပို့ သက်တမ်းကုန်ခါနီးပြီ ဖြစ်တဲ့ မြန်မာအလုပ်သမားတွေကိုလည်း လျှောက်ထားခွင့်ပြုဖို့ နိုင်ငံတော်အတိုင်းပင်ခံ ပုဂ္ဂိုလ်အမေဒေါ်အောင်ဆန်းစုကြည်နှင့်တကွ သက်ဆိုင်ရာတာဝန်ရှိ လူကြီးများအနေဖြင့် မေတ္တာရှေ့ထားလို့ အဝေးရောက် သားသမီးများရဲ့အခက်ခဲအကြပ်တည်းများကို ဖြေရှင်းပေးစေလိုကြောင်း အလုပ်သမားဟစ်တိုင်အဖွဲ့မှ လေးနက်စွာ ဆန္ဒပြုတောင်းဆိုလိုက်ပါသည်။ 

Subscribe Us