Wednesday, November 20, 2013

What is good leadership skills ?


ခေါင်းဆောင်ဆိုတာ မွေးရာပါစွမ်းရည်သတ္တိထူးများ၏ အထောက်အပံ့များကြောင့် (ဘုရင်သား ဘုရင်ဖြစ်သလိုပေါ့) ခေါင်းဆောင်ဖြစ်လာသလို၊ သင်ယူလေ့ကျင့်မှုများကရတဲ့ စွမ်းရည်များ ကြောင့်လည်း( အေဘရာဟင်လင်ကွန်းလိုမျိုး) ခေါင်းဆောင်ကောင်းဖြစ်လာခွင့်ရှိတယ်။  ခေါင်း
ဆောင်ကောင်းဖြစ်လာနိုင်တယ်။ မြန်မာတို့၏ သမရိုးကျအမြင်ဖြစ်တဲ့ *မှတပါး အခြားမရှိတော့ပြီ* ဆိုတဲ့ ဆီနီယာတွေကို မှီခိုကိုးစားလိုစိတ်နှင့် မိမိကိုယ်ကို ခေါင်းဆောင်ဖြစ်ရန် ယုံကြည်စိတ်၊ ကြိုးစားလိုစိတ် မဲ့နေခြင်းက နိုင်ငံမှာ စွမ်းရည်မြင့်လူငယ်များ ရှားပါးနေခြင်းနှင့် တိုးတက်မှုနှေးကွေးနေမှုများ၏ အဓိကအကြောင်းရင်းတစ်ခုဖြစ်နေတယ်။ 
 
ခေါင်းဆောင်ဆိုတာဟာ သီးခြားရပ်တည်နေဖို့ မဟုတ်ပါဘူး။ Leaders as Partners ဆိုတဲ့ ကောင်းတူဆိုးဖက် ရဲဘော်ရဲဘက် အနေနဲ့ သာဖြစ်ရပါမယ်။ သက်ဦးဆံပိုင်ခေတ်က သတ်စေသေစေ ဆိုတဲ့ အတွေးအခေါ်နဲ့ ဦးဆောင်မှုကို ယနေ့ (၂၁) ရာစုမှာ လုံးဝလက်မခံ ဆန့်ကျင်လာကြပါတယ်။ ကွန်မြူနစ်စနစ်၊ ဆိုရှယ်လစ်စနစ် အာဏာရှင်စနစ် ကျဆုံးရခြင်းရဲ့  အဓိကအကြောင်းရင်းဟာ

 ခေါင်းဆောင်မှု မှားယွင်းပြီး သီးခြားဖြစ်တည်နေတဲ့ အကြောင်းရင်းကြောင့် ဖြစ်ပါတယ်။ ခေါင်းဆောင် (Leader) ဆိုတာ အဖွဲ့ဝင်တစ်ဦး (Group Member) သာဖြစ်ပြီး ဦးဆောင်မှု ပေးနေတဲ့ သူတစ်ယောက်အဖြစ်သာ Globalization ခေတ်မှာ မြင်လာကြပါတယ်။ လက်ခံလာကြပါတယ်။

ခေါင်းဆောင်မှု ဆိုတာကို အများရဲ့ ယုံကြည်မှု၊ ကိုးစားမှု၊ လေးစားမှုတွေကို ရရှိအောင် စွမ်းဆောင်နိုင်ပြီး ပြည်သူရဲ့ ရည်မှန်းချက်ကို ပေါက်မြောက်အောင် ထောက်ပံ့နိုင်မှုလို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။ နိုင်ငံတစ်ခု တိုးတက်မှု ဆုတ်ယုတ်မှုတွေဟာ ခေါင်းဆောင်နဲ့ သူ့ ရဲ့ခေါင်းဆောင်မှုက တဆင့် သီးပွင့် လာကြတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် ခေါင်းဆောင်မှု ကောင်းမှ နိုင်ငံတိုးတက်မှာ ဖြစ်ပါတယ်။
 
 
မြင်းခေတ်၊ လှည်းခေတ်က ခေါင်းဆောင်တွေရဲ့ အရည်အချင်းက စာမဖွဲ့လောက်လို့ အရေးမကြီးပေမဲ့ မျက်မှောက်ခေတ်မှာတော့ ခေါင်းဆောင်တွေရဲ့ အရည်အချင်းနဲ့ ဦးဆောင်မှုဟာ အလွန်အရေးပါ ပါတယ်။ ရှေးခေတ်တုန်းက ကုန်သွယ်မှုက သိပ်မကြီးမားသေးတာရယ် ပညာက ရှေ့တန်းသိပ် မရောက်သေးတာ ရယ်ကြောင့် ကိုယ့်နိုင်ငံနဲ့ကိုယ် သီးခြား နေထိုင်အုပ်စိုးနိုင်ကြပေမဲ့ ယခု မျက်မှောက်ခေတ်မှာတော့ ဆန်းသစ်တဲ့ သိပံ္ပပညာ၊ ဆက်သွယ်ရေး၊ ကွန်ပြူတာ အင်တာနက် အိုင်တီနည်းပညာစနစ်၊ သယ်ယူပို့ဆောင်ရေးစနစ် စတာတွေ အလွန်အမင်း တိုးတက်လာတာကြောင့် နိုင်ငံတွေအားလုံးဟာ သီးခြားရပ်တည်လို့ မရကြတော့တာ တွေ့ရပါတယ်။ လက်နက်ကိုင် စစ်ပွဲတွေအတွက် အကန့်အသတ် ရှိလာတာမို့ သိပ်စိုးရိမ်စရာ မရှိပေမဲ့ ကုန်သွယ်ရေးစစ်ပွဲ၊ ငွေကြေးစစ်ပွဲတွေ ရန်က ပိုပြီး စိုးရိမ်စရာ ဖြစ်လာပါတယ်။

လက်နက်ကိုင် တိုက်ရင် လူသေတာ ထင်သာ မြင်သာလို့  ကုန်သွယ်ရေးစစ်ပွဲ၊ ဘဏ္ဍာရေးစစ်ပွဲ၊ ပညာရေးစစ်ပွဲ တွေမှာ အသာစီးရဖို့ နိုင်ငံတိုင်းက ကြိုးစားနေကြပါတယ်။ အရင်က ခေတ်မှီလက်နက် ဘယ်လောက်ရှိရင် နိုင်ငံ အင်အားရှိတယ်၊ သယံဇာတ ဘယ်လောက်ရှိရင် ကြွယ်ဝမှု ဘယ်လောက်ရှိတယ်ဆိုပြီး ပြောနိုင်ကြပါတယ်။ Comparative Advantage လို့ ပြောလေ့ရှိပါတယ်။ သည်ကနေ့ သယံဇာတမရှိဘဲ တိုးတက်အင်အားကြီးနေတဲ့ နိုင်ငံတွေ ပေါ်လာတော့ နိုင်ငံရဲ့အင်အားဟာ ဓနအင်အားဆိုတာ အတွေးအခေါ် တစ်ရပ်အနေနဲ့ ပြောင်းလဲလာပါတယ်။ အဲဒီဓနကို သယံဇာတ ထုတ်မရောင်းဘဲ ပညာနဲ့ လုပ်ယူလို့ ရတာကြောင့် ပညာဟာ ရှေ့တန်းတက်လာပြီး ပညာခေတ်ကို ရောက်လာပါတယ်။ 
 
ယနေ့ခေတ်လွန် အဆင့်မြှင့် နည်းပညာတွေအရ အနျူမြူဗုံးကို မြေပြင်မှာ အန္တရာယ်ကြီးမားစွာ ဖောက်ခွဲပြဖို့ မလိုတော့ဘဲ ဓာတ်ခွဲခန်းမှာတင် စမ်းသပ် ဖောက်ခွဲရုံဖြင့် ရနိုင်တဲ့ နည်းပညာ တိုးတက်လာပါတယ်။ ပညာနဲ့ဓန အင်အားကို ဖန်တီးယူနိုင်ပြီး စစ်အင်အားကြီးတဲ့ နိုင်ငံတွေကို နိုင်ငံရေးအရ ပြန်ပြီးကစားနိုင်လာခဲ့ပါတယ်။ ယနေ့ အင်အားကြီး နိုင်ငံတွေအနေနဲ့ ရှေးခေတ်က စစ်ရေးအင်အားဖြင့် ခြိမ်းခြောက်အရေးယူခြင်းထက် စီးပွားရေး ပိတ်ဆို့ခြင်း (Economics Sanction) ကို ဖိအားပေး လက်နက်တခု အသွင် အသုံးပြုလာခဲ့ပါတယ်။

အဲဒီလို မဟာဗျူဟာတွေကို ချမှတ်သူတွေဟာ ခေါင်းဆောင်တွေ ဖြစ်ကြလို့ သူတို့ရဲ့  ကဏ္ဍဟာ အလွန်အရေးပါ ပါတယ်။ ပညာဟာ တွေးတတ်ရင် ကြောက်စရာကောင်းအောင် ထက်မြက်တဲ့ လက်နက်တစ်ခု ဖြစ်ပါတယ်။ (၂၁)ရာစုဟာ ပီပြင်တဲ့ပညာ အခြေခံတဲ့ ခေါင်းဆောင်မှု၊ ပညာအခြေခံတဲ့ လူမူအဖွဲ့အစည်းနဲ့ ပညာအခြေခံတဲ့ ကုန်သွယ်မှုခေတ် ဖြစ်ပါတယ်။ ပညာမပါရင် ဘာမှလုပ်မရဘူးလို့ ယေဘူယျ နားလည်ထား နိုင်ပါတယ်။ ခေါင်းဆောင်ဆိုတာ အဲဒီမှန်ကန်တဲ့ ခေါင်းဆောင်မှု (အများအကျိုးရှေးရှု) ကို ပေးနိုင်သူသာ ဖြစ်ပါတယ်။

စင်ကာပူဟာ အတုယူစရာကောင်းတဲ့ နိုင်ငံငယ်လေးတစ်ခုပါ။ ၁၉၆၅ ခုနှစ် မလေးရှားက ရုတ်တရက် အထုတ်ခံ လိုက်ရတော့ လီကွမ်ယူ တော်တော် အကြပ်တွေ့ခဲ့ရပါတယ်။ ဆိုရှယ်လစ်ခေတ်တုန်းက မြန်မာပြည်ကသွားတဲ့ စီးပွားရေး ပညာရှင်တစ်ဦးဟာ လီကွမ်ယူနဲ့ ကျောင်းနေဘက် သူငယ်ချင်းတစ်ဦး ဖြစ်ခဲ့ပါတယ်။ လီကွမ်ယူရဲ့ မဟာလက်ရုံး တစ်ဆူ ဖြစ်ခဲ့ပြီး ဒီနေ့ စင်ကာပူကို တည်ထောင်ခဲ့တဲ့ အဓိက လူတစ်ဦးဖြစ်ပါတယ်။ နိုင်ငံငယ်တော့ စီးပွားရေး၊ လူမှုရေး၊ စစ်ရေး ရှုထောင့်တွေက ကြည့်ရင် အကန့်အသတ် ရှိနေပါတယ်။ လီကွမ်ယူဟာ စင်ကာပူကို “ရေပြည့်အိုး” ဖြစ်မှာ ကြောက်သူပါ။ နိုင်ငံကို ချဲ့မရတော့ စင်ကာပူဟာ “ပညာ” ကိုဘဲ ချဲ့ရပါတော့တယ်။ ကမ္ဘာကြီးဟာ နှိုင်းရ အသာစီး (Comparative Advantage) ကနေ စွမ်းရည် အသာစီးရမှု (Competitive Advantage) ကို ကူးပြောင်းလာတာ လီကွမ်ယူ သတိကောင်းကောင်း ထားမိပါတယ်။

နိုင်ငံအဆင့် ပညာကို ချဲ့ ထွင်ရာမှာ မဟာဗျူဟာနဲ့ Macro View က အလွန် အရေးကြီးပါတယ်။ စင်ကာပူလို City State က အတိမ်းအစောင်း ခံလို့ မရပါဘူး။ Michael E Porter ဆိုတာက စီးပွားရေး ပညာရှင်တွေ ထဲက ဂုရုတစ်ဦး ဖြစ်ပါတယ်။ သုံးနာရီ Seminar တစ်ခုကို ဒေါ်လာ (၂) သိန်း ပေးရတဲ့ ပညာရှင် ဖြစ်ပြီး သူ့ Seminar ကို တက်ချင်ရင် လက်မှတ် တစ်စောင်ကို ဒေါ်လာ (၃၀၀၀) ပေးရတဲ့အထိ အဆင့်ရှိသူ ဖြစ်ပါတယ်။ GE ဆိုတဲ့ General Electric ဧရာမ ကုမ္ပဏီကြီးရဲ့ ဦးဆောင်သူ Jack Welch တို့လို ထိပ်တန်း CEO ကြီးတွေရဲ့  အကြံဥာဏ် ယူနေရတဲ့ ပုဂ္ဂိုလ်ကြီးလည်း ဖြစ်ပါတယ်။ နိုင်ငံတကာက MBA သမားတွေ မသင်မနေရ နိုင်ငံအဆင့် (National Competitiveness) ကို Porter Diamond ဆိုတဲ့ သီအိုရီနဲ့ အစားထိုး ပေးခဲ့သူလည်း ဖြစ်ပါတယ်။

လီကွမ်ယူက Porter ဆီက အကြံဥာဏ်ကို ရယူပါတယ်။ Porter ကလည်း မဟာဗျူဟာ အဆင့် “မူဝါဒ” ဘဲ ပေးပါတယ်။ ဒီနေ့ စင်ကာပူဟာ Competitiveness ဆိုတဲ့ ယှဉ်ပြိုင်မှု စွမ်းရည်မှာ ကမ္ဘာ့ထိပ်တန်း နိုင်ငံတွေရဲ့  ရှေ့မှာတောင် ရောက်နေပါပြီ။ ခေါင်းဆောင်မှုနဲ့ မဟာဗျူဟာ သဘောကို ပြောချင်တာ ဖြစ်ပါတယ်။ လီကွမ်ယူကို ဆရာတင်တဲ့ လူကတော့ မြန်မာနိုင်ငံက စစ်အာဏာရှင်များ ဖြစ်ပါတယ်။ လီကွမ်ယူဟာ ဆရာတင်ခံရချိန်မှာ စစ်အာဏာရှင်များကို စည်းရုံးပြီး မြန်မာနိုင်ငံကို အာဆီယံ ၀င်ခွင့်ရရေး ကူညီပေးခဲ့ပါတယ်။ 
 
အဲဒီ အကျိုးအမြတ်ကတော့ ဗမာပြည်ရဲ့ သယံဇာတ ပစ္စည်းမှန်သမျှနဲ့ ငွေကြေး လမ်းကြောင်းတွေကို စင်ကာပူသို့ မှီခိုတင်သွင်းနိုင်ရေးအတွက် လီကွမ်ယူက အမြတ်ထုတ် နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ စီးပွားရေး ပိတ်ဆို့ခံရချိန်မှာ စင်ကာပူကို မှီခိုအားထားနေရပြီး လက်နက်မှောင်ခို တင်သွင်းတာကအစ စင်ကာပူမှ တဆင့် တင်သွင်းရတဲ့အတွက် စင်ကာပူအတွက် အကျိုးအမြတ်များစွာ ရရှိသွားစေခဲ့ပါတယ်။ အာဏာရဖို့သာ သိပြီး ပညာမရှိတဲ့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့  ညံ့ဖျင်းမှုကြောင့် မြန်မာနိုင်ငံအတွက် များစွာ နစ်နာဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေရပါတယ်။
 
ကမ္ဘာကြီးဟာ ဒီနေ့ နဲ့ နံနက်ဖြန် မတူတော့သလို ခေါင်းဆောင်မှုဟာလည်း ဒီနေ့နဲ့ မနက်ဖြန် တူနိုင်မှာ မဟုတ်ပါဘူး။ အတွေးအခေါ်၊ အယူအဆ၊ အတွေး၊ အမြင်၊ ယုံကြည်မှု၊ တန်ဖိုးစတဲ့ အကြောင်း အရာများဟာ ခေါင်းဆောင်မှုကို စိန်ခေါ်မှုတွေ အဖြစ် အသွင်ပြောင်းလာကြပါတယ်။ Challenges to Leadership လို့ ပြောနေကြပါပြီ။ အဲဒီလို ပတ်ဝန်းကျင်ရဲ့ စိန်ခေါ်မှုတွေကို တုံ့ပြန်ဖို့ ခေါင်းဆောင်မှုဘက်ကလည်း The Leadership Challenges ဆိုပြီး ခေါင်းဆောင်မှုမှာ မလွဲမသွေ ပါဝင်ရမဲ့ အရည်အသွေး ဖော်ပြချက်တွေ တန်းစီထွက်လာခဲ့ရပါတယ်။

ခေါင်းဆောင်မှုကို အနှစ်ချုပ်လိုက်ရင်
“ခေါင်းဆောင်မှုဆိုတာ တန်ဖိုးတွေကို လက်တွေ့ ဆောင်ရွက်မှု အဖြစ် ပြောင်းပစ်တာ (Transform values into action)၊ 
အနာဂတ် အမြင်တွေကို လက်တွေ့ အစစ်အမှန် ဖြစ်စေတာ (Visions into realities)၊ 
အခက်အခဲတွေကို မွမ်းမံပြင်ဆင်လိုက်တာ (Obstacles into innovations)၊ ကွဲပြားခြားနား၊ ပြန့်ကျဲနေတာတွေကို တစ်စုတစ်စည်း ခိုင်မာစေတာ (Separateness into solidarity) ၊ ပြီးတော့ စွန့်စားမှုတွေကို ဆုလာဘ်အဖြစ် ဖန်တီးယူတာ (Risks into rewards) ဖြစ်ပါတယ်။ အများအတွက် စိန်ခေါ်မှုပါတဲ့ အခွင့်အလမ်းတွေကို မြင်သာထင်သာတဲ့ အောင်မြင်မှု အဖြစ်ရစေဖို့၊ အခြေအနေ အာဝါသတစ်ခု ဖန်တီးပေးမှုပဲ ဖြစ်ပါတယ်။”
 
ခေါင်းဆောင်တွေနဲ့ ခေါင်းဆောင်မှုမှာ အချိန်ဟာ အလွန်အရေးကြီးပါတယ်။ အဖွဲ့အစည်း ကြီးကြီးကို ဦးဆောင်သူ၊ နိုင်ငံတော်ကို ဦးဆောင်နေသူတွေဟာ အချိန် မလောက်မင ဖြစ်တတ်လို့ အချိန်ကို အကျိုးရှိအောင် အသုံးချနိုင်ဖို့ အင်မတန် အရေးကြီးပါတယ်။ ဒါကြောင့် အချိန်ကို အကျိုးရှိအောင် သုံးရမဲ့ အချက် (၂၀) ချက်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

1. ရွေးချယ်ပြီး ဖတ်ရှုပါ။
2. လုပ်ရန် လုပ်ငန်းကို အစီအစဉ်ဖြင့် ပြုစုပါ။
3. လုပ်ငန်းတွေ အစီအစဉ် တကျ ထားရှိပါ။
4. ဦးစားပေး အစီအစဉ်အရ လုပ်ကိုင်ပါ။
5. အရေးမကြီးတဲ့ ကိစ္စများကို တပြိုင်နက် လုပ်ပါ။
6. စီမံကိန်းကြီးများကိုတော့ ခွဲခြမ်းစိတ်ဖြာပါ။
7. အရေးကြီး လုပ်ငန်း၏ (၂၀) ရာခိုင်နှုန်းကို ဆုံးဖြတ်တတ်ပါ။
8. အကောင်းဆုံးအချိန်ကို အရေးကြီး ကိစ္စအတွက် လျာထားပါ။
9. မိမိကို တခြားသူများ တွေ့ဆုံမှု ကန့်သတ်ထားပါ။
10. (၁၀) မိနစ် လုပ်ရမဲ့ လုပ်ငန်း (၅) ခုကို ပြုစုပါ။
11. အလုပ်ကို မရွေ့ ဆိုင်းပါနဲ့။
12. အချိန်နဲ့ တပြေးညီ ဆောင်ရွက်ပါ။
13. လုပ်ငန်းတွေ ပြီးရမဲ့ သတ်မှတ်ချိန် ထားပါ။
14. စောင့်ဆိုင်းရတဲ့ ကာလမှာ တစုံတခုကို တန်ဖိုးရှိအောင် လုပ်လိုက်ပါ။
15. သတ်မှတ်ချိန်မှာ ရှုပ်ထွေးတဲ့ အလုပ်ကို ပြီးအောင် လုပ်ပါ။
16. အချေအတင် ဖြစ်တဲ့ အလုပ်မျိုးကို တနေ့တခု ပြီးအောင် လုပ်ပါ။
17. ကိုယ်ပိုင် အချိန်အတွက် အချိန်ဇယား ရေးဆွဲထားပါ။
18. ဆက်လက် ဆောင်ရွက်ရမှုတွေအတွက် မပူပန်ပါနဲ့။
19. ရေရှည် ရည်မှန်းချက်ကို ရေးထားပါ။
20. အချိန် စီမံခန့်ခွဲမှု နည်းလမ်းကောင်းအတွက် အမြဲတမ်း အသင့်ရှိပါ။

အထက်ပါ အချက် (၂၀) ဟာ အခြေခံ ဖြစ်ပြီး သုတေသန ပြုထားမှုတွေက ထွက်လာတဲ့ စည်းကမ်းတွေ   ဖြစ် ပါတယ်။ လူတိုင်း လိုက်နာ ကျင့်သုံး တတ်ပါစေ။အနာဂါတ်လူငယ်များ ခေါင်းဆောင် ဖြစ်နိုင်ကြပါစေ။
နောက်တပတ်မှာတော့ ထိရောက်တဲ့ စွမ်းရည်ရှိတဲ့ ခေါင်းဆောင်မှု အကြောင်းကို ဆက်လက် တင်ပြသွားပါမယ်။

ဒီနေ့ တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ CEO တွေ နှစ်ကုန်လို့ အခြေအနေကောင်းရင် ဆက်လုပ်ခွင့်ရှိပြီး ကုမ္ပဏီတွေ အရှုံးပေါ်ရင် တာဝန်က ရပ်စဲခြင်း ခံကြရပါတယ်။ ဘာတွေ ဘယ်လို လုပ်နေပါတယ် ဆိုတာထက် ပြည်သူတွေက “ရလဒ်” ဘယ်လို ထွက်လာတယ်ဆိုတဲ့အပေါ်မှာပဲ အဆုံးအဖြတ် ပေးကြတဲ့ခေတ် ရောက်လာပါပြီ။ ဘယ်လိုလုပ် နေပါတယ်ဆိုတာ CEO တွေ၊ ခေါင်းဆောင်သူတွေရဲ့ အလုပ်ပါ။ နောက်လိုက်တွေ၊ ပြည်သူတွေ၊ ရှယ်ယာရှင်တွေရဲ့ အလုပ်မဟုတ်လို့ပါ။ ယနေ့ မြန်မာ နိုင်ငံမှာတော့ စစ်ခေါင်းဆောင်တွေက ဘယ်လို လုပ်နေပါတယ် တိုင်းပြည် ဘယ်လိုကောင်းနေ ပါတယ်လို့ ပြောနေတာထက် အကျိုးရလဒ်ကိုသာ မှန်မှန်ကန်ကန် သုံးသပ်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ တကယ့်ခေါင်းဆောင်ကောင်း ဖြစ်ပြီး ကမ္ဘာ့အလယ်မှာ သိက္ခာရှိမှာ ဖြစ်ပါတယ်။

ခေါင်းဆောင်တွေရဲ့ Personal Characteristics ကို အောက်ပါအတိုင်း ယေဘုယျ သတ်မှတ် လာကြောင်း တွေ့ရပါတယ်။

•    Personality (ကိုယ်ရည်ကိုယ်သွေး)
•    Knowledge (ပညာ)
•    Skills and Abilities (ကျွမ်းကျင်မှု/ စွမ်းရည်)
•    Experiences (အတွေ့အကြုံ)
•    Learning (လေ့လာသင်ယူမှု)
•    Prejudice and Bias (ထင်မြင်မှု/ ဘက်လိုက်မှု)


ခေါင်းဆောင်တွေရဲ့ ယှဉ်ပြိုင်စွမ်းရည်ဟာ တစ်ဦးချင်းရဲ့ ထိရောက်စွမ်းအားနဲ့ ဆက်သွယ်နေပါတယ်။ အရင်က ဘာတွေ လေ့လာဆည်းပူးခဲ့တယ်၊ အတွေ့အကြုံ လွှမ်းမိုးမှု၊ လျင်မြန်မှုတွေနဲ့ တိကျမှုတွေ အပေါ် အခြေခံပြီး အခြေအနေ တစ်ရပ်ကို အမှန်ကန်ဆုံး သုံးသပ်နိုင်မှုတွေဟာ အရည်အချင်းတွေပဲ ဖြစ်ပါတယ်။ အမှားထဲက အမှန်ကို ရှာဖွေနိုင်မှုလည်း ပါဝင်ပါတယ်။

Path-goal ချဉ်းကပ်မှုက လေးမျိုးသော အမူအကျင့် ခေါင်းဆောင်တွေကို ခွဲခြမ်းစိတ်ဖြာ ပါသေးတယ်။

•    Supportive Leadership
•    Directive Leadership
•    Participative Leadership
•    Achievement-oriented Leadership

ခေါင်းဆောင်တွေဟာ တကယ်တော့ ဘက်စုံတော်သူ အလွန်ရှားပါတယ်။ သန်ရာသန်ရာ၊ စွမ်းရာ စွမ်းရာ ရှိတတ်ကြပါတယ်။ Supportive Leadership က နောက်လိုက်တွေကို ဖြည့်ဆည်း၊ ပံ့ပိုးပေးပြီး Directive Leadership က မူဝါဒပေး၊ လမ်းကြောင်းအမှန်ပေါ်တင်ပေးတဲ့နေရာမှာ အလေး သာပါတယ်။ Participative Leadership က အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်မှုအား ပိုကောင်းပြီး Achievement-oriented Leadership က ဆောင်ရွက်မှု ရလဒ် အခြေခံ ခေါင်းဆောင်မှုမျိုး ဖြစ်ပါတယ်။ သူတို့ဆီမှာ အကြောင်း တစ်စုံတစ်ရာကို အသေးစိတ် ခွဲခြမ်း စိတ်ဖြာလွန်းတာ တွေ့နိုင်မှာပါ။ တကယ်တော့ ခေါင်းဆောင် တစ်ဦးမှာ အထက်ပါ အရည်အချင်းတွေ အားလုံး ပါရမှာ ဖြစ်ပေမဲ့ အားသန်ရာကို ထပ်ခွဲခြမ်းပြလိုက်တဲ့ သဘော ဖြစ်ပါတယ်။ အဓိက ကတော့ Directive မရှိရင် ဘာမှ လုပ်မရပါဘူး။ “တက်” မပါတဲ့ သဘောင်္ သွားချင်ရာသွား ဖြစ်သွားပါ့မယ်။

ဒီနေရာမှ ကျွန်တော် ကိုဖိုးတရုတ်အနေနဲ့ သုံးသပ်ပြချင်တာကတော့ ယနေ့မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေ အနေနဲ့ ခေါင်းဆောင်တွေမှာရှိရမဲ့ ဒီအရည်အချင်းတွေနဲ့ ပြည့်စုံပါသလား ဆိုတာကိုပါ။ ဒီလေးချက်မှာ ပထမ တစ်ချက်ကို ကြည့်ရင် နောက်လိုက်တွေကို ဖြည့်ဆည်း ပံ့ပိုးဖို့ဆိုတာ တပ်ပြေးတွေများနေပြီး တပ်အောက်ခြေမှာ ခွက်ပျောက် နေလို့ ပြည်သူအပေါ်မှာလည်း နာဂစ်လို အဖြစ်ဆိုးမှာတောင် ထိထိရောက်ရောက် ကူညီထောက်ပံ့မှုကို မပြုနိုင်ခဲ့လို့ နိုင်ငံရဲ့ ခေါင်းဆောင် လုံးဝ မဖြစ်သင့်တာကို တွေ့ရပါတယ်။ ဒုတိယ အချက်အနေနဲ့ မူဝါဒပေး၊ လမ်းကြောင်း အမှန်ပေါ် တင်ပေးတဲ့နေရာမှာလည်း စစ်အစိုးရအနေနဲ့ အမျိုးမျိုး ပြောင်းနေတဲ့ ဗလောင်းဗလဲ မူဝါဒတွေနဲ့ ပြည်သူတွေရဲ့ စီးပွားရေး၊ လူမှုရေးတွေ အတွက် လမ်းကြောင်းအမှန်ကို မပေးနိုင်သေးတာ တွေ့ရမှာ ဖြစ်ပါတယ်။ နောက် တတိယ အချက်ကို ကြည့်ပြန်ရင်လည်း အဖွဲ့အစည်းနဲ့ ပူးပေါင်း ဆောင်ရွက်မှုအား ပိုကောင်းစေတာ ဆိုရာမှာ ယနေ့ တိုင်းပြည်ကောင်းစားရေး အတွက် အမှန်တကယ် လိုအပ်နေတဲ့ တွေ့ဆုံဆွေးနွေးရေး ဆိုတာကို လျစ်လျူရှုပြီး သင့်တော်တဲ့ နိုင်ငံရေး နည်းလမ်းနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတာကလည်း ခေါင်းဆောင်မပီသရာ ဖြစ်နေ ပါတယ်။ နောက်ဆုံး စတုတ္ထအချက်ကို ကြည့်ရင် ဆောင်ရွက်မှု ရလဒ် အခြေခံ ခေါင်းဆောင်မှုမျိုး မရှိလို့ စစ်အစိုးရ ခေါင်းဆောင်တွေရဲ့ ဆောင်ရွက်မှု ရလဒ်ကတော့ ယနေ့ မြန်မာနိုင်ငံဟာ အဘက်ဘက်က အောက်တန်း နောက်တန်း ကျနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ထိရောက်စွမ်းရည်ရှိ ခေါင်းဆောင်မှုဟာ Effective Leadership ဖြစ်ပါတယ်။ ခေါင်းဆောင်မှုတော
 ခေါင်းဆောင်မှုပါပဲ။ မတူတဲ့ ခေါင်းဆောင်မှုတွေကို သတိထားမိမှာပါ။ သမာရိုးကျ ခေါင်းဆောင်မှု၊ အစဉ်အလာကို ဖက်တွယ်ထားတဲ့ ခေါင်းဆောင်မှု၊ ထိရောက်တဲ့ ခေါင်းဆောင်မှု Effective Leadership ဆိုပြီး ကွဲပြားလာပါတယ်။ ထိရောက်တဲ့ ခေါင်းဆောင်မှု အတွက် လိုအပ်ချက်တွေဟာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
•    Objectivity Vs Perception
•    Acceptance Vs Rejection
•    Individual Vs Group Performance
•    Productivity Vs Satisfaction
•    Level of Analysis
စွမ်းရည်ရှိ ခေါင်းဆောင်မှုမှာ ရည်ရွယ်ချက်ထက် အမြင်ကိုပိုပြီး တန်ဖိုးထားပါတယ်။ အရာရာကို လက်ခံမှုထက် ငြင်းပယ်မှု၊ စောဒကတက်မှုကို ပိုပြီး ကြိုဆိုပါတယ်။ တစ်ဦးချင်း ဆောင်ရွက်မှုထက် Group Performance ဆိုတဲ့ လူစုရဲ့ စွမ်းအားကို ပိုပြီး ရှေးရှုပါတယ်။ ထုတ်လုပ်မှုထက် ကျေနပ် နှစ်သိမ့်မှုကို ဦးစားပေးပါတယ်။ ဘာကို ပြောချင်သလဲဆိုတော့ ဥပမာ- တစ်နှစ် အရေအတွက် ဘယ်လောက် ထုတ်သင့်တယ်ဆိုတာထက် အရည်အသွေး ဘယ်လိုပိုကောင်းလာသလဲဆိုတဲ့ဘက်ကို ရှေးရှုတာပါ။ ကုမ္ပဏီခွဲ ဘယ်နှစ်ခုရှိတာထက် အကျိုးအမြတ် ဘယ်လောက် ပိုရသလဲဆိုတာမျိုးကို ပြောချင်တာပဲ ဖြစ်ပါတယ်။ Level Of Analysis ကတော့ တော်ရိလျော်ရိ ခွဲခြမ်းစိတ်ဖြာ လေ့လာမှုမျိုးထက် ထဲထဲဝင်ဝင်၊ ပကတိအခြေအနေ၊ အနာဂါတ် အမြင်ကို ထည့်သွင်းမျှော်မှန်းတဲ့ ဆောင်ရွက်မှုမျိုးကို ပြောချင်တာပါ။

ခေါင်းဆောင်တွေမှာ သာမန်ခေါင်းဆောင်တွေ ရှိသလို သာမန်လွန် ခေါင်းဆောင်တွေလည်း ရှိကြပါတယ်။ Effective Leader တွေက သမားရိုးကျ မဟုတ်တဲ့ သာလွန် ခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။ သူတို့ရဲ့ ဦးဆောင်မှုကလည်း မိရိုးဖလာ စီမံခန့်ခွဲမှု မဟုတ်ပါ။ ရလဒ်ကောင်း၊ နည်းလမ်းကောင်း ဖန်တီးပေးနိုင်သူတွေ ဖြစ်ပါတယ်။ ရလဒ်ကောင်း မရခဲ့ရင် Effective Leader အမည်တပ်ဖို့ စဉ်းစားစရာ ဖြစ်ပါတယ်။ Leader နဲ့ Effective Leader ကို ယေဘုယျ သဘောအားဖြင့် ရလဒ်/ အလားအလာတွေနဲ့ ခွဲခြားပေးပါတယ် ဆိုတာ တင်ပြရင်း နောက်တပတ်မှာတော့ ထိရောက်တဲ့ ခေါင်းဆောင်မှုကို ပေးလို့ အောင်မြင်သွားတဲ့ သြစတြေးလျ နိုင်ငံနဲ့ ကိုးရီးယားနိုင်ငံက ပုဂ္ဂိုလ်များ အကြောင်း တင်ပြသွားပါမယ်။
လုပ်ငန်းတစ်ခု၊ နိုင်ငံတစ်ခုမှာ ခေါင်းဆောင်မှုဟာ အလွန် အရေးကြီးပါတယ်။ ခေါင်းဆောင်မှု ကောင်းမွန် မှန်ကန်ပြီး သမာရိုးကျ လုပ်ဆောင်ချက်တွေက ခွဲထွက်လို့ အောင်မြင် တိုးတက်သွားတဲ့ သာဓကတွေကို ဒီတပတ်မှာ စာဖတ်ပရိသတ်များ ဗဟုသုတ ရရှိစေရန် ကျွန်တော် ကိုဖိုးတရုတ်မှ ဆက်လက် တင်ပြ ပေးလိုက်ပါတယ်။

သာမန်ထက် ပိုလွန်ပြီး အောင်မြင်မှု အထူးကို ရရှိခဲ့တဲ့ Virgin Blue လေကြောင်းကို လေ့လာတဲ့အခါမှာ CEO ဖြစ်တဲ့ Richard Branson ရဲ့  ခေါင်းဆောင်မှု ကောင်းမွန်လို့ ဆိုတာ တွေ့ရပါတယ်။ ဒီနေ့ ခေတ်စားတဲ့ Budget Air ဆိုတဲ့ သက်သာနှုန်းထား လေကြောင်း ခရီးစဉ်တွေကို Branson က စတင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ သူများရဲ့ မတူတဲ့ Version ကြောင့် အောင်မြင်မှု ရရှိခဲ့တာ ဖြစ်ပါတယ်။ ဘယ်နေရာမှာ မဆို ခေါင်းဆောင်ကောင်း ဖြစ်ဖို့ အတွက် အလွန်အရေးကြီးပါတယ်။
ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ ခေါင်းဆောင်မှု သက်ရောက်အားဟာ အဖွဲ့အစည်း တစ်ခု၊ နိုင်ငံတစ်ခုရဲ့  အနာဂါတ်ကို တမုဟုတ်ခြင်း ပြောင်းလဲ နိုင်စွမ်း ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက ဗိုလ်သန်းရွှေရဲ့ Background ဖြစ်တဲ့ ကိုတေဇရဲ့ လေကြောင်းလိုင်းကတော့ တမုဟုတ်ခြင်း အရှုံးပေါ်ပြီး Air Bagan ဆိုတာ ခေါင်းဆောင်မှုမှာ ယုံကြည်မှု သိက္ခာ မရှိတာမို့ ကြားရသူတွေ နှာခေါင်း ရှုံ့တဲ့ လေကြောင်းလိုင်း ဖြစ်နေတာကို တွေ့ရပါတယ်။

နောက်တခု ထင်ရှားတဲ့ ခေါင်းဆောင်မှုကြောင့် အောင်မြင်တာကတော့ ကိုးရီးယား နိုင်ငံက Kim Jung - Tae ဖြစ်ပါတယ်။ Kim ဟာ နှစ်ပေါင်းများစွာ လက်ခံကျင့်သုံးလာတဲ့ ဘဏ်တွေရဲ့ အမြင်နဲ့ ကျင့်ထုံးကို ၂၀၀၁ ခုနှစ်မှာ ပြောင်းပြန် လှန်လိုက်ပါတယ်။ သူဟာ ကိုးရီးယားရဲ့  အထင်ကရ Korea's Kookmin Bank ရဲ့  CEO ဖြစ်ပါတယ်။ အစိုးရရဲ့ ဖိအားပေးမှုတွေကို တွန်းလှန်ရင်း ဘဏ်ရဲ့ အခြေခံမူ ဖြစ်တဲ့ ရှယ်ယာရှင်တွေရဲ့ အကျိုးကို ရှေးရှုကာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လိုက်တာကြောင့် အံ့မခန်းတဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ပြန်လည် တည်ဆောက်ရေး၊ ကိုးရီးယားရဲ့ ဘဏ္ဍာရေး စနစ်၊ မြင်သာ ထင်သာမှု၊ စီးပွားရေးစံတွေကို အကောင်းဆုံး ဖြစ်အောင် ပြုပြင်နိုင်ခဲ့ပါတယ်။ Kim ရဲ့ ဦးဆောင်မှုနဲ့ H & CB (Housing & Commericial Bank) လည်း အကြီးအကျယ် အောင်မြင် လာခဲ့ပြန်ပါတယ်။ Kim ရဲ့ ဦးဆောင်မှုနဲ့ H & CB ကို Kookmin Bank နဲ့ ပူးပေါင်းပေးလိုက်နိုင်ပြီး အာရှရဲ့ ဒုတိယ အကြီးဆုံး ဘဏ် ကြီး ဖြစ်စေခဲ့ပြန်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ မှာတော့ ညံ့ဖျင်းတဲ့ ဘဏ်စနစ်တွေနဲ့ ဖျက်သိမ်းခံလိုက်ရတဲ့ ဘဏ်တွေရဲ့ ဖြစ်စဉ်တွေကြောင့် ပြည်သူလူထု နစ်နာ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရပြီး ယုံကြည်ကိုးစားမှုလည်း ကွယ်ပျောက်ခဲ့ရပါတယ်။ ပုဂ္ဂလိက ဘဏ်တွေ ပြိုကွဲကုန်လို့ တိုင်းပြည်စီးပွားရေး ကမောက်ကမ ဖြစ်ကာ ပြည်သူလူထု စားဝတ်နေရေး ကျပ်တည်း ခဲ့ရပါတယ်။


ကိုရီးယားခေါင်းဆောင် ကင်ဂျုံတေး
ခေါင်းဆောင်မှု မှန်ကန်ရင် အကြီးအကျယ် အောင်မြင်နိုင်ကြောင်း ကမ္ဘာတ၀ှမ်းက တိုးတက်နေတဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတွေကို လေ့လာ တွေ့ရှိနိုင်ပါတယ်။ အခြေအနေ ဆိုးတွေကို ဆင်ခြေတွေ မပါဘဲ အခြေအနေ ကောင်းအဖြစ် ဖန်တီးပစ်နိုင်ကြောင်း ပြသလိုက်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘာကို တွေ့ရမလဲ ဆိုရင် အထက်မှာ တင်ပြပြီးခဲ့တဲ့ အတိုင်း ပြောခွင့်ဆိုခွင့် လုပ်ပိုင်ခွင့်တွေကို Kim က ရရှိခဲ့ခြင်းပင် ဖြစ်ပါတယ်။ သူ့ အကြံဥာဏ်ကို တင်ပြခွင့်ရှိခဲ့ပြီး အပေါ်ထပ် အဆောက်အအုံကလည်း အမြင်ရှိတဲ့အခါ လုပ်ငန်း အကောင်အထည် ဖော်နိုင်ခဲ့ကာ အောင်မြင်ခဲ့ခြင်း ဖြစ်ပါတယ်။
သမာရိုးကျ အတွေးအခေါ် တွေကနေ ပညာအခြေခံတဲ့ လူမှု အဖွဲ့အစည်းခေတ်ထဲကို ချင်းနင်း ၀င်ရောက်လာပြီ ဖြစ်လို့ ခေါင်းဆောင်မှု တစ်ခုရဲ့  အနာဂါတ် အမြင်၊ အတွေးအခေါ်တွေဟာ သမာရိုးကျ ထဲက ဖောက်ထွက်ရမှာ ဖြစ်ပါတယ်။ သမာရိုးကျ ခေါင်းဆောင်မှု အနေနဲ့ ထူးခြားမှုကို မလုပ်ဆောင်နိုင်တော့ကြောင်း တင်ပြချင်ပါတယ်။ ပညာအခြေခံဟာ အတားအဆီး မှန်သမျှကို အိုင်တီ အကူအညီနဲ့ ဖယ်ရှားထားနိုင်ပြီးဖြစ်ပါတယ်။ သမာရိုးကျ ခေါင်းဆောင်မှုကို အစားထိုးဖို့ ကုမ္ပဏီ အဖွဲ့အစည်းကနေ နိုင်ငံတော်တွေအထိ လိုအပ်နေပြီ ဖြစ်ပါတယ်။

ကျွန်တော်တို့ ဆီမှာ မိရိုးဖလာ အတွေးအခေါ်၊ သမာရိုးကျ ခေါင်းဆောင်မှုတွေက ရုန်းမထွက် နိုင်ကြသေးတာကို တွေ့နေရပါတယ်။ အဖေက ကုမ္ပဏီ ထောင်လို့ သား ဖြစ်သူကို MD ခန့်တယ်။ စစ်တပ်ထိပ်ပိုင်း အရာရှိကြီးတွေရဲ့ သားသမီးတွေ ပညာအရည်အချင်း မပြည့်စုံလည်း စစ်ဆေးတက္ကသိုလ်ကို ရောက်တယ်။ စွမ်းရည် ရှိတာ၊ မရှိတာဟာ အကြောင်းရင်းခံ မဟုတ်ဘဲ တကယ်ထူးချွန်တဲ့ လူတွေ အတွက် နေရာမရှိတာဟာ အနာဂါတ် နိုင်ငံတော်ရဲ့ အဖက်ဖက်က နိမ့်ပါးကျဆင်းနေရခြင်းရဲ့ အကြောင်းရင်းခံ ဖြစ်ပါတယ်။ သမာရိုးကျ ခေါင်းဆောင်မှု ကို စွမ်းရည်ရှိတဲ့ “အထူး ခေါင်းဆောင်မှု” နဲ့ အစားထိုးနေတဲ့ အခုလို တိုးတက်တဲ့ ခေတ်ကြီးမှာ အနာဂါတ် အလားအလာကို မြင်ဖို့ ကြည့်ဖို့ လိုပါတယ်။ တချို့နေရာတွေမှာ ယုံကြည်ရမှုကို ရှေ့တန်းတင်လို့ တိုးတက်မှုနဲ့ အလဲအလှယ် လုပ်ရတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် တိုးတက်မှုကို တကယ်လိုချင်ရင်တော့ သမာရိုးကျ ခေါင်းဆောင်မှုကို စွန့်ခွာ ဖယ်ရှားရမှာ ဖြစ်ပါတယ်။ တနည်းဆိုရရင် လူတော်လူကောင်းဘဲ ဖြစ်သင့်ပြီး လူကောင်းလူတော် ဆိုတာ လုံးဝ မဖြစ်သင့်ပါ။

Idea အကြောင်း၊ Competitiveness အကြောင်း ရှေ့တန်းတင်နေတဲ့ ကာလမှာ သမာရိုးကျ ခေါင်းဆောင်မှုဟာ မန်နေဂျာ ငယ်များ အနေနဲ့တောင် အတုမယူ သင့်တော့တဲ့ သင်ခန်းစာ ဖြစ်ပါတယ်။ ခေတ်သစ် ခေါင်းဆောင်မှု မှာ အခြေခံ ပင်ကိုယ်အားဖြင့် ကျေနပ်မှု (Intrinsic Satisfaction)၊ (Computer Technology)၊ (Professional Norm) စတာတွေ ပါဝင်ရမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျား။

နောက်တစ်ပတ်မှာတော့ ခေါင်းဆောင်ဖြစ်ဖို့ အသင့် ဖြစ်မဖြစ် ယေဘုယျ မေးခွန်း (၂၀) နဲ့ ကိုယ့်ကိုကိုယ် အရင် လေ့လာ စမ်းစစ်ဖို့ တင်ပြသွားပါမယ်။


ဒီနေ့မှာတော့ ခေါင်းဆောင်မှုကဏ္ဍမှာ ခေတ်နဲ့အညီ လိုက်လျောညီထွေ ကျင့်သုံးရမဲ့ လုပ်ထုံးလုပ်နည်းတွေ အကြောင်းနဲ့ မြန်မာပြည်မှာ ရှိနေတဲ့ စစ်အာဏာရှင်တွေနဲ့ အတိုက်အခံ အဖွဲ့အစည်း ခေါင်းဆောင်တွေရဲ့  အပြုအမှုတွေကို စစ်ဖက်နီးစပ်သူများက နှိုင်းယှဉ်သုံးသပ် ကြပုံတွေ စာဖတ်သူများ အနေနဲ့ မိမိကိုယ်တိုင် ဖြစ်စေ၊ မိမိပါဝင်ဆောင်ရွက်တဲ့ အဖွဲ့အစည်းများရဲ့ ခေါင်းဆောင်တွေကို အကြံပြုလိုရင် ဖြစ်စေ ခေါင်းဆောင်မှု အရည်အချင်း မေးခွန်းတွေကို ကျွန်တော် ကိုဖိုးတရုတ်က အပြုသဘော စေတနာထား တင်ပြလိုက်ရပါတယ်။

တိုးတက်မှုကို လိုချင်ရင် ခေါင်းဆောင်မှု ပုံစံကို တသမတ်တည်း ထားလို့ မရပါဘူး။ အစဉ်အလာ ခေါင်းဆောင်မှုပုံစံ ဟာ ခေတ်နဲ့ မလျော်ညီတော့တာ တွေ့ရပါတယ်။ ခေါင်းဆောင်မှု ပုံစံနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလွဲမှု (Flexibility) နဲ့ ကိုယ့်ကိုကိုယ် ထိန်းသိမ်း ဦးဆောင်နိုင်မှု (Self-monitoring) နှစ်မျိုးအပေါ်မှာ မူတည်ပါတယ်။ Self-monitoring လုပ်တယ်ဆိုတဲ့ နေရာမှာ ထိန်းသိမ်းတာ တခုတည်းကို မမြင်စေချင်ပါ။ ဘယ်လောက်အထိ လေ့လာနိုင်တယ် (Learn)၊ ဘယ်လောက်အထိ (Adapt) လုပ်နိုင်တယ်၊ အနာဂါတ်အမြင် (Vision) ဘယ်လောက်ရှိတယ် ဆိုတာတွေ အများကြီး ပါဝင်ပါတယ်။ ခေါင်းဆောင်ဖြစ်လို့ အရက်မသောက်ဘူး၊ ပုတီးဘဲ စိပ်တယ်ဆိုတာလောက်နဲ့ လုံလောက်တဲ့ အရည်အချင်းမျိုး မဟုတ်တော့ပါဘူး။ တာဝန်ချိန်မှာ အရက်မသောက်ဖို့နဲ့ အားလပ်ချိန်မှာ အရက်သောက်နေတုံး အရေးပေါ် ကိစ္စပေါ်လာရင် အချိန်မရွေး ဖြေရှင်းနိုင်စွမ်းရှိတဲ့ ခေါင်းဆောင်မျိုးလည်း ရှိတတ်ပါတယ်။ တရုတ်နိုင်ငံကို ကြည့်ရင် အိန္ဒိယနဲ့ ရေရှည်မှာ ပြိုင်ဘက်ဖြစ်လာနိုင်တာာကို သိတဲ့အတွက် Perspiration နည်းနဲ့သွားရင် ဖွံ့ဖြိုးမှု နှေးကွေးတာကို သိလို့ အိန္ဒိယရဲ့ Inspiration ပုံစံကို စပြီး ကူးပြောင်းနေပါတယ်။ ဒါဟာ ခေါင်းဆောင်မှုရဲ့ အမြင်နဲ့ ပြောင်းလွယ်ပြင်လွယ် ရှိမှု၊ ကိုယ့်နိုင်ငံရဲ့ ပကတိ အခြေအနေကို သိရှိမှုတွေဘဲ ဖြစ်ပါတယ်။

ခေါင်းဆောင်တွေရဲ့ စရိုက်လက္ခဏာမှာ Quality of Decision ဆိုတဲ့ ဆုံးဖြတ်မှု အရည်အသွေး ကလည်း အရေးကြီးတာ တွေ့ရပါတယ်။ သိမ်မွေ့တဲ့ ကိစ္စရပ်တွေမှာ ခေါင်းဆောင်မှု အရည်အချင်းဟာ တော်တော် အရေးကြီးပါတယ်။ စီးပွားရေးထက် နိုင်ငံရေးမှာ ပိုပြီး နက်နဲရှုပ်ထွေးတာတွေကို တွေ့နိုင်မှာလည်း ဖြစ်ပါတယ်။ ခေါင်းဆောင် တချို့ဟာ “ငါသိတယ်”၊ “ငါဘဲ တတ်တယ်” ဆိုတဲ့ Ego တွေ တော်တော်များတာ သတိထားမိပါတယ်။ ယနေ့ မြန်မာနိုင်ငံမှာ နအဖ စစ်အာဏာရှင်တွေမှာရော၊ အတိုက်အခံ အဖွဲ့အစည်း တွေမှာပါ ရှိတဲ့ ခေါင်းဆောင် တချို့ဟာ ဒီလို လူတန်းစားမျိုးမှာ ပါဝင်နေတာကို ၀မ်းနည်းဖွယ်ရာ တွေ့ရှိရပါတယ်။ ခေါင်းဆောင်တွေရဲ့ Control များရင် ရလဒ်ကောင်း နည်းပါးတတ်ပြီး ၀န်ထမ်းတွေရဲ့ ပါဝင်မှုများရင် Less Leader Control ဖြစ်ရင် ရလဒ်ကောင်း များတတ်ပါတယ်။ စုပေါင်း ခေါင်းဆောင်မှုနဲ့ အောင်မြင်မှုဟာ ပိုမိုကြီးမားတာကို တွေ့ရပါတယ်။
 
 မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေရဲ့ ထိန်းချုပ်မှု၊ ပိတ်ပင်မှု၊ တားဆီးမှု များနေတာကြောင့် ရလဒ်ကောင်း မဖြစ်လာဘဲ တနေ့တခြား အဖက်ဖက်က နိမ့်ကျနေတာကို တွေ့ရပါတယ်။ တသွေးတသံ တစ်မိန့်ဆိုတာဟာစစ်ရေးအရာမှာထိရောက်ပေမဲ့ နိုင်ငံရေးကိစ္စမှာ တွေ့ဆုံ ဆွေးနွေးရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေး ဟာ အရေးပါတာကို ယနေ့ စစ်အာဏာရှင်တွေက ပစ်ပယ်နေတာ တွေ့ရပါတယ်။ ပြည်သူပြည်သားတွေရဲ့ အတွေးအခေါ်၊ အမြော်အမြင်၊ ဥာဏ်ပညာ အရည်အချင်းတွေဟာ စစ်ဖိနပ်အောက်မှာ ပျောက်ကွယ်နေရပါတယ်။ ခေါင်းဆောင်ဟာ Stabilizer ဘဲ ဖြစ်သင့်ပါတယ်။ မူဝါဒ ပေါ်လစီကို မှန်မှန်ကန်ကန် ကိုင်တွယ် သင့်တဲ့အပြင် လုပ်နည်းမှာ ပါဝင် မစွက်ဖက်သင့်ပါ။ နေရာတကာ ပါနေရင် အောက်ခြေက မလုပ်တတ်တော့တာမျိုး ဖြစ်တဲ့အပြင် Idea ကောင်းတွေလည်း ထွက်မလာ နိုင်တော့ဘဲ လူ့စွမ်းအား အရင်းအမြစ်တွေ ကျဆုံးရတာ ဓမ္မတာ ဖြစ်ပါတယ်။ အများကို လုပ်ပိုင်ခွင့် ပေးမှသာ Brain Storming လုပ်ပေးရာ ကျပြီး အတွေးအခေါ် အသစ်နဲ့ ရလဒ်ကောင်းတွေ ရရှိကာ နိုင်ငံတိုးတက်မှာ ဖြစ်ပါတယ်။

အောက်ဖော်ပြထားတဲ့ ယေဘုယျ မေးခွန်း(၂၀) ဟာ သာမန်ခေါင်းဆောင်ငယ်တွေအတွက် ဖြစ်ပါတယ်။ ဖြေကြည့်ပါ။ ခေါင်းဆောင်ဖြစ်ဖို့ အသင့် ဖြစ် မဖြစ် သုံးသပ်လို့ ရပါတယ်။ မေးခွန်းများကို ဖြေမည့်သူက အောက်ပါအတိုင်း အမှတ်များကို ပေးသွားရန် ဖြစ်ပါတယ်။

လုံးဝ သဘောမတူ (၁ မှတ်)
သဘောမတူ (၂ မှတ်)
ကြားနေ (၃ မှတ်)
သဘောတူ (၄ မှတ်)
လုံးဝ သဘောတူ (၅ မှတ်)

1. It is enjoyable having people count on me for ideas and suggestions.
2. It would be accurate to say that I have inspired other people.
3. It is a good practice to ask people provocative questions about their work.
4. It is easy for me to compliment others.
5. I like to cheer people up even when my own spirits are down.
6. What my team accomplishes is more important than my personal glory.
7. Many people imitate my ideas.
8. Building team spirit is important to me.
9. I would enjoy coaching other members of the team.
10. It is important to me to recognize others for their accomplishments.
11. I would enjoy entertaining visitors to my firm even if it interfered with my completing a report.
12. It would be fun for me to represent my team at gatherings outside our department.
13. The problems of my teammates are my problems too.
14. Resolving conflict is an activity I enjoy.
15. I would cooperate with another unit in the organization even if I disagreed with the position taken by its members.
16. I am an idea generator on the job.
17. It is fun for me to bargain whenever I have the opportunity.
18. Team members listen to me when I speak.
19. People have asked me to assume the leadership of an activity several times in my life.
20. I have always been a convincing person.


Total Score:
90…100 - ဦးဆောင်မှု ပေးရန် အဆင်သင့်ဖြစ်
60…89 - အလယ်အလတ်
40…59 - အခက်အခဲများ ရှိသေး
39…Less - အသင့် မဖြစ်သေး

အထက်ပါ မေးခွန်းတွေကို လေ့လာရင် ခေါင်းဆောင်မှု ဆိုတာ အများနဲ့ ဆိုင်တယ်၊ ကိုယ့်ရဲ့ အတွေးအခေါ် အယူအဆ၊ ပုဂ္ဂိလက အရည်အချင်းတွေ ဘယ်လောက်ရှိတယ်၊ အတွေးအခေါ် ဘယ်လောက် အချိန်နဲ့ ထပ်တူကျတယ် ဆိုတာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

ဦးဆောင်မှု မျိုးကွဲများ
ဦးဆောင်တဲ့ နေရာမှာ တကယ့် Leadership လိုပဲ (Leading) ကို ထွေပြားတတ်ပါတယ်။ Leadership မဟုတ်ဘဲ Leading အမျိုးအစားတွေ ရှိပြန်ပါတယ်။ Leader ဆိုတာ ခေါင်းဆောင်ဖြစ်ပြီး Leadership ဆိုတာက ခေါင်းဆောင်မှုမှာ လမ်းစဉ်၊ မူဝါဒ၊ တူရူတွေ ရှိပါတယ်။ Leading ဆိုတာ ဦးဆောင်ခြင်းပဲ ဖြစ်ပြီး သီးခြား အရည်အချင်း မရှိပါဘူး။ တချို့ ပုဂ္ဂိုလ်တွေကို Leading လုပ်နေတာတွေ့ရပြီး Leader နဲ့ မှားကြပါတယ်။ ဥပမာ - အင်္ဂလန်မှာ ၀န်ကြီးချုပ်က မူဝါဒချမှတ်ပြီး သူ့ Leadership နောက်မှာ ကျန်တဲ့ Cabinet ၀န်ကြီးတွေက အကောင်အထည် ဖော်ရပါတယ်။ ဘုရင်မကြီး အဲလစ်ဇဘက်ကတော့ အင်္ဂလန်ကို Leading လုပ်တဲ့ သဘော ရုပ်ပြဖြစ်ပြီး ဘာမူဝါဒမှ ချမှတ်လို့ မရပါဘူး။

Figurehead
ရုပ်ပြ ဦးဆောင်သူပါ။ တချို့ နိုင်ငံတော်တွေမှာ သမ္မတက ရုပ်ပြဖြစ်တတ်ပြီး တချို့ နိုင်ငံက ၀န်ကြီးချူပ်ဟာ တကယ့် Leadership ကို ပေးပါတယ် ( ဥပမာ-စင်ကာပူ)။ အင်္ဂလန်မှာတော့ ဘုရင်မကြီး အဲလစ်ဇဘက်က Figurehead ဖြစ်ပြီး ၀န်ကြီးချုပ်က တကယ် ဦးဆောင်သူ ဖြစ်ပါတယ်။
 
Spokesperson
ပြောရေးဆိုခွင့် ရှိသူဖြစ်ပါတယ်။ တချို့ ဦးဆောင်သူတွေက ရှေ့သိပ်မထွက်ကြပါဘူး။ မူဝါဒ၊ ပေါ်လစီ ဆိုင်ရာကို ချမှတ်ပြီး Spokesperson ကိုပြောခိုင်းပါတယ်။ ပြောခွင့်ရှိသူပါ။ လုပ်ခွင့်ရှိသူ မဟုတ်ပါဘူး။

Negotiator
စေ့စပ်ရေးမှူးလို့ ရေးရင် ရမယ်ထင်ပါတယ်။ ညှိနှိုင်းဆွေးနွေးမှုတွေကို ဦးဆောင်ပါတယ်။ မူဝါဒ ပေးပြီး အဲဒီ မူဝါဒကြားမှာတော့ လုပ်ပိုင်ခွင့် ရှိပါတယ်။ မူဝါဒထက်ကျော်ရင် အာဏာကုန်ပါတယ်။ ဟင်နရီ ကစ်ဆင်ဂျာ ဆိုတဲ့ အမေရိကန်က နိုင်ငံခြားရေးဝန်ကြီးက အင်မတန်တော်တဲ့ Negotiator တစ်ဦး ဖြစ်ပါတယ်။ တရုတ်- အမေရိကန် ကိစ္စမှာ Ping-pong Policy ကိုစပြီး Initiate လုပ်သူ ဖြစ်ပါတယ်။ ခေါင်းဆောင်ကြီး မော်စီတုံး ကတောင် အားကျရသူအဖြစ် မှတ်တမ်းတင်ထားခြင်း ခံရပါတယ်။

Coach
အားကစားမှာ နည်းပြလို့ လူသိများပါတယ်။ စီးပွားရေး၊ နိုင်ငံရေးမှာ လမ်းညွှန်သူ ဖြစ်ပါတယ်။ နိုင်ငံရေး အာဏာ၊ စီးပွားရေး အာဏာမရှိပေမယ့် ခေါင်းဆောင်လုပ်သူတွေကို ညွှန်ပြနိုင်သူ ဖြစ်ပါတယ်။ စင်ကာပူရဲ့ ဒုတိယအကြိမ် တိုးတက်မှုကို Michael E Porter က Coach လုပ်နေပါတယ်။ GE က Jack Welch ကိုလည်း Porter ပဲ Coach လုပ်သွားတာပါ။ အဆင့်မြင့်လာတော့ Coach တွေက အဓိကကျတဲ့ Strategy ကိုပဲ ပေးပါတော့တယ်။

Team Builder
ထိရောက်တဲ့ အဖွဲ့အစည်းတွေကို ဖွဲ့စည်းတည်ထောင်သူ ဖြစ်ပါတယ်။ လူတော်ရှာဖွေရတဲ့ အလုပ်ကိုလည်း အဓိက လုပ်ပါတယ်။ စင်ကာပူရဲ့ ဒုတိယ မျိုးဆက် ၀န်ကြီးချုပ် ဂိုချုပ်တောင်ကို Team Builder က ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ လူထုရှေ့ စကားမပြောတတ်တဲ့ ဂိုချုပ်တောင်ကို ၀န်ကြီးချုပ်ဖြစ်လာအောင် Team Builder ကပဲ စုဖွဲ့ခဲ့ပြီး Coach လုပ်သွားခဲ့တာ လီကွမ်ယူရေးတဲ့ စာအုပ်မှာ တွေ့နိုင်မှာ ဖြစ်ပါတယ်။

Team Player
Technical Problem Solver
Entrepreneur
Strategic Planner
တွေဆိုပြီး ရှိပါသေးတယ်။

Entrepreneur ကို စွန့်ဦးတီထွင်သူ လို့ မြန်မာမှု ပြုထားပါတယ်။ စွန့်စားပြီး ထိုးဖောက်လုပ်ကိုင်တတ်တဲ့ အရည်အသွေး ရှိသူ ဖြစ်ပါတယ်။ ဒါပေမဲ့ Leadership Role မှာ တချို့  အားနည်းတတ်လို့ သီးခြား CEO   တွေ ငှားရမ်းရပါတယ်။ Entrepreneur ဟာ လုပ်ငန်းကိုသာ စွန့်စားလုပ်ကိုင်နိုင်တာဖြစ်ပြီး အများနဲ့ ဆိုင်တဲ့ Management နဲ့ Policy ဆိုင်ရာ ကိစ္စတွေမှာ Leadership Role ကို ယူနိုင်ချင်မှ ယူနိုင်ကြတာကို သတိပြု စေလိုပါတယ်။

Strategic Planner ကလည်း လူတော်တွေ ဖြစ်ပါတယ်။ အနာဂတ်ကို ကြိုမြင်သူတွေ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ George Bush အတွက် Carl Rove က Strategic Planner သဘောမျိုး ယူဆလို့ ရပါတယ်။ အဖွဲ့အစည်းရဲ့ ဦးတည်လမ်းကြောင်းကို ချမှတ်ပေးထားပါတယ်။ အဖွဲ့အစည်းနဲ့ Environment ကို သဟဇာတ ဖြစ်အောင် လုပ်ပေးပါတယ်။ အဖွဲ့အစည်းရဲ့  မူဝါဒကို ရေးဆွဲပါတယ်။

ခေါင်းဆောင်မှု အပေါ် နားလည်ခြင်း
အခြေအနေအပေါ် ခြုံငုံမြင်တတ်ဖို့နဲ့ ခေါင်းဆောင်မှု အပေါ် နားလည်တာကို အောက်ပါ ပုံပြနဲ့ သိရှိနိုင်ပါတယ်။

အဓိက (၄) ပိုင်း ပါဝင်ပါတယ်။ ခေါင်းဆောင်ရဲ့  သွင်ပြင်နဲ့ ထင်ရှား တဲ့ လက္ခဏာ၊ ခေါင်းဆောင်ရဲ့  အမူအကျင့်နဲ့ ပုံစံ၊ အဖွဲ့အစည်းရဲ့ သွင်ပြင်၊ အတွင်းအပြင် ၀န်းကျင်တွေ အပြန်အလှန် အမှီသဟဲ ပြုနေတဲ့ ပုံစံတို့ ဖြစ်ကြပါတယ်။ Leaders' Characteristics ဟာ အတွင်းသရုပ်ဖြစ်တဲ့ အရည်အသွေး၊ မိမိကိုယ်ကို ယုံကြည်မှု၊ ပြဿနာ တစ်ရပ်ကို ဖြေရှင်းနိုင်မှုတွေ ပါဝင်ပါတယ်။ Behavior and Style မှာတော့ ဆောင်ရွက်မှု Activity နဲ့ ခေါင်းဆောင်ကြား ဆက်စပ်မှု ဖြစ်ပြီး Group Member Characteristics က အဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့ အကြောင်းတရား၊ စရိုက်လက္ခဏာတွေ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်နဲ့ ဆက်စပ်တဲ့ အတွင်းအပြင်၊ အမှီသဟဲ ပြုမှုတွေကတော့ ထိရောက်တဲ့ ခေါင်းဆောင်မှု အပေါ် အတော်အသင့် လွှမ်းမိုးပါတယ်။

ပုံစံပြောင်းသွားတဲ့ ခေါင်းဆောင်မှု
၁၉၈၀ ခုနှစ်တွေဆီမှာ ခေါင်းဆောင်မှု ပုံစံ ပြောင်းသွားဖို့ အဖွဲ့အစည်းတွေရဲ့ တွန်းအား ရခဲ့ကြပါတယ်။ ယှဉ်ပြိုင်မှု ပြင်းထန်ရခြင်းက တောင်းဆိုမှု အကြောင်းရင်း ဖြစ်ပါတယ်။ သမာရိုးကျ ခေါင်းဆောင်မှုဟာ ခေတ်အမြင် Global အမြင်မှာ အံမ၀င်တော့တာ တွေ့ရပါတယ်။
ပုံစံဟောင်းမှာ ခေါင်းဆောင်ဟာ မြှားဦးမှာ နေပါတယ်။ အရာရာကို ရှေ့တန်းက ရင်ဆိုင်ပါတယ်။ စွန့်စား တီထွင်သူ (Entrepreneur) နဲ့ မှားချင်စရာပါ။ ဒီနေ့ လက်ခံသွားတဲ့ Leader က Manager တွေကို မြှားဦး မှာ ထားပါတယ်။ Leader က Stabilizer အနေနဲ့ အဖွဲ့အစည်း လမ်းကြောင်း မှန်အောင်ဘဲ ထိန်းပေး ပါတော့တယ်။ မဟာဗျူဟာ ပေးတာက လမ်းကြောင်းမှန်ဖို့အတွက် “ မြှားဦးက လေခွဲတာ တော်ပေမဲ့ လမ်းကြောင်း အမှန်ကိုတော့ မတွေ့နိုင်ဘူး ”ဆိုတာကို သတိပြုစေလိုပါတယ်။
ဒီနေ့ခေတ်က လမ်းကြောင်းမှားတာနဲ့ မြောင်းထဲ ရောက်တဲ့ ခေတ်ဖြစ်လို့ မဟာဗျူဟာ မှန်ဖို့သာ အဓိက အရေးကြီးပါတယ်။ ထိရောက်တဲ့ မဟာဗျူဟာ၊ အနာဂတ် အမြင်၊ လုပ်ပိုင်ခွင့် ဖြန့်ကျက်မှုတွေဟာ အရင်ကနဲ့ မတူဘဲ ပိုပြီး အရေးပါလာပါတယ်။ Leadership နဲ့ Management ရောထွေးမှု အတွက်ကတော့ အချက် (၅) ချက်က အဓိက ခွဲခြားပေးပါတယ်။ အဲဒီ (၅) ချက်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။


Direction ဆိုတဲ့ လမ်းကြောင်းကို Leadership က အနာဂတ်အမြင် ပုံဖော်ယူပြီး Management က စီမံကိန်း၊ မဟာဗျူဟာ၊ မူဝါဒတွေကတဆင့် ဆင်းသက်စေတာ သတိပြုရပါမယ်။ Alignment ဆိုတဲ့ တူညီဖြောင့်တန်းစေမှု (ရည်မှန်းချက်နဲ့ လုပ်ဆောင်ချက် တထပ်တည်း ကျစေရန်) ကို စီမံခန့်ခွဲမှုက Cooperate လမ်းကြောင်းနဲ့ ချဉ်းကပ်ပါတယ်။ Leadership က ပိုပြီး အထူးပြုပါတယ်။ Corporate Strategy နဲ့ ယဉ်ကျေးမှု မျှဝေ (Shared Culture) စနစ်ကို သုံးပါတယ်။ Relationship ဆိုတဲ့ အချင်း ချင်း နှီးနွယ်မှု အပေါ် Leadership က သက်ဝင်မှု၊ လှုံ့ဆော်မှုတွေနဲ့ တည်ဆောက်ပြီး Management ကတော့ အဆင့်ဆင့် စီမံခန့်ခွဲမှု အလွှာကနေ တည်ဆောက် ပါတယ်။

Personal Qualities ပိုင်းမှာ Manager တွေက သက်ဆိုင်ရာ ကျွမ်းကျင်မှု၊ သက်မွေးဝမ်းကျောင်းမှု အပေါ် အခြေခံပြီး အဆုံးအဖြတ် ခံယူရပါတယ်။ ခေါင်းဆောင်မှုကတော့ တီထွင်ကြံဆမှု၊ ဆန်းသစ်မှုတွေအပေါ် အခြေခံပြီး အရည်အသွေးကို အသတ်မှတ်ခံကြရပါတယ်။

Outcome ရလဒ်ပိုင်းမှာ Manager တွေက စံချိန်မှီမှု၊ ရည်မှန်းချက် ပြည့်မှီမှု အပေါ် အခြေခံပြီး Leadership တွေကတော့ Magnitudes နဲ့ အခြေခံ ပြုပြင်ပြောင်းလဲမှုက လားရာကောင်းဆီကို ပို့ဆောင်နိုင် မှုနဲ့ တိုင်းတာ ခံကြရပါတယ်ဆိုတာ တင်ပြရင်း ယနေ့လူငယ်တွေ အနာဂတ်မှာ   ခေါင်းဆောင်ကောင်းတွေအဖြစ် ကျွန်တော်တို့ မြန်မာနိုင်ငံကြီးကို တိုးတက်အောင် စွမ်းဆောင်နိုင်ကြဖို့ ဆန္ဒပြုလိုက်ရပါတယ်ခင်ဗျား ။

အခြားသော ခေါင်းဆောင်မှုများ

ခွဲခြမ်းစိတ်ဖြာလွန်းတာ အနောက်တိုင်းရဲ့ အမူအကျင့်ပါ။ ကွဲပြားမှု မသိသာလွန်းလာတော့ လေ့လာသူတွေ တစ်ခါတလေ ရှုပ်ထွေးသွားတတ်ပါတယ်။ Transactional Leadership နဲ့ Tramsformational Leadership တွေက သိသာတဲ့ ၀ိသေသတွေနဲ့ ခွဲထုတ်မှတ်သားဖို့ လွယ်ကူပေမဲ့ တချို့ မသိသာတဲ့၊ စွမ်းရည် တစ်ခုချင်းပေါ် သတ်မှတ်တဲ့ Leadership မျိုးကိုတော့ မတင်ပြတော့ပါဘူး။ ဒါပေမဲ့ ထူးခြားတဲ့ Charismatic Leadship ကတော့ သိသင့်၊ တင်ပြသင့်တယ်လို့ ထင်ပါတယ်။

[B]ပါရမီထူး ခေါင်းဆောင်မှု[/B]

Charismatic Leadership မှာ အောက်ပါ ၀ိသေသထူးတွေ ပါဝင်ပါတယ်။ ပြင်းထန်တဲ့ ယုံကြည်ချက်၊ ပတ်ဝန်းကျင်ကို တုံ့ပြန်မှုအားကောင်းတာတွေကတော့ တခြား အရည်အချင်းတွေထက် ပိုပြီး ပေါ်လွင်တဲ့ အချက်တွေပါ။

• ယုံကြည်မှု
• အနာဂတ်အမြင်
• အနာဂတ် အမြင်ကို ပြတ်သားစေသည်
• ပြင်းထန်သော ယုံကြည်ချက်
• အမူစရိုက် သာမန်နှင့်မတူ ကွဲပြားသည်
• သွင်ပြင်လက္ခဏာ ကွဲကွာ
• ပတ်ဝန်းကျင်ကို တုံ့ပြန်မှုအားကောင်း


Leadership မှာ ချန်ထားလို့ မရတဲ့ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ချစ်ခင်၊ ကိုးစား၊ အကြွင်းမဲ့ ယုံကြည်မှု ကို ခံရတဲ့ ခေါင်းဆောင်မှုမျိုးပါ။ တစ်ခေတ် တစ်ယောက် ပေါ်ခဲ့တဲ့ ခေါင်းဆောင်မှု မျိုး ဖြစ်ပါတယ်။ မှန်တာ၊ မှားတာ တွေနဲ့ ရလဒ်တွေပေါ်မှာ အခြေသိပ်မခံပါဘူး။ ဥပမာ ဟစ်တလာခေတ်မှာ ဟစ်တလာကို ဂျာမန်ပြည်သူ တစ်ရပ်လုံးက မှန်မှန်၊ မှားမှား အကြွင်းမဲ့ ထောက်ခံပါတယ်။ 
 
တစ်ကမ္ဘာလုံးက အော့ကြောလန်နေပေမဲ့ သူ့ပြည်သူက ဟစ်တလာ ခိုင်းသမျှ မျက်လုံးပိတ်ပြီး လုပ်ဆောင် ခဲ့ကြပါတယ်။ မြန်မာလို ပြောရရင် “စန်း” ထ တဲ့အချိန်မှာ လုပ်ချင်ရာ လုပ်နိုင်တဲ့ ခေါင်းဆောင် မှုမျိုး   ဖြစ်ပါတယ်။ ကောင်းတာ ရှိသလို၊ ဆိုးတာတွေလည်း ရှိပါတယ်။ Willner ဆိုတဲ့ ပညာရှင်တစ်ဦး က နိုင်ငံရေးနဲ့ ပတ်သက်ပြီး Charismatic ဖြစ်တဲ့ ခေါင်းဆောင်တွေကို ရွေးချယ်ပြသခဲ့ပါတယ်။

• ကတ်စ်ထရို (ကျူးဘား)
• မဟတ္တမဂန္ဒီ (အိန္ဒိယ)
• ဟစ်တလာ (ဂျာမနီ)
• ခိုမေနီ (အီရန်)
• မူဆိုလီနီ (အီတလီ)
• ရုစ်ဗဲလ် (အမေရိကန်)
• ဆူကာနို (အင်ဒိုနီးရှား)

အရေးကြီးတာ တစ်ခုက Charismatic Leader တွေဟာ နိုင်ငံရေးမှာ နည်းသော်ငြားလည်း ပေါ်ပေါက်နိုင် ခဲ့ပေမဲ့ စီးပွားရေး မျက်နှာစာမှာ အကျိုးအမြတ် (ငွေကြေး) ကို တိုင်းတာတဲ့ အတွက် ဘယ်လောက် ရှုံးရှုံး တစ်ခဲနက် ထောက်ခံခဲ့ရတဲ့ CEO မပေါ်သေးပါဘူး။ နိုင်ငံရေးနဲ့ပိုပြီး ပတ်သက်တဲ့ ခေါင်းဆောင်မှုမျိုးလို့ မှတ်ချက်ပေးရင် ရပါလိမ့်မယ်။ Globalized ဖြစ်နေတဲ့ ခေတ်သစ်မှာတော့ အဲဒီ ခေါင်းဆောင်မှုမျိုးဟာ   ခေတ် မ စားနိုင်တော့ပါဘူး။ သတင်း အချက်အလက် ကူးလူးမြန်ဆန်မှုနဲ့ ပြည်သူတွေရဲ့  အခြေခံအသိ မနိမ့်တော့တဲ့ ခေတ်ဖြစ်လို့ မျက်လုံးမှိတ် ယုံစား၊ ချစ်ခင်တယ် ဆိုတာ အရင်ခေတ်လို ပြန်မဖြစ်နိုင်တော့ဘူး ဆိုတာ သတိထား သင့်ပါတယ်။

Charisma
Charisma ဆိုတဲ့ ဝေါဟာရက “ဂရိ” က ဆင်းသက်လာပြီး ဘုရားသခင်က ပေးတဲ့ လက်ဆောင်လို့ အဓိပ္ပာယ် ဖော်ယူနိုင်ပါတယ်။ ခေါင်းဆောင်မှု ကဏ္ဍအနေနဲ့ ဆွေးနွေးရရင်တော့ “သီးခြားအရည် အသွေးရှိသောသူ၊ သြဇာအာဏာနဲ့ သာမန်လွန် ဆုံးဖြတ်ချက်တွေ ချနိုင်ရန် ပေါ်ပေါက်လာသူ၊ အခြား သူများနှင့် ကွဲပြားသောသူ” လို့ အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါတယ်။ အပြုသဘောဆောင်ပေမဲ့ တခြား သူတွေ အပေါ် လွှမ်းမိုးလိုစိတ် ပြင်းထန်သူမျိုး ဖြစ်ပါတယ်။ Charismatic Leader တွေ မှာ ကောင်းတဲ့ဘက်မှာ ရှိသလို (ဥပမာ-မဟတ္တ မဂန္ဒီ)၊ မကောင်းတဲ့ ဘက်ရောက်သွားသူတွေမှာလည်း ရှိကြပါတယ် (ဥပမာ-ဟစ်တလာ)။ Microsoft သူဌေးကြီး Bill Gates ကိုလည်း Charismatic Leader လို့ သတ်မှတ်ကြပေမဲ့ အမြင်မတူမှုတွေ တော်တော် များများ ရှိကြပါတယ်။ ပါရမီထူးလို့ သတ်မှတ်ကြပေမယ့် အမြင်မတူ မှုတွေ   တော်တော်များများ ရှိကြပါတယ်။ ပါရမီထူး ခေါင်းဆောင်လို့ ပြောရင် ရမယ် ထင်ပါတယ်။ ပါရမီရှင်တော့ မဟုတ်ပါ။ Bill Gates မှာ ပါရမီထူး ရှိပြီး ချစ်ခင်သူတွေ အများကြီးပါ။ ဒါပေမဲ့ သူ့ရဲ့ တိုက်ခိုက်တတ်မှု၊ ပွင့်လင်းမှု၊ ထိန်းချုပ်မှု လွန်ကဲခြင်း၊ ယှဉ်ပြိုင် ရန်လိုမှုတွေကို ထောက်ပြကြတဲ့သူတွေလည်း အများကြီးပါ။ Negative ရှုထောင့်က ဝေဖန်သူတွေကတော့ မကောင်းမြင်ကြပါတယ်။

မဟတ္တမဂန္ဒီကြီးလို ခေါင်းဆောင်ကတော့ ရှင်းပါတယ်။ ၀ိဝါဒ ကွဲစရာ မရှိပါဘူး။ အိန္ဒိယကလည်း ချစ်တယ်၊ ကမ္ဘာကလည်း ချစ်တယ်။ ဟစ်တလာလို ခေါင်းဆောင်ကျတော့ ဂျာမန်ပြည်သူက ချစ်ပေမဲ့ ကမ္ဘာက ဆန့်ကျင်ဘက် ရှုထောင့်က ကြည့်ခြင်း ခံရတယ်။ Charismatic Leadership ကို တချို့ က Transforma tional Leadership (အသွင်ပြောင်း ခေါင်းဆောင်မှု) ရဲ့ အစိတ်အပိုင်း တစ်ခုလို့လည်း သဘောထား တာ တွေ့ရပါတယ်။

အဓိက မြင်သာတဲ့ အတိုင်းအတာ တစ်ခုကတော့ ခေါင်းဆောင်မှုနဲ့ ခေါင်းဆောင်မှုခံသူများရဲ့ ဆက်နွှယ် မှုပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်မှု ခံသူများက ခေါင်းဆောင်အပေါ် ပါရမီထူးသူတစ်ဦးလို့ ယုံကြည်ြ ကခြင်း   ဖြစ်ပါတယ်။ “ဘယ်နေရာတော်တယ်” ဆိုတဲ့ အနုစိတ် အတွေးမရှိဘဲ ခြုံငုံပြီးတော့ “သူ အားလုံး လုပ်နိုင် တယ်” လို့ မျက်လုံးစုံမှိတ် ယုံကြည်ခြင်းဟာ Charismatic Leadership တွေရဲ့  မဟာ ဆုလာဘ်ကြီးလည်း   ဖြစ်ပါ တယ်။ ကမ္ဘာကျော် Wal-Mart စတိုးကြီးကို တည်ထောင်ခဲ့တဲ့ Sam Walton မှာ အဲဒီလို ၀ိသေသ ထူး ရှိပါတယ်။ သူ့ရဲ့ လူတွေက Walton ကို ဘယ်လောက်အထိ ယုံကြည်သလဲဆိုရင် သူတို့ရဲ့  အနာဂတ် အတွက် စိတ်တုံးတုံးချတဲ့အထိ ယုံကြည်မှုမျိုး ပေးအပ်ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။

ဒေါက်တာနေဇင်လတ်

Subscribe Us