ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားထောင် သောင်းချီပြီး တဖွဲဖွဲပြန်လာကြတာကို မီဒီယာများများတွေ့ ရပါတယ်။ သူတို့တစ်တွေ အခက်အခဲမရှိအောင် သက်ဆိုင်ရာတို့က ကြိုဆိုစောင့်ရှောက်ကြတာ ဝမ်းမြောက်စရာပါဘဲ။ ဒါပေမဲ့ အခုလိုဖြေရှင်းရုံနဲ့ မလုံလောက်ပါဘူး။ ပြဿနာရဲ့ အရင်းအမြစ်ကိုရှာပြီး ကုစားဖို့လိုအပ်ပါတယ်။ ပြည်တော်ပြန်လုပ်သားတွေကို ကြည့်ရတာ ယောကျ်ား လေးတွေ၊ မိန်းကလေးတွေ လုပ်အား အပြည့်ပေးနိုင်တဲ့အရွယ်ကောင်းလေးများဖြစ်ကြပါတယ်။ သူတို့လေးတွေကို အမိမြန်မာနိုင်ငံ ကမွေးဖွားပေးတယ်။ ပြုစုစောင့်ရှောက် ပေးတယ်။ ပညာသင်ကြားပေးတယ်။
ပြဿနာဟူသမျှအရင်းအမြစ်ကို သိမှဖြေရှင်းလို့ လွယ်ပါလိမ့်မယ်။ နို့မို့ရင် မျက်မမြင်ပုဏ္ဏားခြောက်ယောက် ပုံပြင်လို မိမိတွေ့ထိသလောက်တစ်ယောက်တစ်ပေါက်ဖြစ် နေရင်အနာနဲ့ဆေးတခြားစီဖြစ်သွားပါမယ်။ မြန်မာလုပ်သားတွေ ထိုင်းနိုင်ငံသို့ဘယ်တုန်းက၊ ဘာအတွက်သွား ရောက်ပြီးဘာတွေဖြစ်နေကြပါသလဲ။ ထူးထူးခြားခြားစတာကတော့ (၁၉၈၈) အရေး ခင်းကာလပါ။ ကိုယ့်နိုင်ငံမှာ စားသောက်နေထိုင်ရေးတွေ ခက်ခဲလာတာနဲ့ ရေကြည်ရာမြက်နုရာကိုစမ်းတဝါးဝါး ရှာရပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံက မြန်မာ ထက်လူ နေမှုအဆင့်အတန်းပိုမြင့်တယ်။ အလုပ်အကိုင်စီးပွားရှာရလည်း ပိုမိုလွယ်ကူတဲ့အတွက် ကိုယ်အ ဆင်ပြေသွားတာနဲ့ ဆွေမျိုးအပေါင်းအသင်းကိုပါ လှမ်းခေါ်လိုက်တယ်။ ဒီသတင်းပြန့်သွားတဲ့အခါ စိတ်ဝင် စားသူတွေများပြီး လူကုန်ကူးလုပ်ငန်းရှင်သန်ကြီးထွားလာပါတော့တယ်။ အချို့ ကျေးရွာတွေဆိုရင် ရွာလုံး ကျွတ်လူကုန်သလောက်ထွက်သွား ကြတယ်။
ကုန်ထုတ်စီးပွားဖွံ့ဖြိုးလာနေတဲ့ ထိုင်းနိုင်ငံကလည်း လုပ်သားလိုအပ်နေတာနဲ့ အံကိုက်ဖြစ်သွားပါတယ်။ ထိုင်းနယ်စပ်ဒေသများဖြစ်တဲ့ ရှမ်း၊ မွန်၊ ကရင်၊ မြိတ်၊ ထားဝယ်လုပ်သားတွေမှ အစပြုပြီးမြန်မာနိုင်ငံအနှံ့ အပြားမှအလုအယက်ရောက်သွားကြတယ်။ ဒီလိုသွားတာဟာစည်းကမ်းတကျ တရားဝင်သွားကြတာ မဟုတ်ပါဘူး။ ဥပဒေမဲ့ ခိုးပြီးသွားတယ်။ ပွဲစားတွေကိုခေါ်သွားခ၊ အလုပ်ရှာပေးခပေးပြီးသွားကြပါတယ်။ အဲဒီအတိုင်း လုပ်ရိုးလုပ်စဉ်ဆိုရင်တော့ အစဉ်ချောပါတယ်။ ဒါပေမဲ့ လူတွေဟာ လောကသားတွေလည်းဖြစ်၊ ဥပဒေစည်းကမ်း အတိုင်းလုပ်ရတာလည်းမဟုတ်တော့၊ အိမ်ဖော်လုပ်ဖို့ လိုက်သွားတာ၊ ပြည့်တန်ဆာဖြစ် လိုဖြစ်၊ တစ်သက်လုံး ပင်လယ်ထဲနေရတဲ့ ငါးဖမ်းလုပ်သားဖြစ်လိုဖြစ်၊ အချို့များ လူကိုကုန်သေတ္တာထဲထည့် ပိတ်သယ်တော့ အသက်ရှု မဝလို့သေကုန်တယ်။ အချို့ရက်စက်တဲ့လူကုန်ကူးတွေကျ တော့ပိုက်ဆံယူ၊ နယ်စပ်ထဲရောက်ရော ထမင်းထဲအဆိပ် ကျွေးသတ်ပစ်တယ်။ တစ်ခါကလူ (၂၂) ယောက်တစ် ပြိုင်တည်း အသတ်ခံရတယ်လို့ သတင်းစာထဲပါလာတယ်။ မြန်မာအချင်းချင်းကပိုရက်စက်တယ်။
ထိုင်းလုပ်ငန်းရှင်တွေ လက်ထဲရောက်သွားပြန် တော့လဲ၊ တရားမဝင်လူတွေဖြစ်တဲ့အတွက် မတန်တဆခိုင်း၊ လုပ်ခတွေနှိမ်၊ သူများမလုပ်ချင်တဲ့အလုပ်မျိုးတွေ လုပ်ရ၊ အနိုင်ကျင့်ခံရ၊ ငွေညှစ်ခံရ၊ အဖမ်းခံရ၊ ဒုက္ခအမျိုး မျိုးတွေ့ကြရတယ်။ ဒါက ကောင်းတဲ့မြန်မာအလုပ်သမားတွေခံရတဲ့ဘဝ၊ သန်းနဲ့ချီတဲ့ မြန်မာလူမျိုးတွေထဲ မှာ လူဆိုးတွေလဲပါပါတယ်။ ခိုးမယ်၊ လုမယ်၊ တိုက်မယ်၊ လိမ်မယ်၊ သတ်မယ်ဆိုတဲ့ လူရမ်းကားတွေ အကြောင်း ထိုင်းသတင်းစာထဲမှာ မကြာခဏပါလာတာတွေ့ရတယ်။ အိမ်ဖော်ကလက်ထောက်ချ၊ အမျိုးသား နဲ့အချိတ်အဆက်လုပ်၊ အိမ်ရှင်ကိုသတ်၊ ပစ္စည်းယူ၊ မြန်မာပြည်ထဲရှောင် ပြေးလုပ်ကြတယ်။ ဒါလဲပြန်ဖမ်းမိပြီး အကျဉ်းထောင်ထဲ ရောက်သွားကြတယ်။ အမှုမမှန်ဘဲမတရားခံရတဲ့ လူတွေလည်း အများကြီးရှိတယ်။ သူတို့ခဗျာ မြန်မာအစိုးရကလည်း လျစ်လျူရှုခံထားနေရရှာတယ်။ တစ်ချိန်က မြန်မာအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်လက်မှတ်များ ထုတ်ပေးခဲ့ပါတယ်။ ဒီနည်းဟာ ပြ ဿနာ အချို့ကိုဖြေရှင်းနိုင်ပေမယ့် အဖြေမဟုတ်ပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကလည်း နယ်စပ်မှာနိုင်ငံ ကူးသတ် မှတ်ထုတ်ပေးတဲ့နည်းကို သုံးခဲ့သေးတယ်။ ဒီနည်းကအကြံ အဖန်သမားတွေအတွက်အကွက်ဖြစ်သွားတယ်။ လူကုန် ကူးသူတော့ပျောက်သွားပါရဲ့ ပြဿနာက ရှိမြဲရှိနေတယ်။
အခုလိုမြန်မာအလုပ်သမားတွေကို ထိုင်းနိုင်ငံမှ ပြန်ပို့တာဟာ ထိုင်းကမလိုချင်လို့လားမေးစရာရှိပါတယ်။ မဟုတ်ပါဘူး။ ထိုင်းလုပ်ငန်းရှင်တွေအတွက် မြန်မာအလုပ် သမားတွေ အများကြီးလိုနေပါတယ်။ မရှိရင် သူတို့အခက်အခဲ တွေအများကြီး တွေ့နိုင်ပါတယ်။ သို့ပါလျက် ပြန်ပို့ရတဲ့ အကြောင်းက နိုင်ငံတကာဥပဒေ အရ လူ့အခွင့်အရေးစံ ချိုးဖောက်ခြင်း၊ ကလေးအလုပ်သမားများခိုင်းစေခြင်း၊ လူကုန်ကူးခြင်း အစရှိတဲ့စွပ်စွဲ ချက် များနဲ့ ထိုင်းကုန်ပစ္စည်း တွေကို နိုင်ငံခြားတိုင်းပြည်များက မှာယူတင်သွင်းခြင်း မပြုဘဲ ကန့်သတ်ခံရ လို့ဖြစ်ပါတယ်။ မြန်မာနဲ့ ထိုင်းဝန်ကြီးများဆွေးနွေးညှိနှိုင်းပြီး အလုပ်သမားတွေအတွက် ပြန်လည်ထွက်ခွာ ခွင့်အမိန့်ကို အချိန်တိုး ပေးခြင်း၊ လုပ်ခွင့်လက်မှတ်ထုတ်ပေးခြင်းများ စီစဉ်နေတယ် လို့ ကြားသိရပါတယ်။ မြန်မာအလုပ်သမားများရဲ့ ပြဿနာဟာ နှစ် (၂ဝ) ကျော်ကြာပြီဖြစ်ပေမယ့် ပြီးပြတ်အောင် ဖြေရှင်းနိုင်ခြင်း မရှိသေးတာ မြန်မာအစိုးရဘက်မှ တစ်ခုခုလိုအပ်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ဒီလိုအကြံပြုချင်ပါတယ်။
နှစ်နိုင်ငံကိစ္စဖြစ်တဲ့အတွက် သူ့ဘက်ကိုယ့်ဘက် အကျိုးရှိမယ့်(Win Win)သဘောတူညီမှုမျိုးရအောင် လုပ်ရပါမယ်။ အလုပ်ရှင်က အလုပ်သမားအလိုရှိသည်ဆိုတဲ့ ကြော်ငြာကို နယ်စပ်ဒေသ (ဥပမာ -ကော့သောင်း၊ ဘုရားသုံးဆူ၊ မြဝတီ၊ တာချီလိတ်) အလုပ်သမားရုံးများမှ ကပ်ထားပေးရမယ်။ အဲဒါဆိုရင် အလုပ်သမားတွေအတွက် အလုပ်ရှာရတာလဲလွယ်မယ်။ အလုပ်သမားများရဲ့မိဘတွေလဲ ကိုယ့်သား/သမီး ဘယ်အရပ်၊ ဘယ်အလုပ်မှာ ဘယ်လို လုပ်ကိုင်နေတယ်ဆိုတာသိလို့ စိတ်သောကရောက်စရာ မလိုဘူး၊ အလွယ်တကူလည်း ဆက်သွယ်နိုင်မှာဖြစ်တယ်။
အလုပ်သမားဘက်က ဖြည့်ဆည်းပေးရမှာက (၁) လုပ်လိုတဲ့အလုပ်အမျိုးအစား (၂) အမည် (၃) ဓာတ်ပုံ (၄) ကျား/မ (၅) အသက်အပိုင်းအခြား (၆) နေရပ်လိပ်စာ (၇) အိမ်ထောင်စုစာရင်း (၈) ပညာအရည်အချင်း (၉) ကိုယ်ရေးသမိုင်း (၁ဝ) နိုင်ငံကူးလက်မှတ် (၁၁) အလုပ်လုပ်ခွင့်လက်မှတ်။ အလုပ်ရှင်ဘက်က ဖြည့်ဆည်းပေးရမှာက-(၁) လုပ်ငန်းအမျိုးအစား (၂) လုပ်ငန်းတည်ရာအရပ် (၃) အလုပ်ခွင်စည်းကမ်း (၄) လိုအပ်တဲ့ အလုပ်သမားအရေအတွက် (၅) ပေးမယ့် လစာ (၆) ပေးမယ့် အခွင့်အရေး (၇) နေအိမ်-ခရီးစရိတ် -ကျန်းမာရေး-ပညာရေး (၈) ဝန်ဆောင်ရမယ့်ကာလ။ အလုပ်ရှင်အလုပ်သမားသဘောတူစာချုပ်လက် မှတ်ရေးထိုးရမှာဖြစ်ပါတယ်။ အဲဒါဆိုရင်တော့ ထိုင်းနိုင်ငံရောက် မြန်မာ့အလုပ်သမားပြဿနာပြီးဆုံးသွားမှာဖြစ်ပါတယ်။ ။
သုဝေ
#democracytoday