Tuesday, November 19, 2013

ခေါင်းဆောင်ကောင်းနှင့် စီမံခန့်ခွဲမှုပညာ

ခေါင်းဆောင်မှု (Leadership) နှင့် စီမံခန့်ခွဲမှု (Management) ပညာတို့သည် နယ်ပယ်အသီးသီးတို့၌ အစဉ်အမြဲ ဒွန်တွဲလျှက် ရှိကြ၏။ ခေါင်းဆောင်မှု စီမံခန့်ခွဲမှုဟု ဆိုလိုက်လျှင် လူတော်တော် များများ သည် ခေါင်းဆောင်လုပ်မည့် သူများအတွက်သာဟု တထစ်ချ ထင်မြင်ယူဆကြ၏။

၂၁ ရာစု ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီး၌ ခေါင်းဆောင်မှုပညာ (Leadership) နှင့် စီမံခန့်ခွဲမှု (Management) ပညာတို့သည် သာသနဝန်ထမ်းရော လူဝတ်ကြောင်များပါမကျန် ကျား-မ မရွေး လူမျိုးမရွေး ဘာသာဝင်မရွေး အများသူငါ အားလုံးတတ်သင့်တတ်ထိုက်သည့် ပညာရပ်များပင်ဖြစ်၏။

အထူးသဖြင့် ယနေ့ခေတ်ကြီး၌ သာသနဝန်ထမ်း ရှင်ရဟန်းတို့သည်လည်း မိမိတို့ဦးဆောင်ရမည့် အခန်းကဏ္ဍ သာသနာရေးရာတို့၌ သာသနာပြုလုပ်ငန်းဆောင်တာများ ပိုမိုကျယ်ကျယ်ပြန့်ပြန့် လာနိုင်စေ ရန် ဤခေါင်းဆောင်မှု စီမံခန့်ခွဲမှုပညာသည် အထူးပင်လိုအပ်လှပေ၏။
လူသားတို့သည် မိမိက အခြားသူများကို ခေါင်းဆောင်ဘို့ရန်မှာ လွယ်ကူသောအလုပ် မဟုတ်သော်လည်း အမြဲတန်းနောက်လိုက် ဘဝမျိုးဖြင့် မနေသင့်ပါ။ ကိုယ့်ပညာ ကိုယ့်ကျွမ်းကျင်လိမ္မာမှု ကိုယ့်စွမ်းရည် ဗဟုသုတ တို့ဖြင့် မိမိတို့စွမ်းဆောင်နိုင်သည့် နယ်ပယ်ကဏ္ဍ အသီးသီးတို့၌ ခေါင်းဆောင်မှုကဏ္ဍ တခန်းရပ် ဖွင့်လှစ်သင့်ကြ၏။

၂၀၁၀ နိုဝင်ဘာလဆန်းလောက်က ဒေါက်တာနေဇင်လတ်သည် Leadership (ခေါင်းဆောင်မှု) သင်တန်းကို အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာရှိ မြန်မာကျောင်းသားရဟန်းတော်များ၏ ပညာရေးဗိမန်၌ ဆယ်ရက်သင်တန်း ပို့ချပေးခဲ့၏။ စာရေးသူအနေနဲ့ ထိုသင်တန်းကို အမိအရ မတက်နိုင်ခဲ့သော် လည်း သင်တန်းတက်ရောက်ခဲ့ကြသည့် ညီတော်နောင်တော် ရဟန်းတော်တို့ ထပ်ဆင့်ဖောက်သည်ချမှုဖြင့် အလွန်ပင်ကျေနပ်မိပါ၏။ ထိုသင်တန်းကာလအတွင်းကပင် မိမိအနေဖြင့် လက်လှမ်းမီသမျှ Management(စီမံခန့်ခွဲမှုပညာ) အကြောင်း အင်တာနက်မှ ရှာဖွေဖတ်ဖြစ်ခဲ့ပါ၏။ ဤဆောင်းပါး၌လည်း မိမိလက်လှမ်းမှီသမျှ Leadership(ခေါင်းဆောင်မှုပညာ) Management(စီမံခန့်ခွဲမှုပညာ) အကြောင်းတစေ့တစောင်း အဖြစ်တင်ပြမည်ဖြစ်ပါ၏။

၂၁ ရာစုလူနေမှုဘဝသည် စိန်ခေါ်မှုများ ပြိုင်ဆိုင်မှုများ အပြောင်းအလဲ အချိုးအကွေ့များ တစ်ဟုန်ထိုးတိုး တက် မြင့်မားလာသည်နှင့်အမျှ ကိစ္စအဝဝတို့ကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ဘို့ စီမံခန့်ခွဲမှုပညာသည် အထူးပင်လိုအပ်လှပေ၏။

စီမံခန့်ခွဲမှုပညာကို နည်းပညာဟုခေါ်ဆိုနိုင်၏။ ယင်းပညာသည် လူ့သဘာဝနှင့် လုံးဝဆက် စပ်နှီးနွယ်   နေသောကြောင့် လူမှုရေးဗေဒ (Humanity) ဟုလည်း ဆိုကြပြန်၏။ ယင်းကို လစ်ဘရယ်(Liberal-Art)အတတ်ပညာဟုလည်း ပြောဆိုကြသေး၏။ အဘယ်ကြောင့်ဆိုသော် ယင်းအတတ်ပညာ၏ သဘောသဘာဝ၌ ဗဟုသုတ လွပ်လပ်စွာ ဆင်ခြင်တွေးခေါ်တတ်မှု စီမံတတ်မှု ခေါင်းဆောင်တတ်မှုတို့ အကျုံးဝင်နေသောကြောင့်ပင်ဖြစ်၏။ လူမှုသဘာဝ သိပ္ပံပညာရပ်များဖြစ်သည့် စိတ်ပညာ ဒဿနပညာ စီးပွားရေးပညာ သမိုင်းနှင့် နီတိပညာရပ်များလည်း ဤစီမံခန့်ခွဲမှုပညာနှင့် ဆက်စပ်နေ၏။

သဘောသဘာဝများနှင့် အချက်အလက်များကို ယူငင်သုံးစွဲရ၏။ ပီတာဒရပ်ကား၏ Realities ဆောင်းပါး ထဲက Liberal Art (စီမံခန့်ခွဲမှု လစ်ဘရယ် အတတ်ပညာ)၌ Action&Application (လုပ်ဆောင်မှုနှင့် အသုံးချမှု) တို့ ပါဝင်သည်ဟုဆို၏။ မှန်၏။ ပညာရပ်အားလုံးသည် အသုံးချမှုမှ မပါလျှင် လက်တွေ့ဘဝနှင့် အသုံးဝင်လိမ့်မည် မဟုတ်ပေ။ခေတ်တိုင်းခေတ်တိုင်း၌ မျိုးဆက်သစ်နှင့် မျိုးဆက်ဟောင်းတို့ အမြဲဒွန်တွဲလျှက် ရှိကြ၏။

မျိုးဆက်သစ်လူငယ်တို့သည် စနစ်သစ် အနုပညာအသစ် အတွေးခေါ်အသစ် ယဉ်ကျေးမှုအသစ် ပြဿနာ အသစ်အသစ်တို့ကို ရှာဖွေကြ ရင်ဆိုင်ဖြတ်သန်းကြရ၏။အရာတော်တော်များများ၌ တော်လှန်လိုစိတ် ပြင်းပြကြ၏။ မျိုးဆက်ဟောင်းတို့သည် စနစ်ဟောင်း ယဉ်ကျေးမှုဟောင်း ပုံစံဟောင်း အတွေးခေါ် အဟောင်းတို့ဖြင့် ခေတ်သစ်စနစ်တစ်ရပ်ကို အံဝင်ခွင်ကျ ပြောင်းလဲလက်ခံဘို့ ဝန်လေးနေတတ်ကြ၏။ မှန်၏ ထိုဖြစ်စဉ်၌ ရင်ဆိုင်မှု အသစ်အသစ်များ ပြဿနာ အသစ်အသစ်များကို အတွေးအခေါ်ဟောင်း များဖြင့် ဖြေရှင်း၍မရနိုင်သကဲ့သို့ ပြဿနာအဟောင်း ယဉ်ကျေးမှုအဟောင်းများကိုလည်း ခံစားမှုအသစ် အသစ်တို့ဖြင့် ကိုင်တွယ်ဖြေရှင်း၍ မရနိုင်ပေ။ ထို့ကြောင့် လူနှင့်စနစ် ပြေပြစ်ဘို့ သဟဇာတဖြစ်ဘို့ အံဝင်ခွင်ကျဖြစ်ဘို့ မှန်ကန်စွာခေါင်းဆောင်မှုပေးတတ်ဘို့ အလွန်အရေးကြီးလှ၏။

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း အဖွဲ့စည်းတိုင်း၌ အနည်းနှင့်အများဆိုသလို ပြဿနာအခက်ခဲများရှိကြပါ၏။ ယင်းအခက်အခဲများ ကျော်လွှားဘို့ ဖြေရှင်းမှုနည်းလမ်းတို့သည် အခြေအနေအရပ်ရပ် အတွေ့ကြုံပေါ်၌ အများကြီးအခြေခံရ၏။ ယနေ့ကမ္ဘာ နည်းပညာခေတ်ကြီး၌ မျှောင်လင့်မထားသော ပြဿနာပေါင်း သောင်းခြောက်ထောင် ဆိုင်းမဆင့် ဗုံမဆင့် ရောက်ရှိလာနိုင်၏။ ထိုအခါ မျိုးဆက်သစ်နှင့် မျိုးဆက်ဟောင်းတို့အကြား ပဋိပက္ခများ မကြီးထွားစေရန် ချိန်ခွင်လျှာ ချိန်ညှိတတ်မှ မိမိတို့ ဦးဆောင်မှု သည် အောင်မြင်နိုင်၏။ လူသည် စနစ်တစ်ရပ်ကို ဖန်တီးဖြင့် ထိုစနစ်က လူကိုဦးဆောင်မှုပေး၏။

လူနှင့်စနစ်ကို ပြေပြစ်စွာ အသုံးချနိုင်ပါမှ ပဋိပက္ခဒီရေလှိုင်းကြီးများ မျှော်လင့်ထားသလောက် မကြီး ထွားလာနိုင်ပေ။ လူသည် စနစ်ကို အမြဲတန်းမှန်ကန်စွာ ဆန်းစစ်တတ်ဘို့ ဝေဘန်ပိုင်းဖြတ် တတ်ဘို့လို၏။ သို့မှသာ မိမိ ပါဝင်ပတ်သက်သည့် ဘာသာရေး လူမှုရေး နိုင်ငံရေး စသည့် နယ်ပယ်အသီးသီး၌   ခေါင်းဆောင် မှု၏တန်ဘိုး မိမိ၏တန်ဘိုးကို ရရှိနိုင်မည်ဖြစ်၏။ လူသည်စနစ်ကို ဖန်တီးလင့်ကစား ထိုစနစ် က လူကို မှိုင်းတိုက်သည့် အဖြစ်မျိုးတော့ မဖြစ်သင့်ပါပေ။

 ခေတ်စနစ်နှင့်အညီ မှန်ကန်စွာ စဉ်းစားတွေးခေါ်တတ်မှု ခေတ်နှင့်တပြေးညီ မှန်ကန်စွာ လုပ်ကိုင်တတ်မှုတို့သည် မိမိ၏ အဆင့်အတန်းကို ဖေါ်ညွန်းပေးနေ၏။ မိမိကိုယ်ကို စီမံခန့်ခွဲတတ်မှု (Self-managament) ကျွမ်းကျင်ပါလျှင် အရာတော်တော်များများ၌ အောင်မြင်မှုရမည်မှာ ဧကန်ပင်ဖြစ်ပေ၏။
လူ့သမိုင်း၌ အောင်မြင်ကျော်ကြားမှု ခေါင်းဆောင်မှုအရည်ချင်း ရှိသူတိုင်း၌ ဤစီမံခန့်ခွဲမှုပညာ ကောင်း မွန်သောကြောင့်သာ ထိုသူတို့၏ အောင်မြင်မှုများကို နောက်လိုက်တို့ တွေ့မြင်ကြရ၏။

အားကျအတုယူကြရ၏။ လူ့သမိုင်းဖြစ်စဉ်၌ ဤစီမံခန့်ခွဲမှုပညာလောက် တိုးတက်မှုနှုန်း မြန်ဆန်တာ မရှိကြဟု ပညာရှင်တို့က ဆိုကြ၏။ ယင်းစီမံခန့်ခွဲမှုပညာရပ်ကို ၁၈၉၀ မတိုင်ခင်က လူတွေမသိကြသေး သတိမထားကြမိသေးဟု ဆို၏။ လွန်ခဲ့သည့် အနှစ်၈၀ လောက်မှ ဤစီမံခန့်ခွဲမှုပညာ ရှိသည်ဆိုတာကို အတွေးအခေါ်သမားအချို့က စတင်သိရှိခဲ့ကြသည်ဟူ၏။ အထူးသဖြင့် ထိပ်တန်းပညာရပ်အားလုံးသည် အထူးပြုလေ့လာရသည်ချည်းဖြစ်၏။ သို့သော် စီမံခန့်ခွဲတတ်အောင် မွေးရာပါဗီဇ ပါရမီဖြင့် မလုံလောက် လေ့ကျင့်ပြုစု ပျိုးထောင်သင်ကြားပေးရမည်ဖြစ်၏။

၁၉၂၀ နှင့် ၁၉၃၀ နှစ်တွေကြား၌ စီမံခန့်ခွဲမှုပညာကို ကုန်ထုတ်လုပ်မှု ဖြစ်စဉ်ကြီး၏ နေရာတော်တော် များများမှာ အသုံးချနိုင်ခဲ့သည်ဟုဆို၏။ “ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း (Decentralizaion) သဘောထား များကြောင့် ဆင်းရဲချမ်းသာ အထက်အောက်တို့၏ အကျိုးကျေးဇူးနှစ်ခုကို တစ်ပြိုင်နက်ရအောင် လုပ်နိုင် ခဲ့ကြ၏။ စာရင်းကိုင်ပညာ (Accounting) သည် စာရင်းသိုထားခြင်း (Bookeeping) အဆင့်မှ ခွဲခြမ်း စိတ်ဖြာခြင်းနှင့် ထိမ်းချုပ်ခြင်းအဆင့်သို့ ရောက်ရှိလာ၏။ စာရင်းအင်းဗေဒ (Satatistics) ကိုလည်း အဓိပ္ပါယ်ဖွင့်ဆိုဘို့ (Definition), အဖြေထုတ်ဖို့ (Diagnosis) အဖြစ် အသုံးချလာနိုင်ကြ၏။ (Marketing) အရောင်းအဝယ်ပညာ၌လည်း ဖြန်ချိခြင်းနှင့် ရောင်းချခြင်း (Distribution & Selling) မှ ပညာရပ် တစ်ခု ပေါ်ပေါက်လာခဲ့၏။

စီမံခန့်ခွဲမှုဆိုင်ရာ နည်းနာနိဿယသစ် တီထွင်ဆန်းသစ်မှုများကြောင့် ယင်းပညာရပ်များ ပေါ်ပေါက် လာခဲ့ရပေ၏။
“Working harder is replaced with working smarter” 
ပင်ပင်ပန်းပန်းလုပ်ကိုင်ရခြင်းမှ စမတ်ကျကျလုပ်ကိုင်ခြင်း ကို ပြောင်းလဲ ခဲ့သည်ဟု ဖရက်ဒရစ်တေလာ က စီမံခန့်ခွဲမှုနှင့် စပ်လျှင်း၍ ပြောခဲ့ဖူး၏။

ဒုတိယကမ္ဘာစစ်ကြီး ပြီးသောအခါ စီမံမှုပညာသည် စီးပွားရေးနယ်ပယ် တစ်ခုတည်း၌သာ မကတော့ဘဲ လူများစုပေါင်း လှုပ်ရှားကြသည့် နယ်ပယ်တိုင်း၌ ရောက်ရှိလာခဲ့၏။ ဥပမာ ဆေးရုံ တက္ကသိုလ် အနုပညာ သုခုမ နိင်ငံရေး ဘာသာရေး လူမှုရေးအသင်းအဖွဲ့တိုင်းလိုက စီမံခန့်ခွဲမှုပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချလာကြ၏။ ထိုအပြင် ပညာရှင်တို့သည် စီမံခန့်ခွဲမှုပညာကို အောက်ပါအတိုင်း သုံးသပ်ပြော ဆိုကြ၏။

(၁) စီမံမှုပညာသည် လူတို့၏အကြောင်းပညာဖြစ်၏။ ထိုပညာကို စုစည်းပေါင်းစပ်ပြီး အလုပ်လုပ် လို့ဖြစ်အောင် လုပ်ပေးသည့် အတတ်, အင်းအားများကို ထိရောက်အောင် သုံးပြီး အားနည်းချက်များ ကို ပြေပျောက်စေသော အတတ်ဟုဆို၏။

(၂) စီမံခန့်ခွဲမှုအတတ်သည် လူအများကိုပေါင်းစည်းပြီး အလုပ်လုပ်တတ်အောင်သင်ပေးသော ပညာ ဖြစ်သောကြောင့် လူအများ၏ ဓလေ့ ယဉ်ကျေးမှု(Culture) ကိုလည်းနားလည်ရ၏။

(၃) အဖွဲ့အစည်းတိုင်းသည် ရည်ရွယ်ချက်ခြင်းတူအောင် တန်ဘိုးခြင်းတူအောင် မလွယ်လှသော်လည်း ပညာတတ်အများစုကို စုစည်းပြီး အဖွဲ့စည်းထဲ၌ နေရာချကာ အပေးအယူမျှမျှတတဖြင့် ရည်မှန်းချက် တစ်ခု ရောက်အောင်လေ့ကျင့် ပျိုးထောင်ယူရ၏။ ထိုကြောင့် အဖွဲ့စည်းတိုင်း၌ တူညီသောပန်းတိုင် တူညီသောအသံ တယညီသော တန်ဘိုးရှိဘို့ အထူးလိုအပ်၏။ ထိုသို့မရှိလျှင် ယင်းအဖွဲ့အစည်းသည် ဝရုန်းသုန်းကား ဗရမ်းဗတာနိုင်သော အဖွဲ့အစည်းဖြစ်ပေလိမ့်မည်။

 (၄) လိုအပ်ချက် လိုအင်များ ပြောင်းလဲလာသည်နှင့်အမျှ လေ့ကျင့်ခြင်း သင်ကြားခြင်းကို အဆင့်တိုင်း၌ ထည့်သွင်းတည်ဆောက်ရမည်ဟူ၏။ ဘယ်သောအခါမှ မဆုံးနိုင်သော လေ့ကျင့်သင်ကြားမှုမျိုးလိုအပ်၏။

(၅) အဖွဲ့အစည်းအသီးသီးတို့၌ ကျွမ်းကျင်မှုမတူ ပညာရပ်ခြင်းမတူဘဲ လူသားတို့သည် ဆိုင်ရာဆိုင်ရာ အလုပ်မျိုးစုံကို ပြုလုပ်နေကြရ၏။ ထို့ကြောင့် ဆက်သွယ်မှု (Communication) အပေါ်၌ အဖွဲ့အစည်းကို တည်ဆောက်ယူရ၏။ တစ်ဦးခြင်း တာဝန်ယူမှု (Responsibility), တာဝန်သိတတ်မှု (Accountability), အပေါ်၌လည်း တည်ဆောက်ယူရ၏။ အဖွဲ့၏ ရည်ရွယ်ချက် အောင်မြင်ဘို့ မိမိလိုအပ်ချက်ကို အခြားသူက ကူညီပေးခြင်း အခြားသူ၏လိုအပ်ချက်ကို မိမိက လုပ်ပေးခြင်းဖြင့် အပြန်အလှန် နားလည်မှုတည်ဆောက် ယူရ၏။

(၆) အမြတ်အစွန်းသည် လုပ်ငန်းတစ်ရပ်၏ ပေတံဖြစ်သော်လည်း ထိုပေတံတစ်ခုတည်းဖြင့် မလုံလောက်ပေ ။ အဖွဲ့အစည်းသေမသွားစေရန် အဆက်မပြတ်လည်ပတ်နိုင်ရန် ယင်း၏ အခြေအနေ တီထွင်ဆန်းစစ်မှု လူအရင်းအမြစ် ဖွင့်ဖြိုးမှု စသော ရှိသင့်သည့် အရည်အသွေးများလည်း လိုအပ်၏။ အဖွဲ့အစည်းတိုင်း၌ ဆန်းစစ်သောပေတံကိုလည်း တပ်ဆင်ဖို့လိုအပ်၏။

အဖွဲ့စည်းတိုင်း၌ အောင်မြင်မှုရလာဒ်(Result) သည် outside (အပြင်ဘက်) မှာပင် ရှိ၏။ ဥပမာ စာသင်ကျောင်းတစ်ကျောင်း၏ ရလာဒ်သည် အလုပ်-လုပ်တတ်အောင် သင်ကြားတတ်မြောက်သွား သည့် ကျောင်းသား ပင်ဖြစ် ၏။ ဆေးရုံ၏ရလာဒ်သည် ရောဂါပျောက်ကင်းသွားသော လူနာပင်ဖြစ်၏။

စီးပွားရေးလုပ်ငန်းတစ်ခု၏ ရလာဒ်သည် ကျေနပ်လောက် သည့် ဖောက် သည် များပင်ဖြစ်၏။ ဘာသာရေးလုပ်ငန်း၏ ရလာဒ်သည် ဗဟိဒ္ဓခေါ်သည့် အန္တိမပန်းတိုင် နိဗ္ဗာန်, လွပ်မြောက်ချမ်းသာ ရမှုတို့ပင်ဖြစ်၏။

ထိုကဲ့သို့သော ရလာဒ်ကောင်းများကို ပြင်ပမှာပင် အဖွဲ့အစည်းနှင့် တာဝန်ရှိခေါင်းဆောင်ကောင်းများ ရှာဖွေကြရ၏။ ထို့ကြောင့် အဖွဲ့အစည်းတိုင်း၌ လုပ်ငန်းဆောင်တာများနှင့် အဆင်ပြေနိုင်သည့် စီမံခန့်ခွဲမှု နည်းသစ် စနစ်သစ်များ အမြဲလိုအပ်နေ၏။

လုပ်ငန်းဆောင်တာများ အောင်မြင်ရန် ဦးဆောင်သူများအနေနဲ့ အတွေးအခေါ် ပညာ ဗဟုသုတ အများကြီးရှိရန်လို၏။

ပညာဟူရာ၌
အကြောင်းအကျိုးကို စိစစ်ခြင်း (Reasoning), သင့်တော်သော ဝေဖန်ဆန်းစစ်ခြင်း (proper critique),
 စူးစမ်းခြင်း (Investigation),
စီမံကိန်းအတွက် သီတင်းအချက်အလက် စုဆောင်းခြင်း (Collection of Dat & Information),
ပုံထုတ်ခြင်း (Designing),
စီမံချက်ချခြင်း (Planing),
ခန့်မှန်းတွက်ချက်ခြင်း (Estimation),
တည်ဆောက်ခြင်း (Construction),
လည်ပတ်ခြင်း (Running),
လုပ်ငန်းကိစ္စအားလုံးကို အကျိုးသက်ရောက်မှု ရှိ-မရိ ပြန်လည်သုံးသပ်ခြင်း (Evaluation of result),
အကျိုးသက်ရောက်မှုမရှိလျှင် စီမံကိန်းအသစ်ပြုလုပ်ခြင်း (Replaning),
 ပြန်လည်လေ့လာသုံးသပ်ခြင်း (Reobservation),
လုပ်ငန်းကိစ္စအသစ်တဖန် ပြုလုပ်ခြင်း (Reconstruction),
စသည်တို့ ပါဝင်၏။

ထို့ကြောင့် ခေါင်းဆောင်ကောင်းများအနေဖြင့် အချက်အလက် အဖြစ်အပျက်များကို အကြောင်းအရာ အားလျှော်စွာ စနစ်တကျ ကြိုတင်ပြင်ဆင် လေ့ကျင့်ထားကြရမည်ဖြစ်၏။ လုပ်ငန်းပြင်ပ အပြောင်းအလဲ များကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်ဖို့လို၏။ဦးဆောင်သူခေါင်းဆောင်ကောင်းတစ်ယောက် သည် ဖြစ်ပေါ်လာသည့် ပြဿနာများကို ဘယ်သောအခါမှ ဘော်လီဘော ပုတ်သလို မပြုလုပ်သင့်ပေ။

တာဝန်ယူတတ်ခြင်း (Accountabality), သည် ခေါင်းဆောင်ကောင်း တစ်ယောက်၏ အရည်အချင်း တစ်ရပ်ပင်ဖြစ်၏။ ခေါင်းဆောင်ကောင်း တစ်ယောက်သည် “ငါဘာတတ်နိုင်မှာလဲ” ဟူသည့်စကားထက် “ကျွန်တော်တို့ အားလုံးစုပေါင်း ကြိုးစားရအောင်” ဟူသောစကားကိုသာ ပိုမိုသုံးစွဲတတ်ကြ၏။

သို့အတွက် ယနေ့ကာလ အပြိုင်ခေတ်ကြီး၌ ခေါင်းဆောင်ကောင်းတို့သည် တစ်ကမ္ဘာလုံး အတိုင်းတာနှင့် ထည့်သွင်းစဉ်းစားတတ်ဘို့ အထူးလိုအပ်၏။ ထိုပြင် ခေါင်းဆောင်သူသည် မိမိကိုယ်ကို ရိုးသားဖြောင့် မတ်ရမည့်အပြင် အခြားသူတို့အပေါ်၌လည်း ရိုးသားဖြောင့်မတ်ဘို့လို၏။ ရိုးသားမှုဖြင့် ကိုယ့်ကိုယ်ကို ဦးဆောင်နိုင်သလို အခြားသူများအတွက်လည်း အတုယူအားကျ စံပြ ဖြစ်ဘို့လို၏။

လူ့အဖွဲ့စည်းတိုင်းဝယ် မိရိုးဖလာသမားများနှင့် စွန့်ဦးသမားများ ဟု နှစ်မျိုးရှိတတ်၏။ မိရိုးဖလာသမား အများစုသည် “အဖေတို့ခေတ် အဘတို့ခေတ်” က ဟု တွင်တွင်ကြီးပြောဆိုတတ်ကြပြီး စွန့်ဦးသမားတို့ကမူ “ကျွတ်တော်တို့ခေတ်မှာ” ပြောဆိုတတ်ကြ၏။ မိရိုးဖလာသမားတို့သည် အတွေ့ကြုံဟောင်း အတွေးခေါ်ဟောင်း တို့ကို အခြေခံပြီး ပစ္စုပ္ပန်ကိုလည်ပတ်ကြ၏။

စွန့်ဦးသမားတို့ကမူ ယင်းပစ္စုပ္ပန်ကိုမူတည်ပြီး အနာဂတ်ကို ဖန်တီးတတ်ကြ၏။ စွန့်ဦးသမားတို့သည် လုပ်ငန်းကိစ္စဆောင်ရွက်ရာ၌ အန္တရာယ်များနိုင်သလို အကျိုးအမြတ်လည်း များနိုင်၏။ သို့သော် အဖွဲ့စည်းထဲ၌ မိရိုးဖလာ ရှေးရိုးသမားတို့များလျှင် တချို့ကိစ္စတို့၌ တိုးတက်မှုနှေးကွေးတတ်၏။

ထို့ကြောင့် တိုးတက်ချင်သည့် အဖွဲ့စည်းတိုင်း၌ စွန့်ဦးသမားများများ မွေး ထုတ်ပေးနိုင်ဘို့ အထူးလိုအပ်၏။ ထိုစွန့်ဦးသမားတို့သည် အများအားဖြင့် အပြောင်းအလဲများကို ရင်ဆိုင်ဖြေရှင်းနိုင်သည့်   ခေါင်းဆောင်ကောင်း များဖြစ်ကြ၏။ သို့သော်ထိုစွန့်ဦးသမားတို့သည် ရေရှည် မှာ ခေါင်းဆောင်ကောင်း ပီသဘို့အတွက် မိမိတို့ဖောက်ခဲ့သည့်လမ်းကို မိမိတစ်ယောက်, မိမိနီးစပ်ရာအသိုင်းအဝိုင်းလောက်တွင် မလျှောက်လှမ်းဘဲ တနည်းဆိုရသော် မစွန့်ဘဲ မစားဘဲ လူအများနှင့် ပြိုင်တူ လျှောက်လှမ်း နိုင်ပါမှ မိမိတို့ ဖော်ဆောင်ခဲ့သည့် လမ်းကြောင်းသည်လည်း မှန်ကန်ကောင်းမွန်မည်ဖြစ်၏။

လူအတော်များများသည် ဦးဆောင်သူ၏ အခွင့်အရေးလောက်ကိုသာ ကြည့်ပြီး ဦးဆောင်သူဖြစ်ချင်ကြ၏။ သို့သော် ဦးဆောင်သူ၏ တာဝန်ယူမှုကိုတော့ တစ်ခါတရံ သတိမမူမိကြ။ မမြင်မိကြပေ။ တကယ့်ခေါင်းဆောင်ကောင်း တို့သည် တာဝန်ယူဘို့ လိုအပ်လာလို့ ဦးဆောင်ရင်းဖြင့် ဦးဆောင်သူ၏ဘဝ ရောက်ရှိလာကြသည်လည်းရှိ၏။

ထိုသူတို့သည် မိမိတို့၏ အခန်းကဏ္ဍကို ဘယ်နေရာမှာပင်ဖြစ်ပါစေ အရေးပါသည့် နေရာရောက်အောင် အချိန်နှင့်အလုပ်ကို အကျိုးရှိရှိအသုံးချခြင့်းဖြင့် ကြီးကျယ်မြင့်မားအောင် လုပ်ဆောင်နိုင်ကြ၏။ ထိုခေါင်းဆောင်ကောင်းတို့၏ နှတ်ဖျားက ဘယ်သောအခါမှ “အခြေအနေ မပေးလို့ပါ” ဟူသော စကားမျိုး ထွက်ကျ မလာတတ်ပေ။ ထိုသူတို့သည် self-management ခေါ် မိမိကိုယ်ကို ယုံကြည်ချက် အပြည့်နှင့် စီမံခန့်ခွဲနိုင်စွမ်းရှိကြ၏။

 ထို့ကြောင့်ပင်ထိုသူတို့သည် အောင်မြင်သည့်ခေါင်းဆောင်ကောင်းများဖြစ်လာကြ၏။ အကျွန်ုပ်တို့ ရဟန်းတော်များသည်လည်း အောင်မြင်သော သာသနာပြု ပုဂ္ဂိုလ်များဖြစ်အောင် သာသနာအရေးများ ကမ္ဘာနှင့် ရင်ဘောင်တန်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် Leadership ခေါ် ခေါင်းဆောင် မှုပညာနှင့် Management ခေါ် စီမံခန့်ခွဲမှုပညာရပ်များကို ကြိုးစားလေ့လာ သင်ယူကြပါစို့။


Written by အမေ့သားလှ