Saturday, January 21, 2017

ငါးဖမ်းလှေမှ ထွက်ပြေးလာသူတစ်ဦးကို မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်



ဘန်ကောက် ၊ ဇန်နဝါရီ  ၂၁

ဘန်ကောက်မြို့ တောင်ဘက် ကီလိုမီတာ ၈၀ ကျော် အကွာရှိ ခြုံဘူရီခရိုင်၊ ချောင်းစမေးစံ စူဝစ်လှေဆိပ်မှ ထွက်ပြေးလာသောအသက် ၄၀ အရွယ် မြန်မာနိုင်ငံသားတစ်ဦးကို  ကျန်းမာ​ရေးအခွင့်​​ရေးနှင့်​အလုပ်​သမားအခွင့်​​ရေးဆိုင်​ရာတည်​​ဆောက်​​ရေးအဖွဲ့အစည်း(FAR) မှကယ်တင်ထားပြီး   အလုပ်သမားသံအရာရှိနှင့် ပူပေါင်းကာ  ဇန်နဝါရီလ  ၂၁ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

၂၀၁၆ခုနှစ် ဒီဇင်ဘာလ ၂ရက်နေ့က  လှေဆိပ်မှ ထွက်ပြေးလာသော  မြန်မာအလုပ်သမားမှာ ပန်းရောင်ဘတ်ရှိသော်လည်း လှေဦးစီးက ယူထားကြောင်း၊ ထွက်ပြေးလာစဉ် ခြေဦးတည်ရာ လျှောက်သွားရာမှ   ဇန်နဝါရီလ  ၁၉ရက်နေ့တွင် ထိုင်းစစ်သားတစ်ဦးက ဖမ်းဆီးကာ ရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ယင်းရဲစခန်းမှ တာဝန်ရှိသူများက ကျန်းမာ​ရေးအခွင့်​​ရေးနှင့်​အလုပ်​သမားအခွင့်​​ရေးဆိုင်​ရာတည်​​ဆောက်​​ရေးအဖွဲ့အစည်း (FAR) အဖွဲ့ထံ ဆက်သွယ်အကူအညီတောင်းသဖြင့် အဖွဲ့က ခေါ်ယူ စောင့်ရှောက်ပေး
ထားကြောင်း ကျန်းမာ​ရေးအခွင့်​​ရေးနှင့်​အလုပ်​သမားအခွင့်​​ရေးဆိုင်​ရာတည်​​ဆောက်​​ရေးအဖွဲ့အစည်း (FAR) မှ မသန္တာထွန်းက ပြောသည်။




“ သူကမြန်မာနိုင်ငံပဲ  ပြန်ချင်တယ်ဆိုတာနဲ့ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်နဲ့ ဆက်သွယ်ပြီး မြန်မာပြန်ပို့ရေးကိုစီစဉ်ပေးခဲ့တာ ”ဟု မသန္တာထွန်းက ပြောသည်။

ထွက်ပြေးလာသူမှာ မြန်မာနိုင်ငံ  မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ထနောင်းပင်းဝန် ကျေးရွာတွင် နေထိုင်သော  ဦးကျော်စိုးဖြစ်ပြီးဘုရားသုံးဆူ နယ်မြေသို့သွားရောက် အလုပ်လုပ်ကိုင်ရာမှ ပွဲစားများ၏ ဆက်သွယ်ပေးမှုဖြင့် ငါးဖမ်းလှေသို့ရောက်ရှိသွားကြောင်း၊  ငါးဖမ်းလှေတွင် ၇လခန့် အလုပ်လုပ်ပြီး အလုပ်ဒဏ်ကြောင့် စိတ်ဓာတ်ကျကာ ငါးဖမ်းလှေပေါ်မှ ပင်လယ်ထဲသို့ခုန်ချပြီး မိမိကိုယ်ကိုအဆုံးစီရင်ခဲ့သော်လည်း လုပ်ဖော်ကိုင်ဖက်များက ကယ်ဆယ်ခဲ့ကြောင်း  ၎င်း၏ ပြောကြားချက် အရ သိရသည်။


 “တရားမ၀င်ရော တရားဝင်လမ်းကနေ ဖြစ်စေ ထိုင်းနိုင်ငံသို့ ၀င်ရောက်လာတဲ့ ကျွန်တော်တို့ နိုင်ငံသား အလုပ်သမားတွေ အခက်ခဲဖြစ်လို့အကူအညီ တောင်းခံလာလို့  သတင်းအချက်လက် သိရတာနဲ့ အချိန်နဲ့တပြေညီ ကူညီဆောင်ရွက်ပေးနိုင်ဖို့ သက်ဆိုင်ရာ နယ်မြေခံအလုပ်သမားအဖွဲ့စည်းများနှင့်ပူးပေါင်းဆောင်းရွက်ပြီး ၂၄နာရီ ကူညီပေးနေပါတယ်၊ အခုလို အလုပ်သမားကူညီရေး အဖွဲ့စည်းတွေကလည်း ပူးပေါင်းဆောင်းရွက်မှုတွေများလာတော့ အလုပ်သမားတွေကို ကူညီတဲ့နေရာမှာ ပိုထိရောက်လာတယ်” ဟု အလုပ်သမားသံအရာရှိဦး မိုးအောင်ခိုင်က ပြောကြားသည်။

 ခြုံဘူရီအခြေစိုက် ရွှေမြန်မာလူမှုကူညီရေးအဖွဲ့မှလည်း ဦးကျော်စိုးအား ဘတ်ငွေ ၂၆၄၀ဘတ်နှင့် စားသောက်စရာများပါ လှူဒါန်းပေးခဲ့ကြောင်းသတင်းရရှိသည်။

Subscribe Us