Sunday, July 14, 2013

အလင်းရောင်


ဖယောင်းတိုင်ဂယက်လှိုင်းတစ်ခုကိုအကြောင်းပြု၍ ဘုရားဟောပိဋကတ်တော်မှာ အလင်းရောင်နှင့် ပတ်သက်၍ ရှာဖွေကြည့်မိသည်။ အလင်းရောင်ကို ဘုရားဟောပိဋကတ်မှာ သြဘာသ ဟု  လာသည်။ အလင်းရောင်အကြောင်းကို အဂုၤတ္တရနိကာယ်၊ သြဘာသ သုတ်တော်မှာတွေ့ရသည်။



          ဤသုတ်တော်၌ အလင်းရောင်ကို လေးမျိုးပြထားသည်ကိုတွေ့ရသည်။ အဲဒါတွေကတော့…..

၁။ နေအလင်းရောင်။
၂။ လ အလင်းရောင်။
၃။ မီးအလင်းရောင်။
၄။ ပညာအလင်းရောင် ဆိုတာတွေပါ။





ဤလေးမျိုးတို့တွင် ပညာအလင်းရောင်သည်သာ အမြတ်ဆုံးဟု မြတ်စွာဘုရားရှင်မိန့်မြွက်ထားသည် ကိုလည်းတွေ့ရသည်။



          နေအလင်းရောင်သည် နေထွက်သည်မှစ၍ နေဝင်သည့်တိုင်အလင်းရောင်ဖြန့်ကြက်ပေးသည်။

 နေရောင်ခြည်အစွမ်းကြောင့် သစ်ပင်ပန်းမလ်များ လန်းဆန်းရပေသည်။ သဘာဝပတ်ဝန်းကျင်တို့ သာသာ ယာယာရှိရသည်။ နေအလင်းရောင်သည် လောကကြီးအတွက် မရှိမဖြစ်လိုအပ်သော အလင်း ရောင် တစ်ခုဖြစ် သည်။



          လရောင်သည်လည်း လဆန်းမှစ၍ လကွယ်တိုင်အလင်းတန်းများထွန်းလင်းပေးလျှက်ရှိသည်။ လရောင်ကြောင့် ကုမုဒြာကြာပန်းတို့ပွင့်ရသည်။ လောကလူသားတို့စိတ်များအေးချမ်းရသည်။ လရောင် အရိပ်အောက်မှာကလေးတို့ပျော်ရွှင်ကြရသည်။လအလင်းရောင်အောက်သည်ဘုရားဇာတ်ဝတ္ထုများ၊ ရိုးရာ ပုံပြင် တို့လက် ဆင့်ကမ်းရာတစ်ခုဖြစ်ရသည်။



          မီးအလင်းရောင်ကတော့ဉာဏ်ရှိလျှင် ဉာဏ်ရှိသလောက် တွင်ကျယ်သော အရောင်လင်းဖြစ် သည်။ လ ကမ္ဘာပေါ်ရောက်ရခြင်း၏ အခြေခံလိုအပ်ချက်သည် မီးအလင်းရောင်ဖြစ်သည် ဟုဆိုလျှင် မည်သူ မျှငြင်းနိုင် လိမ့်မည်မဟုတ်ပါ။ မီးအလင်းရောင်အစွမ်းသည် အကောင်းဘက်မှာရော အဆိုး ဘက်မှာလည်း မရှိမဖြစ်လိုအပ်ချက်တစ်ခုအဖြစ်ရှိနေပေသည်။ ထောင်သောင်းသိန်းသန်းမကသော သတ္တဝါ များသေကြေစေနိုင်သော လက်နက်များထုပ်လုပ်ကြရာ၌လည်း မီးမပါလျှင်မပြီးနိုင်။



အနောက် ကမ္ဘာမှာဖြစ်ပျက်နေသည်ကို အင်တာနက်တစ်ချက်လောက်ခေါက် ကြည့်ရုံဖြင့်သိနိုင်သည်မှာ လည်း ဤမီးအစွမ်းကြောင့်သာဖြစ်သည်။ တရားဓမ္မများဟောကြားခြင်း၊ ငြိမ်းချမ်းရေးစကား များပြောကြား   ခြင်းမှာလည်း မီးအလင်းရောင်သည် အခြေခံလိုအပ်လျှက်ရှိပေသည်။



          မည်မျှပင်တိုးတတ်သောနိုင်ငံဖြစ်ပါစေ ထိုနိုင်ငံထဲမှ မီးအလင်းရောင်ကို ဖယ်ထုတ်လိုက်မည် ဆိုပါက တန်းတူနိုင်ငံတို့ ကျော်တတ်ခြင်းကို မုချခံရမည်သာဖြစ်သည်။ တိုးတတ်ဖို့အားယူနေသော နိုင်ငံဆိုလျှင်ဖြင့် မီးအလင်းရောင်မည်မျှလိုအပ်မည်ကို ပြောစရာပင်လိုမည်မဟုတ်ပေ။ ဆိုတော့ မီးအလင်းရောင်သည် အရာဝတ္ထုဟူသမျှကို ခဏတွင်းမှာ ပြောင်းလဲစေနိုင်သော အစွမ်းသတ္တိ ရှိနေတော့သည်။



          ထို့ကြောင့်မီးအလင်းရောင်သည် အသာဆုံးအမြတ်ဆုံးဟုထင်စရာရှိသည်။ သို့သော် တိုးတတ်မှု့၏ အခြေခံအကြောင်းဖြစ်သော မီးအလင်းရောင်ကို မည်သို့မည်ပုံအသုံးချရမည် ဆိုသော အကြောင်းအရာ လည်း လိုအပ်လာပေတော့သည်။ မသုံးတတ်ပါက ဘေးဥပါဒ်အန္တရာယ်တို့နဲ့ တွေ့ရမည်ဖြစ်သည်။ အလွဲကို အသုံးချပါက တတိယ ကမ္ဘာစစ်တောင်ဖြစ်နိုင်သည်။ မီးအလင်းရောင်ကို ထိန်းချုပ်ဖို့လိုအပ်လာပေတော့ သည်။အဲဒါကတော့ပညာအလင်းရောင်ဖြစ်သည်။



ပညာအလင်းရောင်နှင့်ထိန်းချုပ်နိုင်မှသာလျှင် အလှတရားတို့ဝေဆာနေမည်ဖြစ် သည်။သို့မဟုတ်ပါက အကျည်းတန်သွားပေလိမ့်မည်။ ပညာမြင့်ရင်မြင့်သလောက် ကမ္ဘာလောကကြီးလှပမည်ဖြစ်သည်။

          ပညာအလင်းရောင်ဆိုသည်မှာ ဂုဏ်ပုဒ်တစ်ခုမျှဖြစ်သည်။ ဂုဏ်ပုဒ်တို့မည်သည် မှီရာဒြဗ်နှင့် ကင်း၍ ရသည်မဟုတ်။ ဂုဏ်၏မှီရာ ဆိုသည်မှာ လူပင်ဖြစ်တော့၏။ ဂုဏ်၏မှီရာလူဆိုမှတော့ သာမန်တော့မဖြစ်နိုင်။ အရည်အချင်းရှိသောလူသာဖြစ်ရမည်။ ပါဠိတော်များ၌ လူကို မနုဿ ဟု ပြသည်။



လူ လို့ခေါ်တာကို ပေတံနှစ်ချက်နှင့် ရှင်းပြထားသည်။ ဒါတွေကတော့ (အတ္ထာနတ္ထံ မနတိ ဇာနာတီတိ မနုသော) အကျိုးရှိသည် မရှိသည်ကို ခွဲခြားသိတတ်လို့လူ လို့ခေါ်တယ်တဲ့။ (ဥပမာ-မဂ္ဂါဝဂ်မည်မျှရောင်းရင် ကိုယ့်နိုင်ငံအတွက်အကျိုးရှိသည် မရှိသည်ကို ခွဲခြားတတ်ခြင်းမျိုးပေါ့)။ နောက်တစ်ခုက (ကာရဏာကာရဏံ မနတိ ဇာနာတီတိ မနုဿော) အကြောင်းဟုတ်သည် မဟုတ်သည်ကို ခွဲခြားသိတတ်လို့လူ လို့ခေါ်ပါသတဲ့။ (ဥပမာ- လျှပ်စစ်မီးတွေရောင်းစားလိုက်ရင် ကိုယ့်နိုင်ငံ တိုးတတ် ကြီးပွားခြင်းအကြောင်း ဟုတ်မဟုတ် ဆိုတာကို ခွဲခြားသိတတ်ခြင်းမျိုးပေါ့)။



          ဒီတော့လူမှာလည်း  မရှိမဖြစ်ရှိရမည့် အချက်နှစ်ချက်ရှိသည်။ ဤအကြောင်းအရာကို သီလက္ခန္ဓ ပါဠိတော် သောဏဒဏ္ဍသုတ်တော်မှာ မြတ်စွာဘုရားရှင်က အတိအလင်းမိန့်ထားသည်။ သီလပညာနဉ္စ ပန လောကသ္မိ ံ အဂ္ဂမက္ခာယတိ=လောကမှာ သီလနှင့်ပညာသာလျှင်အမြတ်ဆုံး ဟုမိန့်တော်မူထားသည်။ ဆိုတော့ ခေါင်းဆောင်နောက်လိုက် အသီးသီးမှာ ရှောင်ကြဉ်ရသော သီလ၊ လိုက်နာပြုကျင့်ရသော သီလ နှင့် ပညာတို့လိုအပ်လာသည်။



သီလမှာအပိုင်းနှစ်ပိုင်းတွေ့ရသည်။ တစ်ပိုင်းက ရှောင်ကျဉ်ပါ့မယ်လို့ အာမခံပြီဆောက်တည်ရသော ဝါရိတ္တသီလနှင့် အမျိုးဘာသာ သာသနာတော်အတွက်ပြုကျင့်လိုက်နာရသော စာရိတ္တသီလ ဟုနှစ်ပိုင်းတွေ့ ရသည်။ မိသာစုတစ်ခုမှာ ဖခင်ကလည်း ဖခင်ရဲ့တာဝန်ဝတ္တရားတွေ၊ မိခင်ကလည်း မိခင်ဝတ္တရား စသောသိင်္ဂါလောဝါဒသုတ်လာ ဝတ္တရားတို့ကို လိုက်နာကျင့်သုံးရပေမည်။ ဤကျင့်ဝတ် တို့သည် ဖြည့်ကျင့် ရသော သီလတို့ဖြစ်သည်။



လူဆိုသည်မှာ အသိုင်းနှင့်အဝိုင်းနှင်နေသောသူများ ဖြစ်သည်။ ထို့ကြောင့်အများနှင့် ဆိုင်သောလုပ်ငန်း များ(ပရဟိတ)လုပ်ငန်းများကိုလည်းဖြည့်ကျင့်ကြရမည်သာဖြစ်၏။သို့မှသာမိမိ မိသားစုနှင့် မိမိပတ်ဝန်း ကျင်သာယာစိုပြေရှိမည်သာဖြစ်၏။ထို့အတူနိုင်ငံကိုအုပ်ချုပ်သောမင်းတို့သည်လည်းထကြွနိုးကြား၊ သနားသည်းခံ၊ ဝေဘန်ကြည့်ရှု့၊ ဤခြောက်ခု ကြီးသူကျင့်အပ်စွာ၊ ဆိုသောဝတ္တရားများကို လိုက်နာကျင့်သုံးရမည်ဖြစ်သည်။ကိုယ်ကျင့်သီလ စောင့်ထိန်းပြီး တိုင်းပြည်အကျိုး ၊ လူမျိုးအကျိုး ၊ဘာသာသာသနာအကျိုးတို့လို့ဆိုရသော ပရဟိတသီလများကိုလည်း စောင့်ထိန်းရမည်သာ ဖြစ်သည်။



ဝါရိတ္တသီလ-ရှောင်ကြဉ်ရသောသီလသည် သံသရာကိုလှစေသည်။ စာရိတ္တသီလ-လိုက်နာပြုကျင့် ရသော(ပရဟိတသီလ) သည် ပစ္စုပ္ပန်ရောတမလွန်ပါ လှပစေသည်။ပညာကိုတော့ ပကာရေန   ဇာနာတီတိ ပညာ -အပြားအားဖြင့်သိတတ်လို့ မိန့်တော်မူသည်။ ကွဲကွဲပြားပြားသိတက်ခြင်းပေါ့။ မန္တလေး သာသန တက္ကသိုလ် ဓမ္မသဘင်မှာ သီတဂူဆရာတော်ဘုရားကြီး မိန့်တော်မူသော သြဝါဒများကို လည်း ပြန် ကြားယောင် မိသည်။



ပညာမဲ့ပြီး သီလလုံရင် သူတော်ကောင်းလူအ။
ပညာတတ်ပြီး သီလမလုံရင် ပညာတတ်လူမိုက်။



ဒါကြောင့်ပညာလည်းတတ်အောင်ကြိုးစားကြ၊ သီလလည်းလုံအောင်ကြိုးစားကြ။ ဆိုတာကိုပါ။

တန်ဖိုး မဖြတ်နိုင်သော သြဝါဒဖြစ်သည်။ အားလုံးလိုက်နာရမည့် သြဝါဒဖြစ်သည်။ထို့ကြောင့် ပညာ  သည်  သာအကောင်းဆုံးအလင်းရောင်ဖြစ်သည် ဟူသည့်အတိုင်း ကိုယ်စီကိုယ်စီ မိမိပတ်ဝန်းကျင် အတိုင်းတာမှ သည် စွမ်းနိုင်သည့်တိုင်အောင်ထမ်းဆောင်ရမည်သာဖြစ်သည်။ အကောင်းဆုံးသောအလင်းရောင်ကို သီလတည်းဟူသော အဆင်းတန်ဆာတို့ဖြင့် အလှပြင်ကြရမည်သာဖြစ်သည်။


အကောင်းဆုံးပညာအလင်းရောင်ဖြင့်၊ပရဟိတ(စာရိတ္တသီလ)တည်းဟူသောအလှတရားများဖြင့် ဖယောင်တိုင် မီးများအမြန်ဆုံးငြိမ်းနိုင် ကြပါစေ…..ပရဟိတအလှတရားဖြင့်၊ပညာရေးဖြင့် ခေတ်မီ ဖွိ့ဖြိုး တိုးတက်သောနိုင်ငံတော်သစ်ကြီး တည်ဆောက်အံ့ ဆိုသော ဆောင်ပုဒ်ကို နှလုံး သားဖြင့်ကြွေးကြော်နိုင်  ကြပါစေသတည်း…..။



အားလုံးကျန်းမာချမ်းသာကြပါစေ……….



မိုးညွတ်ခ

Subscribe Us