Wednesday, August 05, 2015

လူငယ်နှင့်ခေါင်းဆောင်မှု

သူတစ်ပါးအပေါ် ဩဇာညောင်းဖို့ စံနမူနာပြသခြင်းဟာ အဓိကအရာ မဟုတ်ပါဘူး။ စံနမူနာ ပြသခြင်း ဟာ တစ်ခုတည်းသော အရာသာလျှင်ဖြစ်ပါတယ်။
ဒေါက်တာအဲလ်ဘတ်ရွိုက်ဇာ


အသက်အရွယ် 
လူငယ်ဆိုသည်ကား ဘယ်အရွယ်နည်း။ ကလေးမဟုတ်တော့သော အရွယ်မှ စတင်ခေါ်ဝေါ် ရအံ့ထင်သည်။
 အသက် ၄၅ နှစ်အထက်ကျော်သွားလျှင်လည်း အတန်းပညာနိမ့်နိမ့် မြင့်မြင့်၊ စီးပွားဥစ္စာ ဆင်းရဲသည် ဖြစ်စေ ၊ ချမ်းသာသည်ဖြစ်စေ၊လူကြီးအခြေအနေသို့ ရောက်သွားလောက်ပေပြီ။

လူငယ်သည် လူကြီးမဟုတ်သေးသော အရွယ်ကိုခေါ်သင့်ပေမည်။ ထို့ကြောင့် လူငယ်ဟူသည်ကား အသက် ၁၃ နှစ်မှ ၄၅ နှစ်အတွင်းမှာရှိသော အမျိုးသား၊ အမျိုးသမီးအားလုံးတို့ အကျုံးဝင်သည်ဟု မှတ်ယူချင်ပါသည်။
အသက် ၁၃ နှစ် ၁၄ နှစ်သည် လူပျိုပေါက်အရွယ်ဖြစ်၏။ ပျိုဘော်ဝင် အရွယ်ဖြစ်၏။ ယင်းကာလမှစ၍ လူငယ်
ဖြစ်လေပြီ။ ကလေးမဟုတ်တော့ပြီ။ မိသားစုထဲမှာဖြစ်စေ၊ ရပ်ရွာထဲမှာဖြစ်စေလူငယ်အစုအဝေး၊ အသင်းအ ပင်း ထဲမှာ ပါဝင်၍ရပေပြီ။ မြူးထူး စိတ်ကစားသောအရွယ်။



လူငယ်
ဆယ်ကျော်သက်လူငယ်နှင့် အသက် ၂၀ကျော်တို့ တူမည်တော့မဟုတ်ပေ ။ ဆယ်နှစ်လောက်ဖြတ်သန်းရ
သော အတွေ့အကြုံသည် အတွေးအခေါ်အသိအမြင် အတော်ကွာခြား ကွဲပြားသွားနိုင်၏။အလားတူပင် အသက်နှစ်ဆယ်ကျော်နှင့် သုံးဆယ်ကျော် လူငယ်၊ သုံးဆယ်ကျော်နှင့် လေးဆယ်ကျော်လူငယ်တို့ နှိုင်းယှဉ် ကြည့်လျှင်လည်း ရင့်ကျက်မှုချင်းသိသာစွာ ကွာခြားပေလိမ့်မည်။

အသက် ၃၂ နှစ်အရွယ်တွင် လုပ်ကြံခံရပြီး ကျဆုံးခဲ့ရသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သည် စင်စစ်တော့ လူငယ်ဘဝမျှသာဖြစ်ပါသည်။ လုပ်ဖော်ကိုင်ဖက် သခင်နု၊သခင်စိုး၊ သခင်သန်းထွန်း စသူ တို့လည်း ၁၉၄၇-၁၉၄၈ ကာလ၌ အသက်သုံးဆယ်ကျော်စ လူငယ်ဘဝမှာပဲ ရှိကြပေသေးသည်။ 

တိုင်းပြည်ကို နယ်ချဲ့အုပ်စိုးမှုအောက်မှ လုံးလုံးလွတ်မြောက်အောင်ရုန်းကန်တော်လှန်ကြရာတွင် ထက်သန် တက်ကြွသောလူငယ်တို့၏ အားမာန်ကို တွေ့ရသကဲ့သို့ အချင်းချင်းအပေါ် စိတ်ရှည်သည်းခံ ရင့်ကျက်ရန် လည်း လူငယ်ပီပီအားနည်းခဲ့ကြသည်။

သခင်ကိုယ်တော်မှိုင်းကဲ့သို့  သူတို့ထက် အသက်အရွယ်ကြီးရင့်ပြီး ရေရှည် ခရီးသမိုင်းကြောင်း အဆိုးအ
ကောင်း ကို ပိုမိုမြော်မြင်နိုင်သူက ငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးကို အတန်တန်မေတ္တာရပ်ခံ သို့မဟုတ် ဆုံးမ သွန်သင် သို့မဟုတ် ရှင်းပြပါသော်လည်း ကိုယ့်အယူမှ အမှန်၊ ကိုယ့်ဝါဒမှ အကောင်းဆုံး၊ ကိုယ့်လမ်းစဉ်မှ၊
ကိုယ့်ပါတီမှ၊ မာန်မာနဖြင့် ပြည်တွင်းစစ်မီးဟုန်းဟုန်းတောက်ခဲ့သည်။ လွတ်လပ်ရေးနှင့်အတူ လက်နက်ကိုင်
ပုန်ကန်ဆူပူမှုများသည် တောမီးပမာ ပျံ့နှံ့ခဲ့လေသည်။ရှောင်ရန် သင်ခန်းစာ။



ယုံကြည်မှုမြင့်မား
အသက်၁၃ နှစ်မှ ၄၅ နှစ်အတွင်း လူငယ်ဘဝသည်အားသာချက်များလည်း ရှိသည်။ အားနည်းချက်များလည်း
 ရှိသည်။ ကာယခွန်အားနှင့် ထက်သန်တက်ကြွသော ယုံကြည်မှုအမြင့်မားဆုံး အပိုင်းအခြားဖြစ်၏။ ကာယ အား၊ ဉာဏ်အားအကောင်းဆုံး အကြီးမားဆုံးအရွယ်လည်းဖြစ်၏။

ထိုခွန်အားကြောင့် အတိမာနဖြစ်တတ်၏။ ထို့ကြောင့်လွန်ကဲသော မာန်မာနပြင်းထန်သဖြင့် မဟာဗြဟ္မာကြီး များကိုယ်ရောင်ညှိုးပျောက် အမှောင်ကျရောက် ရသကဲ့သို့အမြင်မှောက်တတ်၏။ အမှားအယွင်းကို ဆုံးဖြတ် မိတတ်၏။
မိဘအုပ်ထိန်းမှုအောက်မှ ထွက်ခွာစဆရာသမားနှင့်မိတ်ဆွေသူငယ်ချင်းများထံမှ သင်ယူရရှိသော စာတွေ့
လက်တွေ့အသိပညာများက ပိုမိုရရှိသောအပြောင်းအလဲကာလဖြစ်၏။ မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်
အောင် စမ်းသပ်လျှောက်လှမ်းရသော ဘဝလည်းဖြစ်၏။နေအိမ်တံစက်မြိတ်ကိုကျော်၍ စာသင်ခန်းနှင့်အ
ပေါင်း အသင်းတို့နှင့် ပိုမိုပျော်ပိုက်လာတတ်ပြီ။ သက်တူရွယ်တူ သူငယ်ချင်းအပေါင်းအသင်းများကို ညီအစ်ကို ညီအစ်မ မွေးချင်းထက်ပင် ပိုမိုရင်းချာပွင့်လင်းစွာ ဆက်ဆံလာမိသည်။

အပေါင်းအသင်း ရွေးပါ
လူငယ်ဘဝသည် အပေါင်းအသင်းကို အလေးထားဆုံး အချိန်လည်းဖြစ်သည်။ လူ့အဖွဲ့အစည်း၏ ဆွေမျိုး မဟုတ်သူများနှင့် ဆက်ဆံရေးအပေးအယူကို စတင်လေ့ကျင့်ရသော အချိန်ပိုင်းဖြစ်လေသည်။
ခေါင်းဆောင်မှုကို စတင် ထိတွေ့ရတော့မည်။ မိသားစုအတွင်းမှာ အစ်မအကြီးဆုံးမို့ မိဘကိုယ်စား အငယ် များ ကို ဦးဆောင်ဖူးသူလည်း ရှိမည်။ အစ်ကိုအကြီးဆုံး သားကြီးဩရသမို့ ညီငယ်နှမငယ်များကို ရှေ့ဆောင် လမ်းပြရသူလည်း ဖြစ်ကောင်း ဖြစ်မည်။

ဥပမာဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကိုအကြီးဆုံး အာဇာနည် ဦးဘဝင်း (ဗိုလ်ချုပ်နှင့်အတူ ကျဆုံးရရှာသော ဝန်ကြီး) အကြီးဆုံး ဦးဘဝင်းနှင့် အငယ်ဆုံး ကိုအောင်ဆန်းကြားမှာမွေးချင်းခုနစ်ယောက် ခြား၏ ။ခေါင်း
ဆောင်မှုဆိုသည်မှာ လူ့အဖွဲ့အစည်းတိုင်းတွင် ရှိကြသည်။ မိသားစုထဲမှာလည်း ရှိသည်။ ရပ်ရွာထဲမှာလည်း ရှိသည်။ ကျောင်းမှာလည်း ရှိသည်။လုပ်ငန်းခွင် မှာလည်း ရှိသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလောက မှာလည်း ရှိသည်။

ခေါင်းဆောင်မှု
ခေါင်းဆောင်မှုဆိုသည်ကား အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များအပေါ် ဩဇာသက်ရောက်မှုပင် ဖြစ်၏။ သူ၏ပြညွှန်
ရာပန်းတိုင်သို့ စိတ်ပါလက်ပါ ဆောင်ရွက် အကောင်အထည်ဖော်ကြခြင်းမျိုး၊ သူ၏လိုလားချက်ကို ထက်သန်
စွာ ဖြည့်ဆည်းပါဝင်နေကြခြင်းမျိုး၊ မမြင်ရသော စွမ်းအားဖြင့် လွှမ်းမိုးထားနိုင်ခြင်းကို ခေါင်းဆောင်မှုဟု ခေါ်
လေသည်။

ခေါင်းဆောင်မှုကို အောင်မြင်မှုဖြင့်သာ စည်းရုံးနိုင်ပါ၏။ စည်းရုံး၍ စည်းလုံးသော အဖွဲ့အစည်းသည်
ခေါင်းဆောင်အတွက် အောင်မြင်မှုကို ဖန်တီးပေးနိုင်လေသည်။ ရည်မှန်းချက်အောင်မြင်မှုနှင့် စည်းရုံးရေး
အောင်မြင်မှုသည် အပြန်အလှန် အကျိုးပြုနေကြ၏။ပန်းတိုင်ထူရမည်။ အကယ်၍ လုပ်ငန်းများ မအောင်မြင်၊
စည်းရုံးရေး ကျဆင်းလာလျှင် ခေါင်းဆောင်မှုလည်း မခိုင်မြဲနိုင်ပေ။

ကောင်းသော စံနမူနာပြသပါ
ခေါင်းဆောင်မှုကို လိုချင်လျှင် အခြေခံအကျဆုံးလိုအပ်ချက်မှာ စံနမူနာပြသပြီး ဦးဆောင်နိုင်စွမ်းရှိရမည်။
ငါ့နောက်လိုက်ခဲ့ကြ ဟု သတ္တိကို နမူနာပြနိုင်ရမည်။ ရိုးသားမှု၊ ကိုယ်ကျိုးစွန့်လွှတ်မှု၊ အနစ်နာခံမှု၊ အမြော် အမြင်ရှိမှု၊ ဇွဲရှိမှု၊ လုံ့လရှိမှု၊ ရဲဘော် ရဲဘက်စိတ်ရှိမှု၊ အတွင်းအပြင် ဆက်ဆံရေး ပြေပြစ်ကောင်းမွန်မှု စ သည့် ခေါင်းဆောင်ကောင်းတို့၏ အင်္ဂါလက္ခဏာများကို ရှေ့ကထုတ်ဖော်ပြသနိုင်ရမည်။ သစ္စာမဲ့မှုကို ပြသ
ပါက ခေါင်းဆောင်မှုကျဆင်းမည်။ ဒါတွေ ကောင်းသည်။မင်းတို့လိုက်နာကြ။ (ငါပြောသလိုလုပ်)။ ငါကတော့
စံပြလုပ်မပြနိုင်ဘူး။ ငါ့စိတ်ထဲ ပေါ်ရာလုပ်မှာပဲ(ငါလုပ်သလိုမလုပ်နဲ့) ဟု ဆိုသူမျိုးသည် ခေါင်းဆောင်ကောင်း
မဟုတ်။ ဦးစီးခေါင်းဆောင်လုပ်မည့်သူသည် အသက်အရွယ် ငယ်ငယ်ကြီးကြီး၊ ရာထူးတာဝန် နိမ့်နိမ့်၊မြင့်
မြင့် ၊ အသိဉာဏ်ငါးပါးနှင့် ပြည့်စုံရမည်။

အသိဉာဏ်ငါးပါး
၁။ အတ္တညူ- အကျိုးစီးပွား ရှိမည် မဲ့မည်ကို သိရမည်။ အချို့လူသည် မသိ။ ငါ၏ မိဘမျိုးရိုးသည် တစ်မျိုးသား လုံးက ကြည်ညိုအားကိုးလေးစားကြရသော အမျိုး။အမျိုးဂုဏ်ကို အသက်နှင့်လဲ၍ပင် စောင့်ထိန်း ကာကွယ်ပါ
မှ မိမိကြီးသောအခါ အကျိုးရှိမည်ဟုမသိ။ မိမိစိတ်အလိုလိုက်၍ ကြိုက်သလို ရွေးချယ်ဆုံးဖြတ်ခဲ့မိပြီထား။  ကပြားသားသမီး၊ မိမိနိုင်ငံသားမဟုတ်သူတွေ တစ်ယောက်ပြီးတစ်ယောက် မွေးဖွားလိုက်လျှင်ကားငါ၏ အကျိုးစီးပွား မဲ့ပေလိမ့်မည်ဟု မသိ။ ခေါင်းဆောင်ဟု မိမိကိုယ်ကိုယ် တန်ဖိုးထားတတ်သူသည် အကျိုးရှိ၊
မဲ့ကို ကောင်းစွာ သိရပေလိမ့်မည်။

၂။ ဓမ္မညူ- တရားမျှတခြင်း၊ တရားနှင့် ညီညွတ်ခြင်းကို သိရမည်။ မောင်နှမချင်းပင်လျှင် ကြင်နာခြင်း၊စာနာ
ခြင်း ၊ ခွင့်လွှတ်ခြင်း၊ ရိုသေခြင်း၊ နာခံခြင်း ခေါင်းပါးလျှင် တရားနှင့်မဆီလျော်။ ချစ်ခင်ရမည်။ စည်းလုံးရ
မည်။ ငဲ့ညှာရမည်။ သို့မှသာ တရားမျှတခြင်းကို လိုက်နာရာကျမည်။ သွေးအနီးဆုံး ဆွေမျိုးသားချင်းအပေါ်မှာ
ပင်လျှင် မစာနာ၊ မကြင်နာလျှင် တရားနှင့် ညီညွတ်ခြင်းရှိပါမည်လော။ (လောဘကြောင့်လော၊ မာနကြောင့်
လော) ဓမ္မသဘောကို သိရကျင့်ရမည်။

၃။ မတ္တညူ- အတိုင်းအရှည်ကို သိရမည်။သူတစ်ပါး၏အင်အားနှင့် အလားအလာကို မသိ။ မိမိ၏ အတိုင်း အ ဆကိုမသိ။ အကြီးအသေး၊ အနီးအဝေး၊အထူအပါးကို မသိ၊ ဆင်ခြင်တုံတရားနည်းပါးပြီး စိတ်လိုက်မာန်ပါ စိတ်ဆောင်ရာ ဇွတ်တရွတ်လုပ်ဆောင်တတ်လျှင်တန်ဖိုးရှိသော နုပျိုထက်သန်သည့်အရွယ်သည် (မတည်မြဲ ) ဆုံးရှုံးပျောက်ကွယ် သွားတတ်၏။ကောင်းမွန်ထိုက်တန်သော အဖြေကို ထွက်လိုလျှင်အခြေအနေမှန်ကို ခွဲခြားဝေဖန်နိုင်သော အသိဉာဏ်ဦးစီးရပါမည်။ မည်သူမဆို အိုကြရမည်။ နာကြရမည်။

၎။ ကာလညူ- အချိန်အခါသင့်မသင့်ကို သိရမည်။ အချိန်အခါကောင်းကို ရွေးချယ်တတ်ရပါမည်။ဆန္ဒစောစွာ အလောတကြီး ကြိုးစားသော်လည်း အချိန်မရောက်သေးတော့ အထမမြောက်။ အခွင့်အရေးရပါသော်လည်း အခါအခွင့်ရှိမှန်းမသိဘဲ လက်နှေးသဖြင့်လက်လွှတ်ရသော အခြေအနေနှင့်ကြုံရ၏။Timing အချိန်ကိုက်မှန် ကန်စွာ ရွေးချယ်ဆုံးဖြတ်နိုင်ခြင်း မရှိသဖြင့် အောင်မြင်သင့်သလောက် မအောင်မြင်။ ထိရောက်သင့် သလောက် မထိရောက်။ ခေါင်းဆောင်ကောင်းသည် အနှစ် ၁၀ဝ ပြက္ခဒိန်၊ အနှစ် ၁၀ဝ၀ရာဇဝင်တို့ ကို ကျေ ညက်ရုံမျှသာမက ဘယ်နေ့ ဘယ်ရက်မှာ ဘယ်အချိန်လထွက်မည်။ လဝင်မည်ဟူသော အချိန်အတိအကျ အထိ မိမိအုပ်စုအတွက် အကျိုးအရှိဆုံးအချိန်အခါကို ရွေးချယ်တတ်ရမည်။ မြင်ကွင်း ကျယ် ရှေ့နောက်မြော်
မြင် တတ်ရမည်။

၅။ ပရိသညူ- ပရိသတ်လူထု၏ စိတ်ထားကို သိရမည်။

ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တို့သည် ပျဉ်းမနားနယ်မှာ ကျင်းပသော ပထမအကြိမ် ကွန်မြူနစ်ပါတီ ကွန်ဂရက်ကို ပတ်ဝန်းကျင်ရွာများမှ တောင်သူလယ်သမားများက နွားလှည်းအစီးပေါင်း ထောင်သောင်းချီပြီး လာရောက်တတ်ကြသဖြင့် အံ့မခန်းလူထု၊ လူစုလူဝေးပရိသတ်ကြီးကို ငါတို့ပါတီအား တစ်ခဲနက်ထောက် ခံအားပေးသော ပြည်သူတွေကား များလေစွတကားဟု (ပြည်ပကွန်မြူနစ်ပါတီအကြံပေး ကလည်းအံ့ဩ ဝမ်းသာ စွာထောက်ခံ) ထင်မှတ်ဆုံးဖြတ်ကာလက်နက်ဖြင့် အာဏာသိမ်းရေးသူပုန်ထ ဖို့ လမ်းစဉ်ကို လွဲမှားစွာ ရွေးခဲ့လေတော့သည်။ 

(အမှန်တကယ်ကလယ်သမားများ လယ်အလုပ်အားလပ်ချိန်မှာ ပွဲလမ်းသဘင်ကို အထူးတောင့် တနေ ချိန် ဖြစ်သဖြင့် ပွဲလာကြည့်ကြခြင်းသာဖြစ်၏။ မာ့စ်လီနင်တို့၏ ကွန်မြူနစ်ဝါဒဆိုတာလည်း သူတို့ဘာမှန်း မသိ။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)ဆိုတာလည်း ဘာမှန်းမသိ ။ ထောက်ခံအားပေးခြင်းမျိုးအနေနှင့် တက်ရောက်ခြင်းလည်းမဟုတ်ခဲ့)


မဲဆန္ဒရှင်ပြည်သူအရေအတွက် ၃၂ သန်းကျော်ရှိသော တိုင်းပြည်တွင် (တရားမဝင်သော သာသနာ့ဝန်ထမ်း အချို့ ၏ လက်မှတ်၊ အသက်မပြည့်သူ၊ ရူးသွပ်သူ စသည်တို့ အပါအဝင်) လေးသန်းကျော် ငါးသန်းခန့် အရေ အတွက် (မည်သူကမှလည်း လက်မှတ်တွေနှစ်ကြိမ်၊ သုံးကြိမ်ထပ်နေသလား စစ်ဆေးစိစစ်ခြင်းမရှိဘဲ) ပရိသတ်များလှပါပြီဟု အကြိမ်ကြိမ်ရေးသားသော စာနယ်ဇင်းအချို့ကို တွေ့ရ၏။ မိမိတို့ထက် သုံးဆကျော် ပိုမို များသော အခြားမဲဆန္ဒရှင်ပြည်သူအများစုက မိမိတို့နှင့် ဆန္ဒသဘောထားမတူကြတာကို လက်ခံကြရပါ မည်။ နားလည်ရမည်။ ဒီမို ကရေစီစနစ်အရ ၁၇း၅ မျှသာ မိမိတို့ရသော ပရိသတ်ပမာဏသည်များသည်ဟု ပကတိ အခြေအနေအရမဆိုနိုင်။ သုံးဆမက ပိုမိုများပြားနေသော ပြည်သူလူထုမဲဆန္ဒရှင်များက လက်မခံခဲ့ ကြဟု ကိန်းဂဏန်းအရ ဖော်ပြနေသည်။ ပြည်သူဦးရေ ၅၂ သန်းနှင့်နှိုင်းယှဉ်သော် ထိုအဆိုဘက်ကပရိသတ် သည်၅၂း၅ ဆယ်ပုံတစ်ပုံနီးပါးမျှသာရှိကြောင်း ထင်ရှားလေသည်။

စာရေးသူက နည်းသည်ဟုလည်း မဆိုလိုပါ။ များသည်ဟုလည်း မပြောနိုင်ပါ။ ပကတိတွေ့ရှိရသော Facts and Figure ထိုအခြေအနေကို(မှားယွင်းစွာ) ပရိသတ်သဘောထားအားလိုရာဆွဲယူ အနက်ကောက်နေသူ အချို့၏ ထပ်ခါထပ်ခါ ဖော်ပြချက်ကြောင့် ခေါင်းဆောင်တွေမှာ ဆုံးဖြတ်ချက်လွဲချော်သွားမည်စိုးသောကြောင့် တင်ပြခြင်းမျှသာ ဖြစ်ပါသည်။ စေတနာ ဖြူစင်ပါသည်။ အမှန်ကိုအမှန်အတိုင်း သိမြင်ခြင်းအားဖြင့် ကောင်း ကျိုး ရစေချင်ပါသည်။

လူငယ်ဘဝကပင် ငါသည် ခေါင်းဆောင်လုပ်မည်။ကလေကချေ အလေနတော အပြူအမူမျိုးတွေကိုမလုပ်၊
 ငါရှောင်ကွင်းမည်ဟု ခိုင်မာစွာ ဆုံးဖြတ်ထားရမည်။ ငယ်ရွယ်စဉ်မှာ ပျော်သလိုနေမည်၊ အရွယ်၏နုပျို
လန်းဆန်းခြင်းကို စိတ်လွတ်လက်လွတ် အရသာခံလိုက်မည်ဟု သဘောမထားရ။ ငယ်စဉ်အခါက အမှား
တွေ၊အပြစ်အနာအဆာတွေ ကျူးလွန်ထားခဲ့မိတော့ ခေါင်း ဆောင်အရည်အသွေး အတွက် နောက်ကြောင်း ရာဇဝင်မရှင်းမလင်းဖြစ်ရတတ်သည်။ မိမိတို့အားလုံးရှေ့မှောက်မှာ သင်ခန်းစာယူစရာတွေ တွေ့ ခဲ့ရ ပါလိမ့်မည်။

ရေဆေး၍မရ၊ ခဲဖျက်နှင့်ဖျက်လို့လည်း မရ။ ကိုယ့်ရာဇဝင်ကို ကိုယ်ရေးခဲ့တာပဲ။ ဘယ်သူမပြု မိမိမှုမဟုတ်
လား။

ခေါင်းဆောင်လုပ်မည့်သူသည် နာယကဂုဏ်ခြောက်ပါးနှင့်လည်း ပြည့်စုံရပါလိမ့်မည်။ လူငယ်ဘဝမှာပင်   မိမိကိုယ်ကို ဤစံများဖြင့် ပျိုးထောင်ရမည်။

သို့မှသာ တန်ဖိုးရှိသော ခေါင်းဆောင်ဖြစ်မည်-
၁။ ခမာ - သည်းခံခြင်း၊ သည်းခံနိုင်စွမ်းကိုလေ့ကျင့်မြှင့်တင်ပါ။ စိတ်လိုက်မာန်ပါမပြုရ၊
၂။ ဇာဂရိယ - သတိရှိခြင်း၊ နိုးကြားခြင်း၊
၃။ ဥဋ္ဌန - ငယ်သားတို့ထက် ဆထက်များစွာသာလွန်သောလုံ့လဝီရိယရှိခြင်း၊
၎။ သံဝိဘာဂ - လျောက်ပတ် လျော်ကန် တော်တန်သလို ခွဲဝေချီးမြှောက် ထောက်ပံ့ပေးခြင်း၊
၅။ ဒယာ - သူတစ်ပါးအား ကိုယ်နှင့်မခြား သနားကြင်နာခြင်း၊ စာနာခြင်း၊ (ရန်လိုခြင်း၊ပုတ်ခတ်ခြင်း၊ ရွှံ့ပုတ်ရေနှင့် ပက်ခြင်းတို့မပြုရ)
၆။ဣက္ခနာ - ဘက်ပေါင်းစုံက လေ့လာ စုံစမ်းခြင်း၊အလုံးစုံသော ဖြစ်နိုင်ခြေနှင့်အခွင့်အလမ်းများ ကို  တွေးခေါ်မြော်မြင်နိုင်စွမ်း ဆင်ခြင်ဉာဏ်နှင့်ပြည့်စုံခြင်း။

ခေါင်းဆောင်မှုနှင့်ပတ်သက်၍ ဝင်စတန်ချာချီ၊ဒွိုက်ဒီ အိုက်စင်ဟောင်ဝါ၊ ဂျွန်စီမက်ဇ်ဝဲလ်၊ ဘရိုင်ယန်ထရေ စီစသော ပုဂ္ဂိုလ်များရေးသားထားကြသည့်စာအုပ်ကောင်းများရှိပါသည်။ အင်တာနက် စာကြည့်တိုက်များမှာ ရှာဖွေဖတ်ရှုနိုင်ပါသည်။ ဖတ်ဖြစ်ဖို့သာလိုသည် ။ LEADERSHIPစာအုပ်ပေါင်းထောင်နှင့်ချီပြီးရှိနေပါသည်။ အသိအမြင်ရအောင် ဖတ်ကြပါ။

သူတစ်ပါး၊ လူအများအပေါ်မှာ ဩဇာသက်ရောက်ရန်၊ လွှမ်းမိုးနိုင်ရန်အတွက် ခေါင်းဆောင်ကောင်းဟူသည်  စံနမူနာပြသနိုင်ရပါသည်။ အောင်မြင်အောင်စွမ်းဆောင်ပြနိုင်ရမည်။ လူငယ်များ အချိန်ယူပြီး မိမိကိုယ်ကို ပျိုးထောင်ကြပါ။ စနစ်တကျ လေ့ကျင့်ကြိုးစားကြပါကုန်။

၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၄ ရက်၊  ၂၀၁၅ ခုနှစ်၊ ဩဂုတ် ၄ ရက်၊ အင်္ဂါနေ့။