ခြူးစန္ဒီနွေး
နောက်ကျိမှုန်ဝါးနေတဲ့ရေထဲကနေ ဗြိတိန်ရေငုပ်သမား ဘွားခနဲပေါ်လာတဲ့အခါ ပိန်လှီနေတဲ့ ကျောင်းသားလေးတွေကို တစ်စုတစ်စည်းတည်းတွေ့လိုက်ရပါတယ်။ အလင်းရောင်မှိန်မှိန်လေးအောက်မှာ ဒီကလေးတွေကို တွေ့လိုက်ရတဲ့အခါမှာတော့ ရေငုပ်သမားဟာ သူရဲ့တာဝန် အောင်မြင်ပြီဆိုတာကို ချက်ချင်းသိလိုက်ပါပြီ။ ''မင်းတို့အားလုံး လူဘယ်နှယောက်လဲ''လို့ ရေငုပ်သမားတစ်ဦးက မေးလိုက်ပါတယ်။ ကလေးတစ်ယောက်က ချက်ချင်းပဲ ''၁၃'' လို့ပြန်ဖြေလိုက်ပါတယ်။ ရေငုပ်သမားကလည်း ကျေနပ်အားရတဲ့အသံနဲ့ ''တော်တယ်''လို့ ပြန်ပြောခဲ့ပါတယ်။
ပိတ်မိနေသောကျောင်းသားလေးများ
ဒီကလေး ၁၃ ယောက်ဟာ ထိုင်းနိုင်ငံမြောက်ပိုင်းက ရေတွေပြည့်လျှံနေတဲ့ ထမ့်လုံလိုဏ်ဂူထဲမှာ ၁ဝ ရက်ကြာ ပိတ်မိနေတာပဲဖြစ်တယ်။ သူတို့ ၁၃ ယောက်ပိတ်မိနေတဲ့ သတင်းကို တစ်ကမ္ဘာလုံးက စိတ်ဝင်စားလျက်ရှိပြီး သူတို့ လေးတွေ ပြန်လည်လွတ်မြောက်မယ့်သတင်းကို မျှော်လင့် တကြီးစောင့်ဆိုင်းနေကြပါတယ်။ ၁၃ ယောက်ပိတ်မိနေတဲ့ အထဲမှာ ကျောင်းသားလေးတွေက ၁၂ ဦးဖြစ်ပြီး တစ်ဦး ကတော့ သူတို့ရဲ့ဘောလုံးနည်းပြပါ။
ရေငုပ်သမားနှစ်ဦးရဲ့အောင်မြင်မှု
ထိုင်းနိုင်ငံ ရေတပ်က ဖေ့စ်ဘွတ်အကောင့်မှာ တင်ထား ခဲ့တဲ့ဗီဒီယိုမှာတော့ ကျောင်းသားလေးတွေနဲ့ သူတို့ရဲ့ နည်းပြ ဆရာဟာ အံ့သြဖွယ်ကောင်းလောက်အောင်ကို ကျန်းကျန်း မာမာအခြေအနေရှိနေတာကို တွေ့ရပါတယ်။ တချို့သော ကလေးတွေကတော့ ထိုင်နေပြီး အချို့ကလေးတွေကတော့ မတ်တတ်ရပ်ကာ ရေထဲက ရေငုပ်သမားဦးဦးရဲ့ မေးခွန်းတွေကို ပြန်ဖြေနေကြပါတယ်။ အခုအချိန် သူတို့စိတ်ထဲမှာတွေးနေတဲ့ အရာကတော့ အခြားမဟုတ် အစာဘယ်ကရမလဲဆိုတာ သေချာပါတယ်။ ကျောင်းသား ၁၂ ဦးနဲ့ နည်းပြတစ်ဦးတို့ စတင်ပျောက်သွားခဲ့တဲ့ ဇွန် ၂၃ ရက်ကစလို့ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးလုပ်ငန်းတွေကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ကြ ပါတယ်။ ကျောင်းသားလေးတွေ သွားရောက်လည်ပတ်ခဲ့တဲ့ ထမ့်လုံလိုဏ်ဂူဟာ သွားရောက်လည်ပတ်ဖို့ နာမည်ကျော်ကြား တဲ့နေရာတစ်ခုဖြစ်ပေမယ့် မိုးတွင်းမှာတော့ ဂူအတွင်းကို မဝင်သင့်ဘူးလို့ သတိပေးဆိုင်းဘုတ်ကို ဂူရှေ့မှာချိတ်ဆွဲထား ပါတယ်။ ဂူအတွင်းပိတ်မိနေတဲ့ကလေးငယ်တွေဆီ ပထမဦး ဆုံးရောက်သွာတဲ့ ရေငုပ်သမားနှစ်ယောက်ကတော့ ဗြိတိန် လူမျိုး John Volanthen eJY Rick Stantonဆိုသူတို့ ဖြစ်ပြီး သူတို့နှစ်ယောက်ဟာ ဂူအတွင်းကယ်ဆယ်ရေး ကျွမ်းကျင် သူနှစ်ဦးလည်းဖြစ်တယ်လို့ ဗြိတိန်ဂူတွင်းကယ်ဆယ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌBill Whitehouse က ပြောပါတယ်။
ဘယ်လိုကယ်ထုတ်ကြမလဲ
အခုအချိန်မှာတော့ ကလေးတွေအားလုံးကို ပြန်တွေ့ပါပြီ။ ဒါပေမယ့်လည်း စိန်ခေါ်မှုတွေရှိနေပါသေးတယ်။ အဲဒါကတော့ ရေကြီးနေတဲ့ ဒီဂူထဲကနေ ကလေးတွေကို ဘယ်လိုပြန် ကယ်ထုတ်မလဲဆိုတာပါပဲ။ ကျောင်းသားတွေထဲက အသက် အငယ်ဆုံးကလေးဟာ အခုမှ အသက် ၁၁ နှစ်ပဲရှိပါသေးတယ်။ သူတို့နည်းပြကတော့ အသက် ၂၅ နှစ်ရှိပါပြီ။ ကျောင်းသားတွေရဲ့ အသက်အရွယ်ဟာ ၁၁ နှစ်ကနေ ၁၆ နှစ်ကြားမှာရှိပါတယ်။သေချာတာကတော့သူတို့အားလုံးမှာ ရေငုပ်ကျွမ်းကျင်သူ တစ်ဦးမှ ပါမှာမဟုတ်ပါဘူး။ ရေအောက်မှာ အသက်ရှူကိရိယာ တွေကို ဘယ်လိုအသုံးပြုရမှာလဲဆိုတာလည်း သူတို့မသိပါဘူး။ ဒီကျောင်းသားတွေကို ရေအောက်ကနေ ဂူအပြင်ကို ဘယ်လို ကယ်ထုတ်ရမလဲ။ ပြီးတော့ သူတို့အားလုံးဟာ အခုအချိန်မှာ အားနည်းနေကြပါတယ်။ ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူးက ဆေးအဖွဲ့တွေနဲ့ ဆေးကုသမှုပေးပြီး သူတို့ကို ရွှေ့လို့ရပြီ ဆိုတာနဲ့ ကယ်ထုတ်သွားမှာပါလို့ ပြောပါတယ်။ ရေငုပ်သမား တွေဟာ သူတို့ဝတ်ဆင်ထားတဲ့ ရေငုပ်ကိရိယာတွေနဲ့ဆို ဝင်ရထွက်ရတာကျဉ်းတဲ့ လမ်းကျဉ်းလေးကို ဖြတ်ကျော်ပြီး တော့မှ ကျောင်းသားလေးတွေကို ရှာတွေ့ခဲ့တာပါ။ အစောပိုင်း တုန်းကဆိုရင် ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဂူထဲကရေတွေ လျော့သွားစေဖို့ ရေစုပ်စက်ကြီးတွေ အသုံးပြုပြီး ရေစုပ်ထုတ် ခဲ့ကြပါတယ်။ လုပ်နိုင်သမျှအရာအားလုံးကို အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်။ ထိုင်းဘုရင်မင်းမြတ်ကိုယ်တိုင်ကလည်း သူ ဒီဖြစ်ရပ်ကို အနီးကပ်စောင့်ကြည့်နေတယ်။ အစိုးရအရာရှိ တွေအားလုံးကိုလည်း အစွမ်းကုန်ကြိုးစားကြဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။
ခံနိုင်ရည်ကောင်းတဲ့ကျောင်းသားများ
ကျောင်းသားလေးတွေနဲ့ ရေငုပ်သမားဦးလေးကြီး တွေ့ဆုံကြတဲ့အခါမှာတော့ ကျောင်းသားလေးတွေ က ''ဒီနေ့ ဘာနေ့လဲ'' လို့ မေးခဲ့ပါတယ်။ သူတို့ ဂူထဲမှာပိတ်မိနေတာ ဘယ်လောက် ကြာပြီလဲဆိုတာ သိချင်နေကြပါတယ်။ ''၁ဝ ရက်၊ မင်းတို့ ဂူထဲမှာရောက်နေတာ ၁ဝ ရက်ရှိပြီ၊ မင်းတို့ အလွန် သန်မာတာပဲ'' လို့ ပြန်ဖြေခဲ့ပါတယ်။ ရေငုပ်သမားတစ်ဦး ကတော့ သူတို့ကို အပြင်ကယ်ထုတ်ဖို့ အချိန်ယူရဦးမယ် ဆိုတာရယ်၊ အစားအသောက်နဲ့ ထောက်ပံ့ရေးပစ္စည်းတွေ လာပေးမယ်ဆိုတာကို ရှင်းပြခဲ့ပါတယ်။ ''အပြင်မှာ လူတွေအများကြီးရှိတယ်။ သူတို့လာနေကြပါပြီ။ တို့က ပထမဦးဆုံးပဲ'' လို့ ပြန်ဖြေခဲ့ပါတယ်။ ကျောင်းသားတွေနဲ့ နည်းပြဆရာဟာ လေ့ကျင့်ခန်းပြီးပြီးချင်း ဂူထဲကို လာခဲ့ကြ တာပါ။ သူတို့နဲ့အတူ အစားအစာအများကြီး ပါလာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီတော့ ဘယ်လောက်ကြာကြာ အစာမရှိဘဲ ရှင်သန်နေနိုင်သလဲ။ အစားအစာဟာ အဓိက အရေးကြီးတဲ့ အရာတော့ မဟုတ်ပါဘူး။ လူ့ရဲ့ကိုယ်ခန္ဓာဟာ ကာလတို အစာပြတ်တောက်တာကိုတော့ ခံနိုင်ရည်ရှိပါတယ်လို့ အရေးပေါ်အခြေအနေဆိုင်ရာ ဆေးပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာEric Lavonas က ပြောပါတယ်။
မိဘများရဲ့ပျော်ရွှင်မှု
ကလေးတွေကိုပြန်တွေ့တဲ့အခါ ဂူအပြင်မှာ သောကများ နေကြတဲ့ မိဘတွေရဲ့ခံစားချက်ကတော့ ပြောမပြနိုင်အောင်ပါပဲ။ ပိတ်မိကလေးတစ်ဦးဖြစ်တဲ့ အသက် ၁၃ နှစ်အရွယ်Duangpetch Phromthep ရဲ့ ဖခင်ကတော့ သှူသားရဲ့ပုံကို ဗီဒီယိုထဲမှာမြင်လိုက်ရတာ ဝမ်းသာလို့မဆုံးဘူးလို့ ဖြေခဲ့ပါ တယ်။ အခြားသောမိဘတွေရဲ့ခံစားချက်ကလည်း အလားတူ ပါပဲ။ သားကိုမြင်ရတာ ပိန်နေပြီး အားနည်းနေတဲ့ပုံရှိပေမယ့် သူမျက်နှာလေးမြင်ရတာ ပျော်လို့မဆုံးပါဘူးလို့ ဖြေခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေအားလုံးဟာ ကျောင်းသားတွေနဲ့ သူတို့ရဲ့နည်းပြဟာ ဂူအတွင်းပတ္တရားကမ်းခြေလို့ တင်စား ခေါ်ဝေါ်ထားတဲ့နေရာမှာရှိတယ်လို့ ယူဆခဲ့ကြပါတယ်။ အဲဒီ နေရာဟာ ခြောက်သွေ့ပြီး ဂူရဲ့အခြားနေရာတွေထက်စာရင် လေလည်းပိုမိုရရှိမယ်လို့ ယူဆခဲ့ကြပါတယ်။ လက်တွေ့မှာ တော့ အဲဒီနေရာဟာလည်း ရေအောက်ရောက်သွားပါတယ်။ အဲဒါကြောင့် ကျောင်းသားအုပ်စုဟာ အဲဒီနေရာနဲ့ ကီလိုမီတာ အနည်းငယ်အကွာက တခြားအခန်းတစ်ခုမှာ ပြောင်းရွှေ့ နေခဲ့ကြရပါတယ်။
ကယ်ဆယ်ရေးသမားတွေရဲ့ အခက်အခဲ
ကယ်ဆယ်ရေးသမားတွေအတွက် ဒီကလေးတွေကို ရှာဖွေရတာ တကယ်ကို ခက်ခဲပါတယ်။ ရေတွေကနောက်ကျိနေတဲ့အတွက် ရှေ့မှာဘာရှိတယ်ဆိုတာ ကိုလည်း ရှင်းရှင်းလင်းလင်း မမြင်ရပါဘူး။ အင်္ဂါနေ့ ညနေပိုင်းမှာတော့ ရေ အနည်းငယ်ကျသွားတဲ့အတွက် ရေငုပ်သမားတွေဟာ အတော်လေးခရီးရောက်ခဲ့ ပါတယ်။ ဒါပေမယ့် ရေပြန်လည်တက်လာတဲ့အတွက် ဂူထဲမှာ သူတို့ပါ ပိတ်မိ နေမှာစိုးလို့ ရေငုပ်သမားတွေဟာ ပြန်လှည့်ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ မိုးကလည်း သည်းထန်စွာရွာသွန်း၊ ရေကလည်းပိုတက်လာလို့ ရေငုပ်သမားတွေ အတွက် အတော်လည်းအခက်ကြုံခဲ့ရပါတယ်။ ရေတွေကိုလည်း ရေစုပ်စက်ကြီး တွေနဲ့ စုပ်ထုတ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ရက်တွေကြာလာခဲ့တာပဲဖြစ်တယ်။ ဒါပေမယ့် လည်း အပြင်ဘက်မှာ စောင့်နေတဲ့ မိသားစုဝင်တွေ၊ ကယ်ဆယ်ရေးသမားတွေရဲ့ ကြိုးစားမှုနဲ့ မျှော်လင့်ချက်ကတော့ အားလျော့မသွားခဲ့ပါဘူး။ ဒီလိုပါပဲ တစ်က္ဘာလုံးက ပြည်သူတွေရဲ့ စိုးရိမ်မှုဟာလည်း လျော့မသွားခဲ့ပါဘူး။ ရက်တွေ တဖြည်းဖြည်းကြာလာတော့ ကလေးတွေအတွက် စိုးရိမ်မှုဟာ ပိုပိုပြီး တိုးလာ ပါတယ်။ ကလေးတွေကို ပြန်တွေ့ပြီဆိုတဲ့သတင်းဟာ လူတိုင်းအကြားချင်ဆုံး သတင်းတစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ တနင်္လာနေ့ ည ၁ဝ နာရီခွဲ ဝန်းကျင်ခန့် မှာတော့ လူတိုင်းအကြားချင်ဆုံးသတင်းဖြစ်တဲ့ ကလေးတွေပြန်တွေ့ပြီဆိုတဲ့ သတင်း စကြားရပါပြီ။ သူတို့ကိုပြန်တွေ့ခဲ့တဲ့နေရာကတော့ ဂူအဝကနေ ၄ ကီလိုမီတာအကွာ ရေလွတ်ရာကျောက်ကုန်းပေါ်မှာ တွေ့ရှိခဲ့တာပါ။ ကလေး တွေရဲ့ မိဘတွေဆို ပျော်လွန်းလို့ အော်ဟစ်ခုန်ပေါက်နေကြပါတယ်။
ဒုတိယအကြိမ်မြောက်စိန်ခေါ်မှု
ဂူထဲက ကလေးတွေကို သူတို့ရဲ့မိဘတွေနဲ့ စကားပြောခွင့်ရဖို့ တယ်လီဖုန်း လိုင်းရအောင်လည်း ဆောင်ရွက်နေတယ်လို့ ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ကျောင်းသားတွေကို ပြန်ရှာတွေခဲ့ပေမယ့် အပြင်ကိုကယ်ထုတ်ဖို့ ဆိုတာ မဖြစ်နိုင်သေးတော့ အစားအစာတွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ဘယ်လို ပို့ရမလဲဆိုတာ ရေငုပ်သမားတွေအတွက် ဒုတိယအကြိမ်စိန်ခေါ်မှု ဖြစ်လာပြန်ပါပြီ။ ရေထဲကနေ ဖြတ်ပြန်ဖို့ဆိုတာ ကလေးတွေကို ရေငုပ်သင်ပေးရမှာ ဖြစ်သလို၊ ရေပြန်ကျသွားဖို့ကလည်း လအတန်ကြာစောင့်ရဦးမှာပါ။ ဆေးကုသမှုပေးဖို့ ဆရာဝန်တွေထဲက ရေငုပ်ကျွမ်းတဲ့သူအချို့ ထိုင်းတပ်ဖွဲ့မှာ ရှိတယ်လို့လည်း သိရပါတယ်။ ကျောင်းသားလေးတွေနဲ့ သူတို့ရဲ့နည်းပြဆရာကို ကယ်ထုတ်ဖို့ အခြားသောနည်းလမ်းတွေ ရှာဖွေသွားဦးမယ်လို့လည်း သိရပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်တဲ့အခါ လူပေါင်း ၁ဝဝဝ ကျော် ပါဝင် ဆောင်ရွက်ခဲ့ကြပြီး တရုတ်၊ မြန်မာ၊ လာအို၊ သြစတြေးလျ၊ အမေရိကန်နဲ့ ဗြိတိန် နိုင်ငံတို့ဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီပေးခဲ့ကြပါတယ်။ ပြန်မှ တွေ့ပါဦးမလားဆိုတဲ့ စိတ်နဲ့ စိတ်ပူနေကြတဲ့လူတွေအားလုံး ကျေနပ်အားရစေမှု နဲ့အတူ ပျောက်ဆုံးနေတဲ့ ကျောင်းသားလေးတွေကို ပြန်တွေ့တဲ့သတင်းဟာ ပျော်စရာအကောင်းဆုံး သတင်းတစ်ပုဒ်အဖြစ် တည်ရှိနေမှာပါ။
ကိုးကား -နယူးယောက်တိုင်းမ်စ် ၊ဘီဘီစီ